Monday, July 25, 2011

ဆွေးနွေးပွဲ အကြောင်း ပြည်သူများကို ဒေါ်စု ရှင်းပြသင့်

ရိုင်မရော့ - မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရသစ် အလုပ်သမားဝန်ကြီးတို့၏ တွေ့ဆုံဆွေးနွေးမှု အသေးစိတ်ကို ပြည်သူများထံ အသိပေး ဆွေးနွေးမှု မရှိပါက အကျိုးရလာဒ်ကောင်းများ ထွက်ပေါ်နိုင်မည် မဟုတ်ကြောင်း မွန်နိုင်ငံရေးခေါင်းဆောင်များက ပြောသည်။

 ဒေါ်အောင်ဆန်းစုကြည် ( ဓာတ်ပုံ - အင်တာနက် )

ဒေါ်အောင်ဆန်းစုကြည် ( ဓာတ်ပုံ - အင်တာနက် )

မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက က “ပြည်သူတွေရဲ့ဆန္ဒ လိုအပ်ချက်တွေကို ပြည်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးရင် ပြည်သူတရပ်လုံး သိအောင် ရှင်းပြ၊ အဲဒါမှ အကျိုးရှိနိုင်မှာ။ ပြည်သူတွေသိအောင် ဘာမှမရှင်းပြ ဒီအတိုင်း တိတ်ဆိတ်သွားရင်တော့ ဘာမှထူးလာမှာ မဟုတ်ဘူး”ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမား ၀န်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ ယနေ့ ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာ၌ မွန်းလွဲ ၁ နာရီမှ ၂ နာရီ ၁၀ မိနစ် အထိ တွေ့ဆုံ ဆွေးနွေးသည်။ ဆွေးနွေးသည့် အကြောင်းအရာသေးစိတ်ကိုမှု မသိရှိရပေ။

အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် ယခု တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်ကို ဦးအောင်ကြည်က သတင်းထောက်များသို့ ဖတ်ပြခဲ့သည်။

ယင်းထုတ်ပြန်ချက်၌ တရားဥပဒေ စိုးမိုးရေး၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးနှင့် အများပြည်သူ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို ဆွေးနွေးကြကြောင်း၊ သင့်လျော်သော ရက်တွင် ထပ်မံဆွေးနွေးရန် သဘောတူညီမှုလည်း ပါရှိကြောင်း၊ တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်ပြီး ၂ ဘက်စလုံးက အပြုသဘောရှုမြင်၍ ကျေနပ်အားရမှုရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။

“ရလဒ် မထွက်ဘူးလို့ ပြောလို့မရပါဘူး။ယခင် ၉ကြိမ် ကျနော်တို့ တွေ့ဆုံခဲ့ပြီးကြပါပြီ။ အခု တွေ့ဆုံမှုကတော့ အဲဒီရလဒ်များဖြင့် ပိုမိုကောင်းမွန်တဲ့ရလဒ် ထွက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဦးအောင်ကြည်က သတင်းထောက်များအမေးကို ပြန်လည်ဖြေကြား ခဲ့သည်ဟုလည်း ဦးအုန်းကြိုင်က ပြောပြသည်။

မွန်ပြည်နယ်အတွင်းရှိ မွန် နိုင်ငံရေးသမားဟောင်း တစ်ဦးက “အရင်က တွေ့ဆုံဆွေးနွေးခဲ့တာတွေကို ဒေါ်စုဘက်ကရော အစိုးဘက်ကရော ဘာမှထုတ် ဖော် ပြောဆိုတာမရှိဘူး၊ ပြည်သူကို ဘာမှ အသိပေးတာမျိုးမရှိဘူး၊ အဲဒါ ဘာအကျိုးရှိမှာလဲ၊ အခုလည်း အဲဒီလိုပဲလာမှာပါ”ဟု ပြော သည်။

ယခု တွေ့ဆုံဆွေးနွေးမှုသည် နိုင်ငံတကာ ဖိအားပေးမှုများ လျော့သွားစေရန် ဟန်ပြ တွေ့ဆုံဆွေးနွေးခြင်းသာ ဖြစ်သည်ဟုလည်း ၄င်းက ဆိုသည်။

အစိုးရသစ်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ယခုတွေ့ဆုံမှုမှ နိုင်ငံရေး ပြောင်းလဲမှုတချို့ရှိနိုင်သည်ဟု လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် မွန်ပြည်သစ်ပါတီက ပြောသည်။

“ပြောင်းလဲမှုတချို့တော့ ရှိလာမယ်လို့ မျှော်လင့်တယ်၊ ဒါပေမယ့် သိပ်ပြီး ထူးခြားလိမ့်မယ်လို့ မထင်ဘူး”ဟု မွန်ပြည်သစ်ပါတီ ဗဟို အလုပ်မှုဆောင် တစ်ဦးက ပြောသည်။

၂၀၀၇ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်ထိ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ ၉ ကြိမ်တွေ့ဆုံခဲ့ပြီး အစိုးရသစ် တက်လာပြီး နောက် ပထမဆုံးအကြိမ်အဖြစ် ယခု တွေ့ဆုံခြင်းဖြစ်သည်။

ဦးအောင်ကြည်သည် ယခင် စစ်အစိုးရလက်ထက်က ဆက်ဆံရေး ၀န်ကြီး အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သော်လည်း ယခု တွေ့ဆုံရာတွင်မည်သည့် တာဝန် အဆင့်ဖြင့် တွေ့ဆုံသည်ကို ရှင်းလင်းစွာမသိရှိရပေ။

ဒေါ်အောင်ဆန်းစုကြည်က အများပြည်သူ ကောင်းကျိုးဖြစ်စေမည်ဆိုလျှင် မည်သူနှင့်မဆို ဆွေးနွေးရန် အသင့်ရှိကြောင်း ပြောဆို သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် ပူးတွဲကြေညာချက်ထုတ်

ရန်ပိုင် Monday, 25 July 2011 17:11 copy from ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်သမား ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန နှစ်ဌာန ၀န်ကြီး ဦးအောင်ကြည်နှင့် ယနေ့နေ့လည် ၁ နာရီခန့်က စိမ်းလဲ့ကန်သာ အစိုးရဧည်ဂေဟာတွင် ၁ နာရီကျော်ကြာ တွေ့ဆုံသည်။

dassk-aung-kyi-july-25-11
၁ နာရီနှင့် ၁၀မိနစ်ကြာမြင့်သည့် ထိုဆွေးနွေးပွဲအပြီးတွင် နှစ်ဘက်တွေ့ဆုံမှုနှင့်ပတ်သက်၍ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်ကို ၀န်ကြီး ဦးအောင်ကြည်က ဖတ်ပြခဲ့ရာ ဆွေးနွေးပွဲကို နှစ်ဘက်စလုံးက အပြုသဘောရှုမြင်ပြီး အားရကျေနပ်ကြောင်း၊ ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးကြကြောင်း၊ တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးကိစ္စ၊ အများပြည်သူ အကျိုးဖြစ်ထွန်းရေး ကိစ္စများလည်းပါ ၀င်သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးပွဲနှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာ “ကျမတို့က တိုင်းပြည်နဲ့လူမျိုး အကျိုးရှိမယ်ဆိုရင် အဆင်သင့်ပါပဲ” ဟု ပြောဆိုကြောင်း ပြည်တွင်းအခြေစိုက် ဧရာဝတီသတင်းထောက်က ပြောသည်။

နှစ်ဘက်စလုံး၏ ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ကောင်းမွန်သောရလဒ်ဖြစ်ကြောင်း ပြောဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် အကြား နွေးထွေးသော ဆက်ဆံရေးကို မတွေ့ရဘဲ နှစ်ဦးစလုံး၏ မျက်နှာမှာ အနည်းငယ်တင်းမာနေပြီး ပြုံးရွင်သည့် အမူအယာများ မတွေ့ရကြောင်း သတင်းစာရှင်းလင်းပွဲ တက်ရောက်သည့် သတင်းထောက်များက ဆိုသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ဆွေးနွေးပွဲ ရလဒ်ကို ကြိုဆိုကြောင်း၊ တိုင်းပြည်နှင့် လူမျိုးအတွက် ဆွေးနွေးမှုများ ကို ဆက်လုပ်သွားမည်ဟု ပြောသည်။

ဝန်ကြီး ဦးအောင်ကြည်ကိုလည်း ဆွေးနွေးပွဲရလဒ်နှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာ ယခုတွေ့ဆုံမှုမှာ ပူးပေါင်း ဆောင်ရွက်မှုအတွက် ခြေလှမ်းတရပ်ဖြစ်ကြောင်း၊ ယခုတကြိမ်တွေ့ဆုံမှုသည် ပိုမိုကောင်းမွန်သောရလဒ် ဖြစ်လာမည်ဖြစ်ကြောင်း ပြန်လည်ဖြေဆိုသွားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ၀န်ကြီး ဦးအောင်ကြည်တို့ ယခုတွေ့ဆုံမှုသည် အစိုးရသစ်လက်ထက် ပထမဆုံး တွေ့ဆုံမှုဖြစ်သည်။

ဦးအောင်ကြည်ကို ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအပြီး စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ဆက်ဆံရေး ၀န်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခဲ့သည်။ ဦးအောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၀၇ ခုနှစ်တွင် ၃ ကြိမ်၊ ၂၀၀၈ ခုနှစ်တွင် ၃ ကြိမ်၊ ၂၀၀၉ ခုနှစ်တွင် ၂ ကြိမ်နှင့် ၂၀၁၀ တွင် တကြိမ် တွေ့ဆုံခဲ့သော်လည်း မည်သည့် ရလဒ်မှာ ထွက်ပေါ်ခြင်း မရှိပေ။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ပြုလုပ်နေသည် အာဆီယံ-အမေရိကန် ဝန်ကြီးများအဆင့် ဆွေးနွေးပွဲတွင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က မြန်မာအစိုးရအနေဖြင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရန်လိုကြောင်း၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် လိုအပ်ကြောင်း ပြောဆိုသည်။

ထို့အပြင် လာမည့် ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးပေးရေး မဖြစ်သင့်ကြောင်းကိုလည်း ဟီလာရီ ကလင်တန်က အရိပ်အမြွက် ထည့်သွင်းပြောဆိုခဲ့သည်။

နိုင်ငံရေးလေ့လာသူများကမူ ၀န်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုကို အကောင်းဘက်မှ ရှုမြင်သော်လည်း အစိုးရအနေဖြင့် လာမည့် ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ ရာထူးအတွက် ဖြစ်နိုင်ကြောင်းလည်း သုံးသပ်ပြောဆိုကြသည်။

ပြီးခဲ့သည့် အာဇာနည်နေ့ကလည်း အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား တရားဝင်ဖိတ်ကြားကာ အခမ်းအနားကို တက်ရောက် စေခဲ့သည့် အပြင် NLD ပါတီဝင်များနှင့် လူငယ်များကိုလည်း အာဇာနည် ဗိမာန်သို့ သွားရောက် ဂါရ၀ ပြုခွင့်ပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်သြဂုတ်လဆန်းတွင် ပဲခူးမြို့သို့ စတင်ခရီးထွက်ရန် စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း၊ NLD မှ ဦးခွန်သာမြင့် အပါအ၀င် ၃ ဦးကိုပဲခူးမြို့သို့ နယ်မြေအခြေအနေများ လေ့လာရန် စေလွှတ်ခဲ့ကြောင်း NLD ပါတီဝင်တဦးက ပြောသည်။

ပဲခူးနှင့် သနပ်ပင်မြို့နယ်များသို့ သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွက် လုံခြုံရေးနှင့် အခမ်းအနား ပြင်ဆင်ရန် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပဲခူးမြို့ ပြည်သူ့လွှတ်တော်အမတ် ရှေ့နေဦးမြတ်လှကလည်း ဆိုသည်။

ပြီးခဲ့သည့် လဆန်းပိုင်းက ဒေါ်အောင်ဆန်းစုကြည်သည် သားဖြစ်သူ ကိုထိန်လင်းနှင့် အတူ ပုဂံ ညောင်ဦးဒေသသို့ မိသားစု ခရီးစဉ်အဖြစ် သွားရောက်ခဲ့သေးသည်။

ကက်ဘိနက်ကို ကျမ စိတ်ကြိုက်ဖွဲ့မယ်



နေ့သစ်


အစိုးရသစ်မဖွဲ့ခင်မှာ သူ့ခေါင်းဆောင်မှုကို ဆန်းစစ်တာတွေမလုပ်ဖို့ ဖွေ့ထိုင်းပါတီဝန်ကြီးချုပ်လောင်း ခွန်ယင်လပ် ရှီနာ ၀ပ်ထ်က ဝေဖန်ရေးသမားတွေကို ထပ်မံသတိပေးလိုက်ပါတယ်။ “ အမျိုးမျိုးဝေဖန်နေမဲ့အစား ကျမဖွဲ့မယ့် ကက်ဘိနက် ကို စောင့်ကြည့်ပါအုန်း” လို့ သူမက ပြောလိုက်ပြီး သူမက မိသားစုကက်ဘိနက်တခုကို ဖွဲ့ပြီး ဦးဆောင်သွားတော့မယ် ဆိုတဲ့ ဝေဖန်မှုတွေကို ပယ်ချလိုက်ပါတယ်။ ကက်ဘိနက်နေရာတွေခွဲဝေမှုကို ခွန်ယင်လပ်ရဲ့အကို ထပ်စင် ရယ်၊ နောက် အကိုတယောက်ဖြစ်တဲ့ ဖယာ့ပ်နဲ့ အမ ယောက်ဝါဖား တို့က လွှမ်းမိုးချုပ်ကိုင်ထားတယ်ဆိုပြီး ပီးခဲ့တဲ့အပတ်က အတိုက် အခံအမတ်ချူး၀၀်ခမ်းမိုလ်ဗီဆစ်က အချက်ပေးပြောကြားလိုက်ပါတယ်။

ပြည်သူလူထုကို အလုပ်အကြွးပြုဖို့ စွမ်းရည်ပြည့်ဝတဲ့ အဖွဲ့တခုကို ဖွဲ့စည်းဖို့ရည်ရွယ်ပြီး ၀န်ကြီးနေရာတွေကို ရွေးချယ်ဖို့ ပိုင်းဖြတ်ထားပါတယ်လို့ ခွန်ယင်လပ်က တုန့်ပြန်ပြောဆိုပါတယ်။ ၀န်ကြီးစာရင်းတွေကို ဖွေ့ထိုင်းပါတီ အမှုဆောင်အဖွဲ့က အတည်ပြုမှာ ဖြစ်ပါတယ်။ လို့ပြောလိုက်ပြီး ရှီနာဝပ်ထ်ဆွေမျိုးအုပ်ထဲက ထပ်စင်နဲ့တခြားဆွေမျိုးတွေ ပါဝင်နေ တယ်ဆို တာကို ငြင်းလိုက်ပါတယ်။ ကက်ဘိနက်မှာပါဖို့လျာထားတဲ့လူစာရင်းတွေကို ခန့်မှန်းပြောဆိုနေတာတွေကို ရပ်ကြဖို့ သူမ က တောင်းဆိုလိုက်ပြီး ဒါကို မဝေဖန်ခင်မှာ သူ့အနေနဲ့ အစိုးရအဖွဲ့ကို ဖွဲ့စည်းဖို့နဲ့ရှင်းပြဖို့ အခွင့်အရေး ရှိသင့်ပါတယ်လို့ အခြေအတင်ပြောဆိုလိုက်ပါတယ်။

“ကက်ဘိနက်ဖွဲ့ဖို့ ကျမ အကောင်းဆုံးလုပ်မှာပါ။ ဘာလို့လည်း ဆိုတော့ ပြည်သူတွေက ထိထိရောက်ရောက်လုပ်နိုင်တဲ့ အစိုးရတရပ်ကို မြင်ချင်လို့ပါ” လို့ သူမက ပြောပါတယ်။ ဒူဘိုင်းမှာရှိတဲ့ ထပ်စင်နဲ့တွေ့ဆုံဖို့သွားကြတဲ့ ဖွေ့ထိုင်းပါတီအ မတ်တွေနဲ့ ပတ်သက်ပြီး ဒီခရီးစဉ်နဲ့ ကက်ဘိနက်ဖွဲ့ဖို့ လျာထားတဲ့ လူစာရင်း ကိစ္စတွေအကြား ဘာမှ ဆက်နွယ်မှုမရှိပါ ဘူးလို့ သူမက ပြောပါတယ်။ ဆွေမျိုးတွေကို အဓိက၀န်ကြီး နေရာတွေပေးဖို့ သူ့အပေါ်ကို ဘယ်သူမှ ဖိအားပေးတာမရှိပါ ဘူး။ ထပ်စင်ကလည်း ၀န်ကြီးခန့်အပ်ရေးမှာ သြဇာလွှမ်းဖို့ မကြိုးစားပါဘူးလို့ သူမက ထပ်ခါထပ်ခါ ပြောပါတယ်

ဒေါ်စုနှင့် မြန်မာအစိုးရ တွေ့ဆုံမှု အားမရကြောင်း ကရင်အဖွဲ့ များပြော

KIC NEWS


ဒေါ်စုနှင့် မြန်မာအစိုးရ တွေ့ဆုံမှု အားမရကြောင်း ကရင်အဖွဲ့ များပြော
ဇူလိုင်လ ၂၅ရက်။ စောခါးစူး (ကေအိုင်စီ)

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး အောင်ကြည်တို့ ရန်ကုန်မြို့ အစိုးရဧည့်ဂေဟာ၌ ယနေ့ တွေ့ဆုံပွဲအပြီး နှစ်ဖက်စလုံးက “ကျေနပ်အားရကြောင်း” ထုတ်ပြန်ကြေ ငြာခဲ့သော်လည်း နိုင်ငံရေးအရ ထူးခြားသည့် ပြောင်းလဲမှု ဖြစ်ပေါ်မလာနိုင်ကြောင်း ကရင်အဖွဲ့အစည်းများက ပြောဆိုလိုက်သည်။

“တွေ့ဆုံဆွေးနွေးပွဲတွေ အရင်တုန်းကလည်း အကြိမ်အများကြီး တွေ့ခဲ့ပြီ။ အခုလည်း တိုးတက်မှုတွေ ရှိမယ်လို့ မထင်ဘူး။ ဒီအစိုး ရသစ်ဟာလည်း အရင် စစ်အစိုးရရဲ့ လူတွေပဲဖြစ်တဲ့အတွက် အတူတူ ဖြစ်မှာပဲ။”ဟု ကရင်အမျိုးသားအစည်းအရုံး KNU ၏ အထွေ ထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က ကေအိုင်စီကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ၀န်ကြီး ဦးအောင်ကြည့တို့၏ တစ်နာရီကျော်ကြာ တွေ့ဆုံပွဲအပြီး ထုတ်ပြန်သည့် ပူးတွဲကြေငြာချက်တွင် “ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်” ဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသော်လည်း အသေးစိတ် ထုတ်ပြန်ကြေငြာခြင်း မရှိပေ။

ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ အမည်မဖေါ်လိုသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဒေါ်စုနှင့် ဦးအောင်ကြည်တို့၏ ယနေ့ တွေ့ဆုံမှုအပေါ် စိတ်ဝင်စားမှုမရှိသလို ထူးခြားသည့် တိုးတက်မှုရရှိရန် ခက်ခဲသည်ဟု ပြောဆိုသည်။

သို့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၁၉၉၀ ရွေးကောက်ပွဲ ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထွေးမြင့် က “ဒီဆွေးနွေးပွဲဟာ မြန်မာအစိုးရသစ် လက်ထက်မှာ ပထမဆုံးအကြိမ်ဖြစ်လို့ တစုံတရာတိုးတက်မှုတွေ ရှိနိုင်တယ်၊ အရင်အစိုးရ က စစ်အစိုးရဖြစ်ပြီး အခုအစိုးရက အရပ်သားအစိုးရဆိုတော့။”ဟု ပြောသည်။

(Photo-AP: ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ ယနေ့ တွေ့ဆုံ)

ယခင် မြန်မာစစ်အစိုးရ လက်ထက် ၂၀၀၇ မှ ၂၀၁၀ခုနှစ် အထိ ဆက်ဆံရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည့် ဦးအောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ နေအိမ်အကျယ်ချုပ်ရှိစဉ် ကာလအတွင်း တွေ့ဆုံမှု ၉ကြိမ် ရှိခဲ့သည်။

ယခု တစ်ကြိမ်တွေ့ဆုံရာတွင် ဦးအောင်ကြည်အား ၂၀၁၀ ရွေးကောက်ပွဲမှ တက်လာသည့် ကြံ့ခိုင်ရေးပါတီ ထိန်းချုပ်သည့် အစိုးရ သစ်က ဆက်ဆံရေးဝန်ကြီးအဖြစ် ဆက်လက် ခန့်အပ်ထားခြင်းရှိမရှိကိုလည်း ထုတ်ပြန်ထားခြင်း မရှိပေ။

ကထစမှူး ဗိုလ်ချုပ် တင်ငွေ အနားပေးခံရ

ရန်ပိုင် Monday, 25 July 2011 17:38 copy from ဧရာဝတီ

ကာကွယ်ရေးဌာန စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ) မှူး ဗိုလ်ချုပ် တင်ငွေကို ဇူလိုင်လ ၂၂ ရက်နေ့က တာဝန်မှ ရပ်စဲလိုက်ကြောင်း နေပြည်တော် စစ်ဘက်သတင်း ရပ်ကွက်မှ သိရသည်။

News-Tin-Nge--25-July-2011
ဗိုလ်ချုပ်တင်ငွေကို မည်သည့် ပြစ်ချက်ကြောင့် တာဝန်မှ ရပ်စဲသည်ကိုမူ တိတိကျကျ မသိရသေးသော်လည်း စစ်ဘက်နှင့်နီးစပ်သူတဦးက ယခင် မန္တလေးမြို့ အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူစဉ် မြေယာတချို့နှင့် ပတ်သက်၍ လာဘ်စားခဲ့သည်အတွက် အရေးယူခြင်းဖြစ်နိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။

“မန္တလေးက အရင်မြေကွက်တွေ ချပေးတဲ့ကိစ္စတွေနဲ့ သက်ဆိုင်နေတယ်” ဟု ၎င်းကဆိုသည်။

ဗိုလ်ချုပ် တင်ငွေသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ကျောင်းဆင်းဖြစ်ပြီး ယမန်နှစ် သြဂုတ်လ တပ်တွင်းအပြောင်းအလဲတွင် အလယ်ပိုင်းတိုင်း တိုင်းမှူးမှ ကစထမှူးအဖြစ် ပြောင်းရွှေ့ တာဝန်ပေးခြင်းခံရသည်။

ကစထမှူး တာဝန်ထမ်းဆောင်ချိန်ကို သြဂုတ်လမှ စတင်ရေတွက်လျှင် တနှစ်ပင် မပြည့်သေးပေ။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ကာကွယ်ရေး ဦးစီးချုပ်တာဝန်ယူခဲ့ပြီးနောက် အရေးယူခံရသည့် ဒုတိယမြောက် အဆင့်မြင့် စစ်ဘက်အရာရှိကြီးဖြစ်သည်။

ပြီးခဲ့သည့် လဆန်းပိုင်းကလည်း ဗိုလ်မှူးချုပ် ထွန်းသန်းကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ပဲခူးတိုင်းတောင်ငူ အခြေစိုက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ပြောင်းရွေ့စေခဲ့ပြီး ၂ ရက်အကြာတွင် အနားပေးခဲ့သည်။ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူစဉ် ဗိုလ်မှူးချုပ် ထွန်းသန်းသည် ရန်ကုန်တိုင်းအတွင်းရှိ မြေယာတချို့နှင့် ပတ်သက်၍ လာဘ်စားခဲ့သည့်အတွက် ဟု သိရသည်။

ပြီးခဲ့သည့် လအတွင်းက ကျင်းပသည့် တပ်မတော် လေးလပတ် တပ်မှူးများ ညီလာခံအပြီးတွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ အမိန့်ဖြင့် စစ်တိုင်းမှူး ၆ ဦးကို စစ်တိုင်းနေရာများ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေခဲ့သည်။

တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးကိုလည်း ထိုင်းနိုင်ငံမှ ၀င်ရောက်သည့် တရားမ၀င် လိုင်စင်မဲ့ကားများ တင်သွင်းမှုတွင် ပါဝင်ပတ်သက်နေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့်လ ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့သေးသည်။

တချက်တည်း ကျင်းအဝင်ပဲ

ca-june-24-11
(ကာတွန်းဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)

ဝယ်မယ်ဆို ရောင်းမယ်

ca-july-22-11
(ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)
ca-july-08-11

ဆရာများ-ကီးကြောင် (ကာတွန်း ဟန်လေး -ဧရာဝတီဝက်ဘ်ဆိုက်)
“ဒီခုံကို မောင်ထိုင်မယ်” (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)

ပဲခူးနှင့် ကရင်တွင် ရခိုင်ကဲ့သို့ ရေကြီးနေ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဇူလိုင်လ တတိယပတ် က ရွာသွန်းခဲ့သည့် “မုတ်သုန်မိုး” ကြောင့် ရခိုင်ပြည်နယ်တွင်
ရေကြီးခဲ့ပြီးနောက် ယခုအခါ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် အတွင်း၌ ရေကြီးနေသည်။

ပဲခူးမြစ်ရေလျှံသဖြင့် ပဲခူးမြို့ပေါ်ရှိ ၁၈ ရပ်ကွက် အပါအဝင် ကဝမြို့နယ် အတွင်းရှိ ကျေးရွာ ၂ဝ ကျော်တွင်
လှေများဖြင့် လှော်ခတ် သွားလာနေရသလို၊ ကရင်ပြည်နယ် ဘားအံမြို့ပေါ်တွင်လည်း သန်လျင်မြစ်ရေလျှံမှုကြောင့်
မြေနိမ့်ပိုင်း ရပ်ကွက် ၅ ခုအတွင်း ရေကြီးနေ၍ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် သွားရောက် ခိုလှုံနေကြရသည်ဟု သိရသည်။
pago-flood-2

ရေလွှမ်းမိုးမှုကြောင့် သွားလာရေးအတွက် လှေများကို အသုံးပြုနေကြရသည်ကို တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)


ပဲခူးမြို့ရေကြီးမှုတွင် အနိမ့်ဆုံး ရေအနက် ၄ပေ ထက်မက ရေတက်နေသည့် နေရာများမှာ ကျောက်ကြီးစု၊ ရွာသစ်၊ ကျောက်တွင်းကုန်း၊ မြို့သစ် (က)(ခ)(ဂ)၊ အုတ်ဆက်တန်း၊ မဇင်း၊ ဇိုင်းဂနိုင်း တောင်ပိုင်း၊ အိုးလေးစု၊ ကလျာဏီ၊ ကျွန်းသာယာ၊ ခေါင်းဆေးကျွန်း၊ ရွှေသာလျောင်းနှင့် ဥဿာမြို့သစ် ရပ်ကွက်ကြီး- ၇ တို့တွင် ဖြစ်သည်ဟု မြို့ခံတို့က ပြောသည်။

“ ရေက ရင်ဆို့လောက် ရှိတယ်။ ၄ ရက်ရှိပြီ မကျသေးဘူး။ အိမ်မှာဆို ထမင်းချက်လို့ကို မရဘူး။ အပြင်သွားလည်း
လှေရှိမှ ရေချိုးဖို့က အခက်တွေ့နေတယ်။ ရေတက်နေတော့ မီးတွေလည်း ဖြတ်ထားတော့ အဆင်မပြေဘူး” ဟု ပဲခူးမြို့ ဥဿာ မြို့သစ် ရပ်ကွက်တွင်နေထိုင်သူ တဦးက မဇ္ဈိမကိုပြောသည်။

လူမှုကူညီရေး အသင်းများ၊ ဘုန်းတော်ကြီး ကျောင်းများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ လှူဒါန်းမှု ထမင်းထုပ်များကို မြို့ခံအာဏာပိုင်များက လာရောက် ဝေငှပေးကြသည်ဟု သိရသည်။

တချိန်တည်းပင် ပဲခူးမြစ်ကြောင်းပေါ်ရှိ ကဝမြို့နယ်အတွင်းမှ ကျေးရွာပေါင်း ၂ဝ ကျော်တွင် မြစ်ရေလျှံသဖြင့် လယ်ဧကပေါင်း ထောင်ချီ ဆုံးရှုံး နေရသလို ကျေးရွာများ အတွင်း၌လည်း လှေများဖြင့်သာ လှော်ခတ် သွားလာနေရသည်ဟု ရွာခံတို့က ပြောသည်။
pago-flood-3

ပဲခူးမြို့ ရွေနံသာကုန်း ဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေကြရသော ရေဘေးဒုက္ခသည်များအား တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)


“ လယ်သမားမှန်သမျှ အကုန်မြုပ်တာပဲ..လယ်တွေက။ အခု ဈေးထွက်ဝယ်တာတို့ ဟိုဘက်ရွာ ဒီဘက်ရွာ သွားတာတို့ ဆိုရင် လှေနဲ့ပဲ သွားနေရတာပေါ့။ အလုပ်ပျက်တာကတော့ ၄ ရက်ရှိပြီ။ ရေကလည်း အိမ်တိုင်ကို ၄-၅ ပေလောက် တက်နေတယ်” ဟု ကမာ ကလဲ ရွာမှ လယ်သမားတဦး က မဇ္ဈိမကို ပြောသည်။

ယင်း ကျေးရွာ ၂ဝတွင် နိဗ္ဗာန်၊ ပိုင်ကျုံ၊ တောင်ကြီး၊ နဘဲပင်၊ မိုးခိုင်၊ ကျားတက်၊ ကမာကလဲ စသည်တို့ ပါဝင်ပြီး၊ လွန်ခဲ့သည့် ၁ဝရက်ကမှ စိုက်ထားသည့် ပျိုးစပါးများ ပျက်စီးတော့မည်ဟု ရွာခံ လယ်သမားများက ပြောသည်။ ဇွန်လလယ်ပိုင်းက ပထမတကြိမ် မြစ်ရေကြီးမှုတွင် မျိုးစပါးများ ပျက်စီးခဲ့ပြီးနောက် ယခုအခါ ဒုတိယအကြိမ် ထပ်မံ ပျက်စီးရသည်ကို ဒေသခံ လယ်သမားများက ငြီးငြူနေကြသည်။

“ ပျိုးတွေက ပြန်စိုက်ထားတဲ့ဟာတွေ။ အရင်လက ရေကြီးတုန်းက တခါ မျိုးတွေ ပုတ်ကုန်တော့ အခုပြန်စိုက်
ထားတာ။ ဒီဟာပါ ထပ်ပြီး ပျက်စီးမယ်ဆိုတော့ မျိုးပြုတ်တာပေါ့ဗျာ။ နောက်ထပ် မျိုးစပါးဖိုးတော့ မရှိတော့ဘူး”
ဟု ပိုင်ကျုံ ရွာခံတဦး က မဇ္ဈိမကိုပြောသည်။

ကျေးရွာများတွင် အခြားလိုအပ်ချက်များ အတွက် လာရောက် ကူညီပေးသူ မရှိဟုလည်း ၎င်းက ဆိုသည်။

ပဲခူးတိုင်း အတွင်း ရေကြီးနေချိန်တွင် ကရင်ပြည်နယ် ဘားအံမြို့ပေါ်မှ သံလျင်မြစ်နှင့် အနီးရှိ မြေနိမ့်ပိုင်း ရပ်ကွက်များ
ဖြစ်သည့် အမှတ် ၁၊ ၂၊ ၃၊ ၅ နှင့် ၆ တို့တွင် ရေအမြင့် ၅ ပေခန့် မြင့်တက်နေသဖြင့် နေအိမ် အချို့ နစ်မြုပ်နေသည်။

ကျောင်းများလည်း ပိတ်ထားရပြီး ထိုရပ်ကွက်ခံများကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ကျန်းမာရေးဌာနက အထက်တန်းကျောင်းနှင့် ရွှေရင်မျှော်ဘုရားတို့တွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်ကာ စောင့်ရှောက်ထားသည်ဟု
ရေဘေး ခိုလှုံသူများက ပြောသည်။

“အိမ်ကြမ်းပြင်ပါ မြုပ်တော့ နေလို့မရတော့ဘူးပေါ့ဗျာ။ မြွေပါး၊ ကင်းပါးလည်း ကြောက်ရတယ်လေ။ တချို့ကတော့
ဆွေမျိုးတွေ အိမ်မှာ သွားနေကြတာပေါ့။ အများစုကတော့ ဒီကယ်ဆယ်ရေးစခန်းတွေမှာ ရေမြန်မြန်ကျအောင်ပဲ ဆုတောင်းနေရတယ်” ဟု အမှတ် ၂ ရက်ကွက်မှ ရေဘေးခိုလှုံသူ တဦးက ပြောသည်။

ဇူလိုင်လ ၁၈ ရက်နေ့က စံချိန်တင် ရွာသွန်းခဲ့သည့် မုတ်သုန်မိုးကြောင့် ရေကြီးခဲ့သည့် ရခိုင်ပြည်နယ် အတွင်းရှိ
မြို့နယ် ၇ မြို့နယ် ကျော်တွင်မူ ရေကျသွားပြီ ဖြစ်သဖြင့် သက်သာရာ ရသွားခဲ့ကြသော်လည်း ယင်းဒေသတွင်း
ကျေးရွာများရှိ လယ်ဧကပေါင်းများစွာမှာ ရေကြီးမှုကြောင့် နွံများနစ်သွားသဖြင့် မျိုးစပါး အသစ်ကြဲရမည့် အခြေအနေသို့ ရောက်ရှိသွားသည်။

မြန်မာနိုင်ငံတွင်း ပြည်နယ်နှင့် တိုင်းများတွင် စံချိန်တင်မိုးများ ရွာသွန်းမှုသည် “မုတ်သုန်လေ အားကောင်းခြင်း”
ကြောင့်ဟု မြန်မာနိုင်ငံ ရာသီဥတု အပြောင်းအလဲများကို ထုတ်ပြန်နေသည့် Myanmar Climate Change Watch မှ မိုးဇလ ပညာရှင် ဦးထွန်းလွင်က မဇ္ဈိမကို ပြောသည်။

ပြည်တွင်းစစ် ရပ်စဲရေး ကြေညာချက်ထုတ်

မိုးယံ Monday, 25 July 2011 14:24 from ဧရာဝတီ

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ပြည်တွင်းစစ်ပွဲများကြောင့် ပြည်သူများစွာ ထိခိုက်နစ်နာနေရသည့် အတွက် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ နှစ်ပတ်လည်နေ့တွင် ပြည်တွင်းစစ် ရပ်စဲရေး ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။

Ko_Daw_Hmaine_News
ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျရောက်သော သခင်ကိုယ်တော်မှိုင်း ကွယ်လွန်သည့် ၄၇ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် သခင်ကိုယ်တော်မှိုင်း၏ မိသားစုဝင်များ၊ သခင်ကိုယ်တော်မှိုင်းနှင့်အတူ ယခင် ငြိမ်းချမ်းရေးလုပ်ငန်း လုပ်ကိုင်ခဲ့သော ၀ါရင့်နိုင်ငံရေးသမားများ၊ တပည့်သားမြေးများက ပြည်တွင်းစစ်ရပ်စဲရေး ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်း နှစ်ပတ်လည်အခမ်းအနားသို့ ၀ါရင့်နိုင်ငံရေးသမားများ၊ စာရေးဆရာများ၊ အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ကြသည်။

ပြည်တွင်းစစ် ရပ်စဲရေးအတွက် အစိုးရ၊ ပြည်သူလူထု၊ အနုပညာရှင်၊ လက်နက်ကိုင်အဖွဲ့အစည်း စသည်တို့ကို အကြမ်းမဖက်ဘဲ ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း မေတ္တာရပ်ခံပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယခင် ပြည်သူ့တိုးတက်ရေးပါတီမှ ဦးလေးမြင့်က ပြောသည်။

“ပြည်တွင်းစစ်ရပ်စဲဖို့ လုပ်သင့်လုပ်ထိုက်တာ အကုန်လုပ်သွားမယ်။ လက်မှတ်ရေးထိုးတာတို့ ကြေညာချက်ထုတ်တာတို့ ရှိမယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဟောပြောပွဲတွေလည်း လုပ်သွားမယ်” ဟု ဦးလေးမြင့်က ဆိုသည်။

အဆိုပါ ပြည်တွင်းစစ်များ ရပ်စဲရေး ကြေညာစာတမ်းသည် နိုင်ငံရေးနှင့် မဆက်နွှယ်ကြောင်း၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ “သူမနာကိုယ်မနာ” ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း ဆရာတော်သံဃာတော်များနှင့် အနုပညာရှင်များ၊ ငြိမ်းချမ်းရေး လိုလားသူ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ ပြည်သူလူထူများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သခင်ကိုယ်တော်မှိုင်း၏ မိသားစုဝင်တစ်ဦးက ဆိုသည်။

၁၉၅၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဖွဲ့စည်းခဲ့သော ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဦးစီးခေါင်ဆောင်သည့် ပြည်တွင်းငြိမ်းချမ်းရေး ၈ ဦးကော်မတီ၊ ၁၉၆၀ ပြည့်နှစ်တွင် ပြည်လည်ဖွဲ့စည်းခဲ့သည့် ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ (IPC)နှင့် အဖွဲ့အစည်းများ၊ ပြည်သူလူထုနှင့် တိုင်းရင်းသားများသည် ဆရာကြီး သခင်ကိုယ်တော်မှိုင်း တင်ပြခဲ့သည့် “သူမနာ၊ ကိုယ်မနာ ပြည်တွင်းစစ်ရပ်စဲရေးမှု” ကို ထောက်ခံခဲ့ကြသည်။

ပြည်တွင်းစစ် ငြိမ်းချမ်းရေးကို ၁၉၄၈ ခုနှစ်မှ စတင်ပြီး ရရှိရန် ကြိုးပမ်းနေကြသော်လည်း ယနေ့ထက်တိုင် အကောင်အထည် မပေါ်သေးကြောင်း ၀ါရင့်နိုင်ငံရေးသမားတဦးက ဆိုသည်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိမ်းမောင်က “ပြည်တွင်းစစ်နဲ့ ပတ်သတ်လို့ကတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း လုပ်နိုင်ကြဖို့ ဆော်ဆော်သြသြနဲ့ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ လုပ်ကိုင်ဆောင်ရွက်သမျှတွေဟာ နိုင်ငံရေးလည်းမဟုတ်ဘူး၊ ငြိမ်းချမ်းရေးသက်သက်လုပ်နေတာမို့ တတိုင်းပြည်လုံး ပါဝင်သင့်တယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

လက်ရှိ ပြည်တွင်းစစ် ရပ်စဲရေးလှုပ်ရှားရာတွင် တဦးတယောက်ကောင်းများဖြင့် ဆောင်ရွက်နေရပြီး နောက်ပိုင်းတွင် ပြည်တွင်းစစ် ရပ်စဲရေး အဖွဲ့အစည်းတရပ် ထူထောင်ပြီး ငြိမ်းချမ်းရေးလမ်းစဉ်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သခင်ကိုယ်တော်မှိုင်းနှင့် ယခင် ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ခဲ့သူ တဦးက ဆိုသည်။

၎င်းက “ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ပတ်သတ်တဲ့ကြေညာချက်အတွက် ရဟန်းသံဃာတော်တွေ၊ အနုပညာရှင်တွေ ပြည်သူတွေကိုလည်း လက်မှတ်ရေးထိုးခိုင်းဖို့လည်းရှိတယ်” ဟု ပြောသည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ နှစ်ပတ်လည်အခမ်းအနားတွင် ဆရာကြီးရေးထားခဲ့သော ငြိမ်းချမ်းရေးနှင့် ပြည်သူလူထုကို ပန်ကြားလွှာ၊ ငြိမ်းချမ်းရေးနှင့် ရဟန်းသံဃာတော်များကို ပြန်ကြားလွှာနှင့် ငြိမ်းချမ်းရေးနှင့် အနုပညာရှင်များကို ပြန်ကြားလွှာများထဲမှ ငြိမ်းချမ်းရေးနှင့် အနုပညာရှင်များကို ပြန်ကြားလွှာကို သခင်ကိုယ်တော်မှိုင်း၏ မြေးသမက်ဖြစ်သူ စာရေးဆရာ သန်းစိုးနိုင်က ဖတ်ကြားသည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ၁၈၇၆ ခုနှစ် မတ်လတွင် မွေးဖွားပြီး ၁၉၆၄ ခုနှစ်တွင် ကွယ်လွန်သည်။ အလင်္ကာကျော်စွာဘွဲ့၊ ဆိုဗီယက်ပြည်ထောင်စုမှ ပေးအပ်သော စတာလင် ငြိမ်းချမ်းရေးဆု၊ အရှေ့ဂျာမနီ ဟမ်းဘတ် တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့တို့ ချီးမြှင့်ခံရသည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ်တို့ ပထမဆုံး တွေ့ဆုံပြီ

BBC NEWS

DASSK U Aung Kyi
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲလုပ်

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရကိုယ်စားလှယ် အလုပ်သမား ဝန်ကြီး ဦးအောင်ကြည်တို့ တနင်္လာနေ့ မွန်းလွဲပိုင်းက ရန်ကုန် စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ရိပ်သာမှာ ၁ နာရီကျော်ကြာ တွေ့ဆုံခဲ့ကြပါတယ်။

အစိုးရသစ်တက်လာပြီးနောက် ဒေါ်အောင် ဆန်းစုကြည်နဲ့ အစိုးရ ကိုယ်စား လှယ်တို့ ပထမဆုံး တွေ့ဆုံကြ တာလည်း ဖြစ်ပါတယ်။

အစည်းအဝေးအပြီး ဝန်ကြီး ဦးအောင်ကြည်က ပူးတွဲကြေငြာချက်ကို ဖတ်ပြရာမှာ ''ပြည်သူ လူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးအတွက် နှစ်ဘက် ပူးပေါင်း ဆောင်ရွက် နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြပါသည်'' လို့ ပြောပါတယ်။

အဲဒီဆွေးနွေးချက်တွေထဲမှာ တရားဥပဒေစိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေး ကိစ္စ၊ နဲ့ အများပြည်သူ အကျိုးဖြစ်ထွန်းစေမယ့် ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ပူးတွဲ ကြေငြာချက်မှာ ဖော်ပြပါတယ်။

ဒီအစည်းအဝေးအပေါ် နှစ်ဘက်စလုံးက ကျေနပ်အားရမှု ရှိကြပြီး နောက်ထပ်လည်း ထပ်မံ တွေ့ဆုံ ဆွေးနွေးဖို့ သဘောတူကြတယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြပါတယ်။

စိမ်းလဲ့ကန်သာက ဆွေးနွေးပွဲအပြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က ပူးတွဲ သတင်းစာရှင်းလင်းပွဲလုပ်ရာမှာ ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းဌာန သတင်း ထောက်တွေနဲ့ ပြည်တွင်းက ဂျာနယ်သတင်းထောက်တွေလည်း တက်ရောက် မေးမြန်းခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် စုစုပေါင်း မေးခွန်း သုံးခုကိုသာ မေးမြန်းခွင့် ပြုခဲ့ပါတယ်။

ပိုမိုပူးပေါင်းဆောင်ရွက်လို

ဦးအောင်ကြည်ဟာ ၂၀၀၇ သံဃာ့အရေးအခင်းနောက်ပိုင်းမှာ အဲဒီတုန်းက နအဖအစိုးရ ဘက်ကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ လုပ်ငန်းတွေ ဆောင်ရွက်နိုင်အောင်လို့ ဆိုပြီး ဆက်ဆံရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသူ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ တွေ့ဆုံတာဟာ အခုအကြိမ်ဟာ ၁၀ ကြိမ် မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ၉ ကြိမ်မှာတော့ ထင်ရှားမြင်သာတဲ့ ရလာဒ်တွေ မထွက်ခဲ့ဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

ဒါပေမယ့် ဦးအောင်ကြည်ကတော့ ဒါကို ငြင်းဆိုခဲ့ပါတယ်။ အရင်အကြိမ်တွေတုန်းကလည်း ''အထိုက်အလျောက် အကျိုးကျေးဇူး ဖြစ်ထွန်းမှု'' ရှိတယ်လို့ ဆိုပြီး အခုအကြိမ်မှာလည်း အရင်အကြိမ်တွေထက် ပိုမို ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင့် သတင်း ထောက်တစ်ဦးရဲ့ အမေးကို ဦးအောင်ကြည်က ဖြေကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ''တိုင်းပြည်အတွက် အကျိုးဖြစ်စေမယ့် ရလာဒ်တွေကို မျှော်လင့်ပါတယ်'' လို့ သတင်းစာ ရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။

တွေ့ဆုံမှုအပေါ် နှစ်ဖက် ကျေနပ်

ကိုပေါက် | တနင်္လာနေ့၊ ဇူလိုင်လ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၀၀ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ အစိုးရ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် တနာရီကျော်ကြာ
တွေ့ဆုံ ဆွေးနွေးခဲ့ရာတွင် နှစ်ဘက်စလုံး အပြုသဘောနှင့် တွေ့ဆုံခဲ့ပြီး ကျေနပ်အားရမှု ရရှိခဲ့ကြောင်း
ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားသွားသည်။

“ဘယ်သူနဲ့ ဘာပဲပြောပြော ကျမတို့ရဲ့ ရည်ရွယ်ချက်က နိုင်ငံနဲ့ တိုင်းပြည် လူသားများ အကျိုးပြုဖို့ပဲ ရည်ရွယ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
dsmetuakyi1

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ ရန်ကုန်မြို့ နိုင်ငံတော် ဧည့်ဂေဟာ စိမ်းလဲ့ကန်သာတွင် အစိုးရသစ် ဖြစ်လာပြီးနောက် ပထမဆုံးအကြိမ် ပြန်လည် တွေ့ဆုံ (ဓါတ်ပုံ မဇ္ဈိမ)


စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာတွင် တနင်္လာနေ့ မွန်းလွဲ ၁ နာရီက စတင်ခဲ့သည့် တွေ့ဆုံပွဲတွင် ဆွေးနွေးခဲ့ကြ
သည့် အသေးစိတ် အချက်အလက်ကိုမူ မထုတ်ပြန်သေးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

“အားရ ကျေနပ်တယ်လို့ နှစ်ဖက်စလုံးက ဆိုတဲ့ သဘောကတော့ အဲလို ပြောပုံရပါတယ် နှစ်ယောက်ထဲပါ။ ကျနော်
တို့ ဘက်ကလည်း မပါပါဘူး။ ဟိုဘက်ကလည်း မပါပါဘူး။ ပါတီရဲ့ သဘောထား ကြေညာချက်ကို မနက်ဖြန် ညနေ
မှာ ထုတ်ပြန်ပါ့မယ်” ဟု သူက ပြောသည်။



ဦးအောင်ကြည်မှာ အလုပ်သမားဝန်ကြီး သာမက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးလည်း ဖြစ်သည်။

“ ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာရေး အတွက် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်နိုင်မှု၊ အခွင့်အလမ်းများ
ရရှိနိုင်မှု၊ တရာဥပဒေ စိုးမိုးရေး ကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေး ကိစ္စ၊ အများပြည်သူ အကျိုး ဖြစ်ထွန်းစေရေး ကိစ္စနှင့် သင့်တော်သော နေ့ရက်တို့တွင် ထပ်မံ တွေ့ဆုံဦးမည်” ဟု ဦးအောင်ကြည် ပြောကြားသွားပါသည်။
dsmetuakyi

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် တနာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ရာတွင် နှစ်ဘက်စလုံး အပြုသဘောနှင့် တွေ့ဆုံခဲ့ပြီး ကျေနပ်အားရမှု ရရှိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောကြား (ဓါတ်ပုံ မဇ္ဈိမ)

မတ်လအတွင်းက တက်လာခဲ့သော အရပ်ဘက်ပြောင်း စစ်အရာရှိဟောင်းများ ကြီးစိုးသော ဦးသိန်းစိန် အစိုးရသစ် လက်ထက် ပထမဆုံး တွေ့ဆုံ ဆွေးနွေးမှု ဖြစ်သည်။။

ဦးအောင်ကြည်သည် ယခင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်အစိုးရ လက်ထက်တွင် အရေးပါဆုံးသော အတိုက်အခံ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းများ ဆက်သွယ် ဆောင်ရွက်ရန်အတွက် ဆက်ဆံရေး ဝန်ကြီး
အဖြစ် ၂ဝဝ၇ အောက်တိုဘာတွင် စတင် တာဝန်ပေးခဲ့သည်။ ၂ဝဝ၇ ခုနှစ်အတွင်း အောက်တိုဘာ ၂၅၊ နိုဝင်ဘာ ၉၊ နိုဝင်ဘာ ၁၉၊ ၂ဝဝ၈ ခုနှစ်အတွင်း ဇန်နဝါရီ ၁၁ နဲ့ ဇန်နဝါရီ ၃ဝ နှစ်ကြိမ်၊ ၂ဝဝ၉ ခုနှစ်အတွင်း အောက်တိုဘာ
၃ နဲ့ အောက်တိုဘာ ၇ ရက်တို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ဖူးသည်။


“ ပြဿနာအားလုံးကို တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးဆိုတာ ကျနော်တို့ တောက်လျှောက် ကိုင်စွဲခဲ့တဲ့ မူပဲ။
ကျနော်တို့ အထွေထွေ အတွင်းရေးမှူး ပြောနေတာ တနေ့မဟုတ် တနေ့ တွေ့ကြရမှာပဲ။ ခုလို တွေ့ဆုံတယ် ဆိုတာ ကောင်းတာပေါ့ဗျ။ ကြိုဆိုပါတယ်” ဟု ဦးအုန်းကြိုင်က ပြောဆိုသည်။

ထိုင်း ရဟတ်ယာဉ်များ ပျက်ကျမှု

July 25, 2011 Khet Htan copy from ဧရာဝတီ

ထိုင်းစစ်တပ်က ရဟတ်ယာဉ် ၃ စင်း ပျက်ကျတဲ့ ထိုင်း-မြန်မာနယ်စပ် နေရာပြပုံနဲ့ မနေ့က နောက်ဆုံး ပျက်ကျခဲ့တဲ့ ဘဲလ် ၂၁၂ ရဟတ်ယာဉ် ပျက်ကျပြီး ပုံတွေပါ။ ဘန်ကောက်ပို့စ်က ကူးယူဖော်ပြတာပါ။




နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ

ဦးကျော်သူ

ဇူလိုင် ၂၅၊ ၂၀၁၁


အဘမှိုင်း ပြတိုက်

၁၉. ၇. ၂၀၁၁ အင်္ဂါနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ကွယ်လွန်ခြင်း ၄၇ နှစ်မြောက် အထိမ်းအမှတ်အား ရည်စူး၍ မြေးဖြစ်သူ ဒေါ်မြမြအေး (မိသားစု)တို့မှ အလှူငွေ (၁၀၀,၀၀၀/-) ကျပ်တိတိကို လာရောက်၍ လှူဒါန်းခဲ့သည်။


ရွှေတိဂုံဘုရားလမ်းပေါ်ရှိ ကန်တော်မင် ပန်းခြံမြေကွက်လပ်တွင် ဂူသွင်းသင်္ဂြိုဟ်ပြီး ဆရာကြီး၏ ဂုဏ်သိက္ခာနှင့်လိုက်လျောအောင် ဂုဏ်အင်္ဂါရပ် (၄) ရပ်ကို ထွင်းထုထားသော တံဆိပ်ကြီး ခပ်နှိပ်ထားသည့် ဂူဗိမာန်ကိုလည်း မြင်တွေ့နိုင်သည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် -


(၁) စာပေယဉ်ကျေးမှု တော်လှန်ရေးကြီးဆင်နွှဲခဲ့လို့ တံဆိပ်မှာ စာအုပ်က တကန့်။

(၂) အမျိုးသားလွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲခဲ့လို့ ဒေါင်းက တကန့်။

(၃) ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရးကိုဆောင်ရွက်ခဲ့လို့ ချိုးငှက်က တကန့်။

(၄) အဖိအနှိပ်ခံ ပြည်သူတွေဘက်က ထာဝစဉ်ရပ်တည်ခဲ့ပြီး အထူးသဖြင့် အလုပ်သမားတွေနဲ့ တောင်သူလယ်သမားတွေရဲ့ ဆင်းရဲတွင်းနက်မှုက လွတ်မြောက်စေလိုတဲ့ အထိမ်းအမှတ်အဖြစ် တူ တံစဉ်က တကန့် တံဆိပ်ခပ်နှိပ်ထားရှိသည်။


ဂူတွင်းသို့ ဝင်ရောက်လိုက်သည်ဖြင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ကိုယ်တပိုင်း ကြေးသွန်း ရုပ်ပုံအား ပန်းပုဆရာကြီး ဦးဟန်တင်၏လက်ရာကို မြင်တွေ့ရမှာဖြစ်ပြီး ဗိမာန်အနောက်ဘက် နံရံတွင် “တပြည်သား နယ်ချဲ့ အစွန်းရန်ကို တကယ် တကယ့် တွန်းလှန်ဖို့ အရေးကလည်း မဝေးတော့ပြီမို့၊ အရေးကြီးလျှင်ဖြင့် သွေးစည်းပြီး သွေးနီးရာ ဆိုသည့်အတိုင်း ကိုင်း ထထကြွကြွနှင့် ဝိုင်းကြပေရော့” (၁၃၁၄ ခု) (၁၉၅၂) ဆိုသည့် ဆရာကြီး၏ လေးချိုးကြီးတပုဒ်ကို ကောက်နှုတ်ချက် ရေးထားပါသည်။ တောင်ဘက်နံရံဘက်တွင် “ကောင်းမျိုး အထွေထွေရယ်နှင့် ချွန်စေမြစေစော။ ဒေါင်းအိုးဝေရယ်လို့ တွန်စေ ကစေသော” (၁၂၈၁ ခု) ၁၉၂၀) လို့ ရေးသားထားပါသည်။ မြောက်ဘက် နံရံတွင်လည်း “ဆရာ မသေခင် တိုင်းပြည်မှာ တကယ့် ငြိမ်းချမ်းရေးအစစ်ကို တွေ့သွားချင်တယ်” (၁၃၁၈ - ၁၃၂၆) (၁၉၅၇) (၁၉၆၄) ဟု ဆရာကြီးရေးခဲ့ ပြောခဲ့သည့် စကားလုံးများကို ထွင်းထားပါသည်။


၁၂၃၇ ခုနှစ်၊ တပေါင်းလတွင် အဖ ဦးစံဒွန်း၊ အမိ ဒေါ်အုန်းတို့မှ ပြည်ခရိုင်၊ ရွှေတောင်မြို့အပိုင် ဝါးလည်ရွာတွင် မွေးဖွားသန့်စင်ခဲ့သည်။ ငယ်အမည်မှာ မောင်လွန်းဖြစ်ပြီး ၉ နှစ်သားအရွယ်တွင် မန္တလေးရှိ ဦးလေးဘုန်းကြီးများနှင့်လိုက်ပါပြီး မြတောင်တိုက်တွင် စာပေပညာသင်ယူခဲ့သည်။ ကလေးအရွယ်ဘဝ၌ အရှင် ၂ ပါး ပါတော်မူတာကို မျက်မြင်တွေ့ခဲ့ရသူတဦးလည်း ဖြစ်သည်။ သီပေါမင်း ပါတော်မူစဉ် ၁၁ နှစ်သားအရွယ်သို့ ရောက်ရှိနေသည်။ ရန်ကုန်သို့ အလုပ်လုပ်ရန်သွားရောက်ခဲ့ပြီး ဇဗ္ဗူကျက်သရေ ပုံနှိပ်တိုက်တွင် စာစီအလုပ်သမားဘ၀မှ အယ်ဒီတာဖြစ်လာခဲ့သည်။ ထိုအချိန်တွင် ပြဇာတ် ၈၀ ခန့်ကိုရေးသားပြီး ကြည့်မြင်တိုင်သူ ဒေါ်ရှင်နှင့် လက်ထပ်ခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်း သတင်းစာတွင် မြန်မာအယ်ဒီတာအဖြစ်၎င်း၊ မော်လမြိုင်မြို့ရှိ မြန်မာတိုင်းသတင်းစာတွင် အယ်ဒီတာ အဖြစ် လုပ်ကိုင်ခဲ့သည်။ မောင်သမာဓိ အမည်ဖြင့်လည်း ဆောင်းပါးများ ရေးသားခဲ့သည်။ ဇင်းကျိုက်တောင်တွင်လည်း အချိန်အတော်ကြာ အဂ္ဂိရတ်ထိုးခဲ့ပြီးနောက် ရန်ကုန်သို့ ပြန်သွားပြီး သူရိယ သတင်းစာတွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ပြန်ခဲ့သည်။


ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ နောက်ဆုံးစကားဖြစ်သည့် “အင်း ဆရာတော့ မသေခင် ဆရာတို့ တိုင်းပြည်ကြီးမှာ တကယ့် လွတ်လပ်ရေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ် ဖြစ်တာကိုပဲ မြင်သွားချင်တာပါပဲ” လို့ တလုံးစီ ပီပီသသ ဖြည်းဖြည်းနဲ့ မှန်မှန်ပြောကြားခဲ့ပြီး ၂၂ ရက်အကြာ ၂၂. ၇. ၁၉၆၄ ရက်နေ့တွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်အနိစ္စရောက်ခဲ့သည်။

ဆရာကြီး အဘသခင်ကိုယ်တော်မှိုင်းသည် ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီဟူ၍ မပေါ်ပေါက်ခင် တနှစ်ကတည်းက ငြိမ်းချမ်းရေးလုပ်ငန်းအား သူ့အမြင်၊ သူ့မေတ္တာ၊ သူ့စေတနာနှင့် သူ့ဘာသာ ဦးဆောင်မှုယူပြီး ဆောင်ရွက်ခဲ့သူတဦးလည်းဖြစ်သည်။ စတာလင်ငြိမ်းချမ်းဆုကြီးအားလည်း ပထမဦးဆုံး ချီးမြှင့်ခံခဲ့သော ငြိမ်းချမ်းရေးဖခင်ကြီးလည်း ဖြစ်သည်။


ရှင်ဘုရင်ခေတ်၊ နယ်ချဲ့အရင်းရှင်ခေတ်နှင့် ဆိုရှယ်လစ် လူ့ဘောင်သစ် တည်ဆောက်မည့် ခေတ်ကြီးသုံးခေတ်အတွင်းတွင် မဖောက်မပြန် တော်လှန်သည့်ပြည်သူများနှင့် လက်တွဲမဖြုတ် လုပ်ဆောင်သွားရှာသည့် ပြည်သူ့ဖခင် ဆရာကြီးကို ကြည်ကြည်ညိုညို လေးလေးမြတ်မြတ် ကန်တော့ရင်း ဆရာကြီး တသက်လုံး ကြိုးပမ်းသွားရှာတဲ့ . . .

(၁) အမျိုးသား လွတ်လပ်ရေး၊

(၂) လွတ်လပ်တဲ့ အမျိုးသားတွေ ဆင်းရဲတွင်းက ထွက်နိုင်ရေး၊

(၃) တမျိုးသားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် လုပ်ဆောင်နိုင်ရေးတို့ကို ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားဖို့ အဓိဋ္ဌာန်ပြုကြရမှာ ဖြစ်ပါတော့သည်။

ထို့အပြင် အဘ သခင်ကိုယ်တော်မှိုင်း၏ မြေးဖြစ်သူ ဒေါ်မြမြအေး၏ မွန်မြတ်သော ဆန္ဒဖြစ်သည့် အဘ သခင်ကိုယ်တော်မှိုင်းပြတိုက် ဖြစ်မြောက်ရေးကိုလည်း သမိုင်းပညာရှင်များ၊ အဖိုးတန် သမိုင်းအတ္ထုပ္ပတ္တိကို ဖော်ထုတ်လိုသော အလှူရှင်များ၊ ပြည်သူပြည်သားများနှင့် မျိုးဆက်သစ် လူငယ်/ရွယ်များက တာဝန်သိစွာ၊ တာဝန်ရှိစွာဖြင့် ဝိုင်းဝန်းအကောင်အထည် ဖော်အပ်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

(အမေ လူထုဒေါ်အမာ၏ “ဆရာကြီး သခင်ကိုယ်တော်မှိုင်း” စာအုပ်မှ ထုတ်နှုတ်တင်ပြပါသည်။)

ထပ်ဆင့်ဝမ်းနည်းကြေကွဲခြင်း

၁၁. ၇. ၂၀၁၁ (တနင်္လာ)နေ့တွင် တနင်္သာရီကမ်းလွန် ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းတွင် တူးဖော်ဆောင်ရွက်နေသည့် မလေးရှားနိုင်ငံပိုင် ပက်ထရိုးနပ်စ် ကုမ္ပဏီမှ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တစီး ပင်လယ်ပြင်အတွင်းသို့ ပျက်ကျသွားခဲ့ရာတွင် မြန်မာနိုင်ငံသား ဒုတိယ ဗိုလ်မှူးကြီး အုန်းသိမ်း(ငြိမ်း) တပ်မတော်(လေ)၊ D.S.A (17) ရဟတ်ယာဉ်မှူး Myanmar Helicopters Int’l အသက် (၅၈) နှစ်သည် တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်အနိစ္စရောက်ခဲ့သည်။


ကွယ်လွန်သူ ဒုတိယ ဗိုလ်မှူးကြီး အုန်းသိမ်း(ငြိမ်း)သည် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်ရိပ်မွန် အပိုင်း(၃)၊ ပန်းခရေလမ်း၊ Row House၊ အမှတ် (၁၃/c)၊ နေ (ဦးမင်းလွင်) - ဒေါ်ခင်အုန်းတို့၏ ဒုတိယသား၊ (ဗိုလ်မှူးကျော်ဝင်း - ဒေါ်စန်းစန်းမြင့်)တို့၏ သားသမက်၊ ဒေါ်တင်ဆန်းဝင်း၏ခင်ပွန်း၊ ဦးဝင်းသိန်း - ဒေါ်ခင်သန်းကြွယ်တို့၏ ညီ/မောင်၊ ဦးအေးသိန်း - ဒေါ်ခင်မြင့်ကျော်၊ ဒေါ်မာလာသိန်း - ဦးစောကျော်စိုး၊ ဒေါ်စန္ဒာသိန်း - ဦးစိုးမိုးအောင်တို့၏အကို၊ မောင်အောင်မျိုးကျော် - မဇင်မင်းသန်း၊ မောင်သန့်ဇော်ထိုက် - မဝင်းနန္ဒာစိုး၊ မသိမ့်၊ မစိမ့်တို့၏ဖခင်၊ မောင်ခန့်ဇော်၊ မောင်ဇွဲသုတတို့၏ အဘိုး ဖြစ်သည်။


ကိုအောင်မျိုးကျော် (ခ) Danny သည် စင်ကာပူနိုင်ငံတွင် နေထိုင်အလုပ်လုပ်နေသူတဦး ဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)ကို ဦးဆောင်လုပ်ကိုင်နေသူ ဦးကျော်သူ၏ လူမှုရေး လုပ်ဆောင်ချက်များအား အများပြည်သူအပေါင်းတို့ အားကျအတုယူစေလိုသော ဆန္ဒ၊ ဦးကျော်သူအား ခင်မင်လေးစားသော ဆန္ဒ၊ မြန်မာပြည်တွင်း လူမှုရေးအဖွဲ့အစည်းများ ပေါ်ပေါက်စေလိုသော စေတနာ စသည့် ရည်ရွယ်ချက်တို့ဖြင့် UK နိုင်ငံနေ သူငယ်ချင်းဖြစ်သူ ကိုမျိုးဇေယျာဦးနှင့် ပူးပေါင်းတိုင်ပင်ကာ Kyaw Thu’s Fan – Facebook စာမျက်နှာအား စတင်အကောင်အထည် ဖော်ပေးခဲ့သူတဦးလည်း ဖြစ်သည်။


ကိုအောင်မျိုးကျော်နှင့် ဦးကျော်သူတို့ ယခင်က တကြိမ်တခါမှ တွေ့ဖူးဆုံဖူးခြင်းလည်း မရှိ။ ၂၀၁၁ ခုနှစ်၊ ဧပြီလကုန်ပိုင်းတွင် ရန်ကုန်သို့ ခေတ္တရောက်ရှိလာစဉ်က နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် တကြိမ်သာ တွေ့ဖူးဆုံဖူးသူဖြစ်သည်။ ရန်ကုန်သို့ ရောက်တုန်းရောက်ခိုက် ဦးကျော်သူနှင့်အတူ စာရေးဆရာကြီး နတ်နွယ်၏ ဈာပနအခမ်းအနားအား ကိုယ်တိုင်ကိုယ်ကျ ဆရာနတ်နွယ်၏ ရုပ်အလောင်းအား သယ်ပိုးကာ ရေဝေးသုဿန် အအေးခန်းသို့ ကုသိုလ်ယူပို့ဆောင်မှုကိုလည်း ပြုလုပ်ခွင့် ကြုံကြိုက်ခဲ့သေးသည်။

ကိုအောင်မျိုးကျော် (စင်ကာပူ)နှင့် ကိုမျိုးဇေယျာဦး (UK)တို့ သူငယ်ချင်းနှစ်ဦး ထူထောင်ပေးခဲ့သော Kyaw Thu’s Fan – Facebook စာမျက်နှာ၏ အရှိန်အဝါသည် ကြီးမားလှသည်။ ယင်းစာမျက်နှာပေါ်တွင် ဖော်ပြချက်များသည် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေးကူညီမှုများ၊ ဆေးဝါးကုသပေးမှုများ၊ ပညာဒါန ပြုလုပ်ပေးမှုများ စသည့်လက်တွေ့ လုပ်ကိုင်ပေးဆပ်နေသော သတင်းပုံရိပ်များသည် ပြည်တွင်းပြည်ပ မြန်မာလူမျိုးတို့၏ သဒ္ဓါတရားစိတ်ဆန္ဒတို့ကို နှိုးဆွပေးနိုင်ခဲ့သည်။


ထိုသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်မှုများ၊ ပေးဆပ်မှုပုံရိပ်များသည် ပြည်တွင်းပြည်ပမှ မြန်မာပြည်သူလူထုထံသို့ ထင်ဟပ်စေကာ အများပြည်သူတို့ကို ကူညီဖေးမပေးရန် အတွက် လိုအပ်သော အလှူငွေများ တိုးပွားစေခဲ့သည်။ ထို့ကြောင့် ကိုအောင်မျိုးကျော်နှင့် ကိုမျိုးဇေယျာဦး တို့ သူငယ်ချင်းနှစ်ယောက်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူတို့၏ (တနည်းအားဖြင့်) ကျေးဇူးရှင်များလည်း ဖြစ်ပေသည်။

ထိုကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အား တဖက်တလမ်းမှ ကူညီပေးဆပ်ခဲ့သော ကျေးဇူးရှင် တဦး၏ဖခင်ကြီး ရုတ်တရက် ကွယ်လွန်အနိစ္စရောက်ရှိသွားသည့်အတွက် ကိုအောင်မျိုးကျော်တို့ မိသားစုနှင့် ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းမိပါကြောင်း၊ ယင်းဈာပန အခမ်းအနားအား နာရေးကူညီမှု အသင်း(ရန်ကုန်)မှ အစမှအဆုံး ကူညီခွင့်မရခဲ့သည်ကိုလည်း ထပ်ဆင့် ဝမ်းနည်းမိပါတော့သည်။

ရေလွှမ်းမိုးမှုကြောင့် ဖားအံမြို့ ရေဘေးဒုက္ခသည်များ စာသင်ကျောင်းတွင် မှီခိုနေရ

ရေလွှမ်းမိုးမှုကြောင့် ဖားအံမြို့ ရေဘေးဒုက္ခသည်များ စာသင်ကျောင်းတွင် မှီခိုနေရ

ဇူလိုင်လ ၂၄ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)

ကရင်ပြည်နယ်၏ မြို့တော် ဖားအံမြို့တွင် ဇူလိုင်လ တတိယပတ်အတွင် သံလွင်မြစ်ရေလျှံတက်လာမှုကြောင့် မြို့တွင်းရှိ ရပ် ကွက်အတော်များများရှိ မြေနိမ့်ပိုင်းများတွင် ရေလွှမ်းမိုးကာ ယမန်နေ့မှစ၍ အမှတ်(၁) အထက်တန်းကျောင်းတွင် ရေဘေးဒုက္ခ သည်များ ယာယီ ရွှေ့ပြောင်းနေထိုင်လျှက်ရှိသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ကျောင်းက မနေ့က သောကြာနေ့မှာ လူတွေ လာနေကြတာပေါ့။ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းလှရင်မေကို ရပ်ကွက်ထဲ ကလူတွေက လာပြောတော့ ပိတ်လိုက်တာပေါ့။ ဒါပေမဲ့ နောက်နှစ်ရက်က စနေ၊ တနင်္ဂနွေခံတော့ ဆက်ပိတ်တာပေါ့။ ပေး တည်းတာကတော့ မူလတန်းအဆောင်တွေမှာပါ။”ဟု ဆိုသည်။

ယခုလို ရေကြီးမှုမှာ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေလျှံတက်ကာ မြို့တွင်းရပ်ကွက်အထိ ရေများရောက်ရှိလာ ခြင်း၏ အကျိုးဆက်များဖြစ်ကြောင်း မြို့ခံလူထုက ပြောဆိုနေကြသလို ယခင်လက လှိုင်းဘွဲမြို့တွင်း ရေကြီးမှုဖြစ်ပွားခဲ့သည်။

“မိုးက ရွာတာ ဆက်တိုက်ပဲဟာ။ လနဲ့ချီကြာနေပြီ။ တခါမှ မရပ်ဘူးလေ။ ကျောင်းဖွင့်ပြီး ၃-၄ရက်လောက်က ကောင်းလိုက်တဲ့ မိုးဟာ နေသာတယ်ကို သိပ်မရှိဘူး။ မိုးများတော့ အထက်ကနေကျလာတဲ့ တောင်ကျရေတွေ ဘာတွေကြောင့် မြစ်ရေတွေ တက်လာတာပေါ့။ လှေနဲ့သွားရတဲ့အပိုင်းမှာဆို ရေက ဒူးလောက် ပေါင်လောက် ရှိတယ်။ မြစ်ရေနဲ့နီးတဲ့ ကမ်းနားလမ်းက မြစ် ရေအထက် အတော်မြင့်နေပေမဲ့ ခုတော့ လမ်းမနဲ့ တတန်းတည်းကျနေတယ်လေ။”ဟု ဖားအံမြို့သူတစ်ဦးက ပြောသည်။

ရေလွှမ်းမိုးခံရသည့် နေရာများမှာ ဖားအံမြို့မ ဈေးကြီးအောက်ပိုင်း၊ ဆယ်အိမ်စု၊ မြိုင်သဇင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ကုန်းက လေးအောက်ပိုင်း၊ ဇီးတောရပ်ကွက်အောက်ပိုင်း၊ ပြည်ထောင်စုရပ်ကွက်၊ မြို့သစ်၊ အောင်နန်းနှင့် အုတ်ဖိုနေရာများဖြစ်သည်။

မြို့မိမြို့ဖတစ်ဦးက “ရေမကြီးတာ သုံးလေးနှစ်လောက်ရှိပြီ။ ဒီနှစ်ကျမှ တခါ ထပ်ကြီးလာပြန်ရော။ သံလွင်မြစ် ရေစီးအားက လည်း အတော်ကြမ်းတယ်။ ရေဘေးဒုက္ခသည်တွေကတော့ အခု လောလောဆယ် စာသင်ကျောင်းနဲ့ အားကစားရုံတွေမှာ နေ ကြရတယ်လေ။ ဒီလို ရေမကြီးတာ ကြာပြီဆိုတော့ လူတွေက ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ထားကြဘူးပေါ့။”ဟု ဆိုသည်။

အထက်တန်းကျောင်းသူတစ်ဦးက “ရေစတက်လာတာ နှစ်ရက်ရှိပြီ။ ပထမရက်တော့ နည်းနည်းလေးပဲ။ ဒီနေ့ ဒီလောက် တက်လာမှာကို သမီးတောင် မထင်ခဲ့မိဘူး။ အခုတော့ လှေတွေနဲ့ ကျူရှင်တက်နေရတယ်။ ကျောင်းလည်း ပိတ်ထားတယ် လေ။”ဟု ယမန်နေ့က ကေအိုင်စီကို ပြောဆိုသည်။

ဇူလိုင်လ ၂၃ရက်နေ့ မြန်မာစံတော်ချိန် ၁၂နာရီခွဲအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဖားအံမြို့တွင် ၈၅၈စင်တီမီ တာ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်အထက် ၁၀၈စင်တီမီတာ(သုံးပေခွဲခန့်) ကျော်လွန်နေသည့်အပြင် နောက်ထပ် ၄၈နာရီအ တွင်း ၃၀စင်တီမီတာ(တစ်ပေခန့်) ဆက်လက် တက်လာနိုင်ကာ မြို့၏ စိုးရိမ်ရေမှတ် ၇၅၀စင်တီမီတာအထက်တွင် ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

၎င်းအပြင် ကရင်ပြည်နယ်၏ အမြင့်ဆုံးနှင့် အနိမ့်ဆုံး အပူချိန်မှာ ၂၇မှ ၂၃စင်တီဂရိတ်ဖြစ်ပြီး ရွာရန် ၈၀ရာခိုင်နှုန်းရှိကာ နေရာ စိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်းလည်း ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

Photo-KIC (ဖားအံမြို့တွင်း ရေကြီးသည့်ရပ်ကွက်လမ်းတွင် လှေဖြင့်သွားလာနေရသည်။)


အဆိုပါ ရေဘေးဒုက္ခသည်များအတွက် ကယ်ဆယ်ရေးလုပ်ငန်းကို ‘မာဃ’နာရေးကူညီမှုအသင်း၊ စေတနာရှင်လူငယ်များနှင့် အရံမီးသတ်အဖွဲ့များက ကူညီလုပ်ဆောင်ပေးလျှက်ရှိပြီး ပြည်နယ်အစိုးရနှင့် ဌာနဆိုင်ရာလူကြီးများမှ ယနေ့အထိ လာရောက် ကူညီလှူဒါန်းမှုများ မရှိသေးကြောင်း သိရသည်။

ယင်းသို့ ရေကြီးသည့်အတွက် သွားလာရေး ခက်ခဲမှုများရှိကာ ရောင်းဝယ်ဖောက်ကားမှုများ ကျဆင်းလာသလို ရေလွှမ်းမိုးခံရ တဲ့ ရပ်ကွက်နေ ပြည်သူများ၏ ကျန်းမာရေးအတွက် စိုးရိမ်ရကြောင်း အမည်မဖော်လိုသူ ဆရာဝန်တစ်ဦးက ပြောဆိုသည်။

“ဈေးထဲက အသီးအရွက်၊ သားငါးရောင်းတဲ့နေရာတွေလည်း ရေတက်လာလို့ ရွှေ့ပြီးရောင်းနေရတယ်။ ဌာနဆိုင်ရာ လူကြီး တွေတော့ မတွေ့ရသေးပါဘူး။ ကယ်ဆယ်ရေးတွေက ပြန်လည် နေရာချထားရေးပဲလေ။ အခု ပြည်နယ်အစိုးရက လှူဒါန်းမှု ဘာမှမတွေ့ရသေးဘူး။ လောလောဆယ်မှာတော့ တနေ့လုပ် တနေ့စားသမားတွေ ဒုက္ခရောက်တာပေါ့။”ဟု ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ရက်နေ့က မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် မိုးများ၍ လေပြင်းပါ တိုက်ခတ်ခဲ့ပြီး သစ်ပင်ပြိုလဲကာ ဆိုင်ခန်း များ ပျက်စီးသလို မုဒုံ၊ မော်လမြိုင်မြို့များတွင်လည်း ရေကြီးမှုဖြစ်ပွားခဲ့သည်ဟု မွန်သတင်းထောက်တဦးက ပြောဆိုသည်။

ရေကြီးနေတဲ့ ပဲခူး

ပဲခူးမြို့မှာ ရေကြီးတဲ့ အခြေအနေ (ဓာတ်ပုံ - ဧရာဝတီ)








မြန်မာနိုင်ငံမှာ လူသတ်မှု ကျူးလွန်ခဲ့ကြောင်း သြစတြေလျရောက် နောက်ထပ် ဒုက္ခသည်တဦး ဝန်ခံ

2011-07-24 RFA NEWS

သြစတြေးလျနိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံ နေထိုင်သူ မြန်မာစစ်ထောက်လှမ်းရေးဟောင်း ဆိုသူ နောက်တဦးက မြန်မာနိုင်ငံမှာ လူ ၄ဝ နဲ့ ၅ဝ ကြား သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဒီကနေ့ ဝန်ခံ ပြောကြားလိုက်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ အမိန့်ပေး ခိုင်းစေမှုကြောင့် ၁၉၈၄ ခုနှစ်ကနေ ၁၉၈၇ ခုနှစ်အတွင်း ကရင် တော်လှန်ရေးသမား ၅ဝ နီးပါး သတ်ဖြတ်ခံခဲ့ရမှုအတွက် သူ့မှာ တာဝန်ရှိတယ်လို့ အသက် ၄၄ နှစ်အရွယ် ကရင်တိုင်းရင်းသား ကိုမွန်းဆာ ဆိုသူက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဒီ ကျူးလွန်ခဲ့မှုတွေအတွက် မိမိမှာ အပြစ်ရှိကြောင်း၊ စစ်အစိုးရက ကရင်လူမျိုး အချင်းချင်း သတ်ဖြတ်ဖို့ မိမိကို ဓားတချောင်းသဖွယ် အသုံးချခဲ့ကြောင်း အဲဒီ ကိုမွန်းဆာ ဆိုသူက ပြောပါတယ်။

ရှစ်လေးလုံး အရေးအခင်းအတွင်း လူတွေ ရာနဲ့ချီ သတ်ဖြတ်ခဲ့မှုမှာ ပါဝင် ကျူးလွန်ခဲ့ကြောင်း ကိုထူးထူးဟန် ဆိုသူက ပြောကြားအပြီး ရက်ပိုင်းအတွင်းမှာ သြစတြေလျ နိုင်ငံသား ကိုမွန်းဆာက ဒုတိယမြောက် အခုလို ဝန်ခံ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ကိုထူးထူးဟန်ဟာ သြစတြေးလျနိုင်ငံမှာ သူနဲ့ လုပ်ဖော်ကိုင်ဘက် ပြစ်မှုကျူးလွန်ခဲ့သူ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ၉ ဦး ရှိကြောင်း ပြောဆိုထားပြီး ဒီကနေ့ ဝန်ခံထွက်ဆိုသူ ကိုမွန်းဆာကိုတော့ သိကျွမ်းမှု မရှိကြောင်း ပြောပါတယ်။

လောလောဆယ်အထိတော့ ကိုထူးထူးဟန်ကိုရော၊ ကိုမွန်းဆာကိုပါ သြစတြေလျ အာဏာပိုင်တွေက ဖမ်းဆီး အရေးယူတာ မရှိသေးသလို သူတို့ရဲ့ ဝန်ခံ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အင်ဒိုနီးရှားကို စံနမူနာယူသင့်ကြောင်း အမေရိကန်ပြောကြား

2011-07-24 RFA NEWS

အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာအပါအဝင် အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက် မြောက်ပိုင်းက လူထုအုံကြွမှု ဖြစ်ပွား နေတဲ့ အာရပ်နိုင်ငံတွေ အဖို့ စံနမူနာ ယူရမယ့် ဒီမိုကရေစီတိုင်းပြည်တခု ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ ခေတ်သစ်သမိုင်းဟာ စစ်အာဏာရှင် အုပ်ချုပ်ရေးကနေ ဒီမိုကရေစီ အရပ်သားအစိုးရ အုပ်ချုပ်ရေးကို အသွင်ကူးပြောင်းရာမှာ အတုယူရမယ့် နမူနာတခု ဖြစ်တယ်လို့ ဆို ပါတယ်။ အင်ဒိုနီးရှား အစိုးရအရာရှိကြီးတွေနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး က အခုလို ပြောလိုက်တာပါ။

အင်ဒိုနီးရှားနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ အရှိန်ရနေပြီ ဖြစ်ပြီး အစ္စလာမ်ဘာသာနဲ့ ဒီမိုကရေစီ အတူယှဉ်တွဲ ဖြစ်ပေါ်နိုင်တယ် ဆိုတာကို လက်တွေ့ ပြသခဲ့ပြီလို့လည်း သူက ပြောပါတယ်။

အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံအပါအဝင် အဲဒီအာရပ်နိုင်ငံတွေရဲ့ ဒီမိုကရေစီရေးအတွက် ကူညီဆောင်ရွက်ဖို့လည်း နိုင်ငံခြားရေးဝန်ကြီး မစ္စက်လင်တန်က တိုက်တွန်းလိုက်ပါတယ်။