Tuesday, July 19, 2011

အာဇာနည်နေ့ မြင်ကွင်း (ဓာတ်ပုံ - မိုးသူအောင်)

ဓာတ်ပုံနှင့် ပုံစာများ - မိုးသူအောင်/Facebook မှ ယူပါသည်။

ဒေါ်နော်အုန်းလှနှင့်ဦးဝင်းချို ဦးဆောင်သည့် ပြည်သူအင်အား ၁၀၀ ခန့်ပါဝင်သည့်အဖွဲ့မှ အာဇာနည်ကုန်းရှိရာ အရပ်သို့ မျက်နှာလှည့်ကာ အလေးပြုစဉ်

အာဇာနည်ကုန်းသို့ ပန်းများယူဆောင်ခွင့် မရှိသည့်အတွက် လမ်းပေါ်မှနေ၍ အာဇာနည်ကုန်းသို့ ရည်စူးကန်တော့ကျစဉ်။(ယင်းအဖွဲ့သည် တာမွေပလာဇာတွင် လုံခြုံရေးအဖွဲ့များ၏ တားမြစ်ခြင်းခံခဲ့ရသည့် အဖွဲ့ဖြစ်သည်။)

NLD ပါတီရုံးချုပ်တွင် ပြုလုပ်သော ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်နေ့အခမ်းအနားသို့ အနောက်နိုင်ငံသံရုံးတစ်ခုမှ တာဝန်ရှိသူတစ်ဦး တက်ရောက်လာစဉ်။ယင်းအခမ်းအနားသို့ အမေရိကန်၊ဗြိတိန်သံရုံးတို့မှ သံရုံးတာဝန်ရှိသူများအပါအဝင်အခြားသံရုံး ၃ ခုမှတာဝန်ရှိသူများ တက်ရောက်ခဲ့သည်

Generation Wave အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သူHip Hop အဆိုတော်ဇေယျာသော်သည်လည်း ပြည်သူတို့နှင့် ပူးပေါင်းကာ အာဇာနည်ကုန်းသို့ ချီတက်နေစဉ်

အာဇာနည်ကုန်းပေါ်သို့ တက်ရောက်ရန် စည်းစနစ်ကျစွာ စီတန်းနေကျစဉ်။

အာဇာနည်ကုန်းသို့ တက်ရောက်လိုသူများသည် NLD ပါတီမှတက်ရောက်သူများနှင့် ပူးပေါင်းကာ စီတန်းတက်ရောက်ကျစဉ်။

BG သွေးအလှူအဖွဲ့၏ အာဇာနည်နေ့ လွမ်းသူ့ ပန်းခွေ

ကျဆုံးလေသော အာဇာနည်ခေင်းဆောင်ကြီးများအား ပြည်သူများမှ သတ်မှတ်ထားသောအချိန်တွင် အလေးပြုစဉ်
အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုစဉ်၊
ယင်းအချိန်ခဏတွင် ရာသီဥတုမှာ အုံ့မှိုင်းနေကာ၊ဖြတ်သန်းသွားသော မော်တော်ကားအသီးသီးမှလည်း ဟွန်းများတီးကာ ဖြတ်သန်းသွားလာကြသည်ကို တွေ့ရှိရသည်

နံနက် ၁၀နာရီ ၃၇ မိနစ်အချိန်တွင် ကျဆုံးလေသောအာဇာနည်ခေါင်းဆောင်ကြီးများအား​ ပြည်သူနှင့်အတူ အလေးပြုရန် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါတီဗဟိုအလုပ်အမှုေ​ဆာင်များ ရုံးအပြင်တွင် တန်းစီနေစဉ်

မန္တလေး ဗိုလ်ချုပ်ကြေးရုပ်ရှေ့ တကိုယ်တော်ဆုတောင်း

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇူလိုင်လ ၁၉ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၃၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မန္တလေးမြို့ ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရှေ့တွင် အမျိုးသားတဦး ၇ နာရီကျော်ကြာ ထိုင်ကာ မေတ္တာပို့ဆုတောင်းခြင်း ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

mdydemo

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရှေ့တွင် ၇ နာရီကျော်ကြာ ထိုင်ကာ မေတ္တာပို့ ဆုတောင်းခြင်း ပြုလုပ်နေသည့် အမျိုးသားတဦးကို တွေ့ရစဉ် (photo :: Mr. John Smith (MDY) )

မနက် ၇ နာရီခန့်မှစ၍ မွန်းလွဲ ၂ နာရီကျော်အထိ အသက် ၃၀
အရွယ် အမျိုးသားတဦးသည် မဟာအောင်မြေမြို့နယ် မနော်ယမာန်
ဥ ယျာဉ်ရှိ ကြေးရုပ်တွင် “သူကမေတ္တာပို့၊ အမျှတန်းဝေတာပေါ့ဗျာ ဗိုလ်ချုပ်ဓာတ်ပုံရယ် ပန်စည်းလေးတွေ၊ အမွှေးတိုင်၊ ဖယောင်းတိုင် ထွန်းပြီးတော့ သူကတရားထိုင်တာဗျ။ ဗိုလ်ချုပ်ကြေးရုပ် ဘက်ကို
မျက်နှာမူပြီး ထိုင်တာ။ ဓာတ်ပုံကို သံဇကာမှာ ချိတ်ထားပြီးတော့ပေါ့”
ဟု မျက်မြင်တွေ့ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ဆုတောင်းမှုပြုနေစဉ် သူ၏အိမ်သူ ဇနီးမယားက လာရောက်
ခေါ်ဆောင်သွားခဲ့သည်ဟု ကြားသိရကြောင်း အခြားဒေသခံတဦးက
ပြောသည်။

ပူးပေါင်းဆောင်ရွက်မှု ဒေါ်စု ကျေးဇူးတင်

ကိုပေါက် | အင်္ဂါနေ့၊ ဇူလိုင်လ ၁၉ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၄ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ၆၄ နှစ်မြောက် အာဇာနည်နေ့ အစီအစဉ်များ အစအဆုံး ချောမွေ့စွာ ဆောင်ရွက်နိုင် ခဲ့သဖြင့် အာဏာပိုင်များကို ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်ကြောင်း ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်းက
ပြောသည်။

အင်္ဂါနေ့နေ့လည် ၁ နာရီခန့်တွင် အာဇာနည်ဗိမာန်သို့ လူပရိသတ် ၃ ထောင်ကျော်ကို ဦးဆောင်ကာ ဒုတိယအကြိမ် သွားရောက်ဂါရဝပြုပြီးအပြန် ပါတီခေါင်းဆောင်အချို့နှင့် နေအိမ်အတွင်း ပြန်လည်တွေ့ဆုံရာ၌
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တွေ့ဆုံညှိနှိုင်းပြီးတော့ ဆောင်ရွက်တဲ့အတွက် တဖက်မှာလည်း တာဝန်ရှိတဲ့သူတွေက မိမိတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်သလို အဖွဲ့ချုပ်ဘက်ကလည်း အာဇာနည်ကုန်းမှာ ငြိမ်းချမ်းစွာ သွားရောက် ဂါရဝပြုနိုင်တဲ့အတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိတယ်။ ဒီအတွက်
ကျေးဇူးတင်ကြောင်းနဲ့ ဝမ်းသာကျေနပ်ကြောင်း ပြောကြားပါတယ်” ဟု ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။


မည်သည့်ကိစ္စမဆို လိုအပ်သော တွေ့ဆုံညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းအောင်မြင်နိုင်ပြီး ယနေ့ကိစ္စမှာ နမူနာကောင်း တခုအဖြစ် ဒေါ်အောင်ဆန်းစုကြည်က မှတ်ယူသည်ဟု ဆိုသည်။

အစိုးရသစ်က အာဇာနည်နေ့ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို အင်္ဂါမနက် ၈ နာရီခွဲတွင် အကြိုအပို့အစီအစဉ်ဖြင့် တက်ရောက်စေခဲ့ခြင်း ဖြစ်သည်။

နေ့လည် ၁၁ နာရီတွင် ဗဟန်းမြို့နယ် NLD ရုံးချုပ်၌ ကျင်းပသည့် အခမ်းအနားတွင် အထွေထွေ အတွင်းရေးမှူး
ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ အမှာစကားပြောရာ၌ အာဇာနည်ဟူသည့် အဓိပ္ပာယ်ကို ဖွင့်ဆိုရှင်းပြခဲ့သည်။

“အာဇာနည်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်တွေ ပြောသွားတာပေါ့။ အာဇာနည်ဆိုတာ ကွယ်လွန်သွားရုံ ပြောတာ မဟုတ်ဘူး။ မြင့်မြတ်တဲ့ လုပ်ငန်း၊ မြင့်မြတ်တဲ့ စိတ်ထားနဲ့ ဆောင်ရွက်နိုင်မှုကို ဆိုလိုတာ။ အဲဒီတော့ မြင့်မြတ်တဲ့ စိတ်ထားရှိတဲ့သူတွေ၊ အာဇာနည်တွေ အများကြီးရှိဖို့ လိုအပ်တယ်လို့ ပြောသွားပါတယ်” ဟု ဦးဉာဏ်ဝင်းက
ပြန်ပြောပြသည်။

တနာရီကြာ ကျင်းပသည့် အဆိုပါ အခမ်းအနားတွင် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ် စာစောင်ပြပွဲနှင့် ကဗျာရွတ်ဖတ်ပွဲများလည်း ထည့်သွင်း ကျင်းပခဲ့သည်။

ဧည့်ပရိသတ် ၄ ထောင်ခန့် တက်ရောက်ကြသည့် အဆိုပါအခမ်းအနားသို့ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအရာရှိများလည်း တက်ရောက်ကြောင်း လုံခြုံရေး တာဝန်ယူပေးခဲ့သည့် တာဝန်ခံ ကိုစိုးထွန်းက မဇ္ဈိမကို
ပြောသည်။
rzn1
“ ရုံးခန်းထဲတင် မကတော့ဘူးလေ။ ရုံးပြင်မှာကလည်း ထောင်ကျော်ရှိနေတယ်။ ဒါ ကျနော်တို့ဘက်ခြမ်းနော်။ မျက်နှာချင်းဆိုင်ဘက် အခြမ်းမှာလည်း လူတွေက အများကြီးပဲဗျ။ ဒီအခမ်းအနားပြီးရင် အန်တီတို့က ကားနဲ့ထွက်မှာ။ အဲဒီမှာ သတင်းထောက်တွေရော လူအုပ်ကြီးက အဲဒီဘက်ကို ပြေးလိုက်သွားမှာ။ အဲလောက်ဖြစ်နေတော့ ကျနော်တို့လည်း စိုးရိမ်တာပေါ့” ဟု သူက ပြောသည်။

အခမ်းအနား ကျင်းပနေစဉ် လူ ၇ဝ ကျော်ရှိ လူအုပ်တအုပ် လမ်းတလျှောက် ချီတက်လာသည်ကို တွေ့ရ၍ စိုးရိမ်မိသော်လည်း ၎င်းတို့မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တစည မှဖြစ်ပြီး နှုတ်ဆက်လက်ပြ၍ အာဇာနည်ကုန်းဘက် ချီတက်သွားတော့မှ စိတ်အေးရသည်ဟုလည်း ကိုစိုးထွန်းက ပြောသည်။

သူက ဆက်ပြီး “ကျနော်တို့ ဘယ်လောက်စိုးရိမ်ရသလဲဆိုတာ နားလည်လားဗျ။ အန်တီတို့ကား ထွက်လည်းထွက်ရော ဟိုဘက်ဒီဘက် ကားလမ်းတွေက ပြုံဆင်းလာတော့ မနည်းကို မေတ္တာရပ်ခံရတာ။ အဲဒီတော့မှ အန်တီတို့ကား ထွက်သွားနိုင်ပြီး လူထုက ကျန်ခဲ့တာ။ အဲဒီတော့မှ ၄ ယောက်တတွဲ တန်းပြီးတော့ ချီတက်ကြတာ” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်မှာ ပါတီလူကြီးများ၊ လွှတ်တော်ကိုယ်စားပြုကော်မတီမှ ခေါင်းဆောင်များ၊ ဝါရင့်နိုင်ငံရေးသမားကြီးများနှင့်အတူ အာဇာနည်ဗိမာန်သို့ ဒုတိယအကြိမ် သွားရောက်ဂါရဝပြုပြီး နေအိမ်သို့
ပြန်ရောက်ခဲ့သည်။

ကျန်ရှိနေသော လူထုပရိသတ်မှာ ညနေအထိ အစီအစဉ်အတိုင်း ၄ ယောက်တတွဲ တန်းစီကာ ဝင်ရောက် အလေးပြုခဲ့ကြသည်။

“တာဝန်ရှိတဲ့သူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဘာမှ အနှောင့်အယှက်၊ အတားအဆီး မရှိပါဘူး။ အာဏာပိုင်တွေက သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း ရှာတာဖွေတာတော့ ရှိတာပေါ့၊ လုံခြုံရေးအရ။ အားလုံးကို ဝင်ခွင့်ပေးနေပါတယ်။ လူက ၄ ထောင်၊ ၅ ထောင် ကျော်တယ်” ဟု လုံခြုံရေးတာဝန်ကျ လူငယ်တဦးက ပြောသည်။
rzn4
လူထုချီတက် အလေးပြုပွဲအား လူငယ်ကွန်ယက်အဖွဲ့ဝင်များက ပူးပေါင်းစီစဉ်ခဲ့ခြင်း ဖြစ်သည်။

မနက်ပိုင်းတွင် လာရောက်သည့် လူငယ်အချို့အား ခြောက်ထပ်ကြီး ဘုရားအနီး တာဝန်ကျ လုံခြုံရေးများက ရပ်တန့် စစ်ဆေးမှုများသာ ပြုလုပ်ခဲ့သည်။

၁၉၈၈ တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်မှာ အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက် ဂါရဝပြုခွင့်မှာ ၂၀၀၂ ခုနှစ်အထိ ၈ ကြိမ်သာ ရရှိခဲ့သည်။

၂ဝ၁၁ တွင် သားဖြစ်သူ ကိုထိန်လင်းနှင့်အတူ ဇူလိုင်လ ၁၂ ရက်နေ့တွင် အာဇာနည်ဗိမာန်သို့ သွားရောက် ဂါရဝပြုခွင့် ရရှိခဲ့သေးသည်။


မြစ်ကြီးနား အာဇာနည်နေ့ အခမ်းအနား

ကချင်ပြည်နယ် အုပ်ချုပ်ရေးမှူးက အာဇာနည်နေ့ အခမ်းအနား မလုပ်ရန် တားမြစ်ခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က မြစ်ကြီးနားရှိ ပြည်နယ်ပါတီရုံး၌ အင်္ဂါနေ့တွင် ကျင်းပခဲ့ကြောင်း မြို့နယ်စည်းရုံးရေးမှူး ဦးဝင်းဗိုလ်က ပြောသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးလဂျွန်ငန်ဆိုင်းက NLD ကချင်ပြည်နယ် ဥက္ကဋ္ဌ ဦးလှဆိုင်းနှင့် ပါတီခေါင်းဆောင် တဦးဖြစ်သူ ဦးတင်ဝေတို့ကို အင်္ဂါမနက်ပိုင်းတွင် ခေါ်ယူ တားမြစ်ခဲ့သော်လည်း နေ့လည်ပိုင်းတွင် ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မြို့တော်မြစ်ကြီးနား အေးစေတီကုန်းအဆင်းရှိ ပါတီရုံး၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့မနက်ကတော့ ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးလဂျွန်ငန်ဆိုင်းက ခေါ်ပြီးတော့ ပြောတယ်။ ကျနော်တို့ဆီမှာ
အားလုံး စီစဉ်ထားပြီးဖြစ်လို့ မလုပ်ရင် မရဘူးဆိုပြီး လုပ်တာပဲလေ” ဟု ဦးဝင်းဗိုလ်က မဇ္ဈိမကို ပြောသည်။ အခမ်းအနား ကျင်းပနေစဉ် အနှောင့်အယှက် တစုံတရာ မရှိဟု ဆိုသည်။

အခမ်းအနားသို့ ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်း၊ တနိုင်း၊ ဝိုင်းမော်၊ ဖားကန့်နှင့် မြစ်ကြီးနားမြို့မှ ပါတီဝင် ၈၄ ဦး တက်ရောက်ခဲ့သည်။ ၎င်းတို့က နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ရန်၊ တိုင်းရင်းသားများနှင့် အပစ်အခတ် ရပ်စဲရန် အစိုးရသစ်ကို တောင်းဆိုကာ၊ မြစ်ဆုံရေကာတာ စီမံကိန်းကို ကန့်ကွက်ခဲ့သည်။

အဆိုပါ တောင်းဆိုချက်ပါ ကြေညာချက်ကို သမ္မတ ဦးသိန်းစိန်ထံ ပေးပို့သွားမည်ဟု ဆိုသည်။


ရွှေဘို အခမ်းအနား

စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင်လည်း အာဏာပိုင်များ တားမြစ်သည့်ကြားက အာဇာနည်နေ့ အခမ်းအနား ကျင်းပခဲ့သည်။ ဇူလိုင် ၁၇ ရက်တွင် ပါတီဥက္ကဋ္ဌ ဦးတင်ဝင်းနှင့် တွဲဘက်အတွင်းရေးမှူး ကိုအောင်မျိုးတို့အား
ခေါ်ယူတွေ့ဆုံ တားမြစ်ခဲ့သေးသည်ဟု ဦးတင်ဝင်းက မဇ္ဈိမကို ပြောသည်။

“နှစ်စဉ်လုပ်နေကျမို့ ကျနော်တို့ အေးအေးချမ်းချမ်း လုပ်မယ်ဆိုတာ သိပါတယ်တဲ့။ သို့သော် အဖျက်အမှောက်တွေ
ပေါနေတဲ့အတွက် မလုပ်ဘဲနေရင် ကောင်းမယ်ပေါ့။ ကျနော်တို့က ဖိတ်ထားပြီး ဖြစ်တဲ့အတွက် စီစဉ်ထားတဲ့ အတိုင်း ကျင်းပသွားမှာလို့ ဆွေးနွေးပြီး လုပ်ကြတာပါ” ဟု သူက ပြောသည်။

ပါတီဝင် ၅ဝ ခန့် တက်ရောက်သည့် အခမ်းအနားသို့ လွတ်လပ်ရေးမော်ကွန်းဝင် အသက် ၉ဝ အရွယ် ဦးသန်းညွန့် လာရောက် ဟောပြောခဲ့သည်။

အခမ်းအနား ကျင်းပသည့် ပါတီရုံးအနီးတွင် ရဲများနှင့် အရပ်ဝတ် လုံခြုံရေးများ စောင့်ကြပ်ခဲ့သော်လည်း အနှောင့်အယှက် မရှိခဲ့ပေ။

အခြားသော ပြည်နယ်နှင့် တိုင်းများတွင်လည်း ၆၄ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဆွမ်းကျွေးနှင့် အခမ်းအနားများ ကျင်းပခဲ့ကြရာ စစ်ကိုင်း၊ မတ္တရာ၊ ရေနံချောင်း၊ ရေတာရှည်၊ ကော့သောင်းမြို့များလည်း ပါရှိသည်။

၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ဂါရဝပြုနေစဉ် :: မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ အာဇာနည်ဗိမာန်တွင် ပြုလုပ်သော ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ဂါရဝပြုနေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၆ လအလို သူ၏ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့် ယာယီအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် သက်တော်စောင့် တဦးတို့သည် ပြိုင်ဘက် နိုင်ငံရေးသမား ဦးစော၏ လက်ပါးစေများက သေနတ်ဖြင့် ပတ်ခတ် သတ်ဖြတ်၍ ဇူလိုင် ၁၉ ရက်၊ ၁၉၄၇ ခုနှစ် တွင် သေဆုံးခဲ့ရသည်။ လွမ်းသူပန်းခွေချ ဂါရဝပြုရန် လာနေစဉ် :: မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွမ်းသူပန်းခွေချ ဂါရဝပြုရန် လာနေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ လွမ်းသူပန်းခွေချ ဂါရဝပြုရန် လာနေစဉ် :: မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွမ်းသူပန်းခွေချ ဂါရဝပြုရန် လာနေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုတပ်ဖွဲ့က သေနတ်မြှောက် အလေးပြုသည်ကို အင်္ဂါနေ့ ဇူလိုင် ၁၉  ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၆ လအလို ဇူလိုင် ၁၉ ရက်၊ ၁၉၄၇ ခုနှစ်က လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသော ကက်ဘိနက် အဖွဲ့ဝင်များနှင့် သက်တော်စောင့် တဦးတို့သည် ပြိုင်ဘက် နိုင်ငံရေးသမား ဦးစော၏ လက်ပါးစေများ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည်။ ၆၄ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုတပ်ဖွဲ့က သေနတ်မြှောက် အလေးပြုသည်ကို အင်္ဂါနေ့ ဇူလိုင် ၁၉  ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ၆ လအလို ဇူလိုင် ၁၉ ရက်၊ ၁၉၄၇ ခုနှစ်က လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းဦးစီးသော ကက်ဘိနက်အဖွဲ့ဝင်များနှင့် သက်တော်စောင့် တဦးတို့သည် ပြိုင်ဘက် နိုင်ငံရေးသမား ဦးစော၏ လက်ပါးစေများ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည်။

အကြီးတန်း စစ်ထောက်လှမ်းရေး အရာရှိများကို ထောင်မှ လွှတ်ပေး

လင်းသန့် Tuesday, 19 July 2011 19:25

နှစ်ရှည်ထောင်ဒဏ် ကျခံနေကြရသော စစ်ထောက်လှမ်းရေး အရာရှိဟောင်း အနည်းဆုံး ၅ ဦးကို ဇွန်လအတွင်းက အကျဉ်းထောင်များမှ ပြန်လည် လွှတ်ပေး လိုက်ကြောင်း သတင်းရရှိသည်။

San_Pwint

အကျဉ်းထောင်မှ ပြန်လွှတ်ပေးလိုက်သည်ဟု ဆိုသော ဗိုလ်မှူးကြီးဟောင်း စန်းပွင့် (ဓာတ်ပုံ - Shan Land)

၎င်းတို့မှာ ဗိုလ်မှူးကြီးဟောင်း စန်းပွင့်၊ ဒု ဗိုလ်မှူးကြီးဟောင်း သက်တင်စိန်၊ ဗိုလ်မှူးဟောင်း ညီညီလွင်၊ ဗိုလ်မှူးဟောင်း စည်သူ၊ ဗိုလ်မှူးဟောင်း ထွန်းအောင်စိုးတို့ ဖြစ်သည်။

ဗိုလ်မှူးကြီးဟောင်း စန်းပွင့်သည် ယခင်က စစ်ထောက်လှမ်းရေးအဖွဲ့၏ တိုင်းရင်းသားရေးရာ ဒုတိယ တာဝန်ခံတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှုတို့ဖြင့် သရက်ထောင်တွင် ထောင်ဒဏ် အနှစ် ၄၀ ကျော် ပြစ်ဒဏ်ပေးခံရသည်။

ဒု ဗိုလ်မှူးကြီးဟောင်း သက်တင်စိန်မှာ ကာကွယ်ရေးဝန်ကြီးဌာန၏ ထောက်လှမ်းရေးဌာန (ကကလှမ်း) မှ ဗိုလ်မှူးချုပ် မြင့်အောင်ဇော် ဦးစီးခဲ့သည့် ကကလှမ်း ရုံးချုပ်တွင် အရာရှိတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

စန်းပွင့်နှင့် သက်တင်စိန်တို့သည် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ လက်ရုံးများဖြစ်ခဲ့သည်။ ၎င်းတို့သည် ၁၉၈၀ ဝန်းကျင်နှောင်းပိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီအား ဖြိုခွဲခဲ့ပြီး ၁၉၈၉ နှင့် ၁၉၉၀ တို့တွင် ယင်းပါတီမှ မြေအောက်ကွန်ရက်အဖွဲ့ဝင် ဦးသက်ခိုင်နှင့် အပေါင်းအပါများကို ဖမ်းဆီးခဲ့သူလည်း ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၇ ခုနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရာတွင်လည်း စန်းပွင့်နှင့် သက်တင်စိန်တို့သည် အရေးပါသောကဏ္ဍမှ ပါဝင်ခဲ့သည်။

ဗိုလ်မှူးဟောင်း ညီညီလွင်မှာ ရှမ်းပြည်မြောက်ပိုင်း၊ ကွမ်လုံ စစ်ထောက်လှမ်းရေးရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ် သည်။

ဗိုလ်မှူးဟောင်း ထွန်းအောင်စိုးသည် ဧရာဝတီတိုင်း ပုသိမ်အခြေစိုက် စစ်ထောက်လှမ်းရေး တပ်ဆွယ်တာဝန်ခံတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ယခင် တန်ပြန် စစ်ထောက်လှမ်းရေး အရာရှိဟောင်းလည်းဖြစ်၊ ၀ါရှင်တန်တွင် လက်ထောက် သံရုံးတာဝန်ခံအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က သက်တင်စိန်၊ ညီညီလွင် နှင့် ထွန်းအောင်စိုးတို့ နှစ်ရှည်ထောင်ဒဏ်ကျခံနေရခြင်းမှ မကြာသေးခင်က ပြန်လည်လွတ်မြောက်လာသည်မှာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

“ဒါပေမယ့် အဓိကကျတဲ့ စစ်ထောက်လှမ်းရေး အရာရှိ တော်တော်များများကတော့ အခုထိ ထောင်တွေထဲမှာ ရှိနေဆဲပါ။ ကြည့်ရတာ စမ်းလွှတ်ပေးတာထင်တယ်” ဟု ဦးအောင်လင်းထွဋ်က ဧရာဝတီသို့ ပြောသည်။

၂၀၀၄ ခုနှစ် အောက်တိုဘာလက ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း၊ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နှင့် စစ်ထောက်လှမ်းရေး အရာရှိ ၃၈ ဦးတို့သည် လာဘ်ပေးလာဘ်ယူမှု၊ အာဏာ အလွဲသုံးစားလုပ်မှုတို့ဖြင့် ထောင်ဒဏ် ၂၀ နှစ်မှ ထောင်ဒဏ် ၁၆၀ နှစ်အထိ ချမှတ်ခံခဲ့ရပြီး ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကိုမှု ဆိုင်းငံ့ ပြစ်ဒဏ် ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခဲ့ပြီး နေအိမ်အကျယ်ချုပ်ဖြင့် ထိမ်းသိမ်းထားခဲ့သည်။

တန်ပြန် ထောက်လှမ်းရေး တာဝန်ခံ ဗိုလ်မှူးချုပ်ဟောင်း သန်းထွန်းသည် ထောင်ဒဏ် နှစ်ပေါင်း ၁၆၀ ချမှတ်ခံထားရသည်။

၂၀၀၄ ခုနှစ် အောက်တိုဘာလတွင် စစ်ထောက်လှမ်း ရေးများကို ဖမ်းဆီးဖြိုခွဲခဲ့ရာတွင် စစ်ထောက်လှမ်းရေး မိသားစုဝင်များနှင့် ယင်းတို့နှင့် ပတ်သက်သည့် အရပ်သားများကိုပါ ဖမ်းဆီးထိမ်းသိမ်းခဲ့သည်။

ဦးခင်ညွန့်၏ သားသမက်ဖြစ်သူ ဦးတင်ထွဋ်သည်လည်း စီးပွားရေးပုဒ်မများဖြင့် ထောင်ဒဏ် ၁၄၈ နှစ် ကျော် ချမှတ်ခဲ့ပြီး စစ်ထောက်လှမ်းရေးဌာန၏ နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲ ဗိုလ်မှူးချုပ်သိန်းဆွေ၏ သားဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် ဦးဆန်နီဆွေလည်း ဖမ်းဆီးထောင်ချခံရသည်။

ဗိုလ်မှူးချုပ်ဟောင်း သိန်းဆွေသည် လာဘ်ပေးလာဘ်ယူမှု၊ အာဏာအလွဲသုံးစားမှုတို့ဖြင့် ထောင်ဒဏ် ၁၅၂ နှစ် ချမှတ် ခံထားရသည်။

“စစ်ထောက်လှမ်းရေးဟောင်းတွေကို ထောင်ထဲမှာ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့က လူတွေက မကြာခဏ လာတွေ့ပြီး ဆွေးနွေးတာတွေလုပ်တယ်။ သူတို့ကို တိုင်းရင်းသားကိစ္စတွေမှာ ပြန်သုံးဖို့အတွက် အကြံဥာဏ်ယူတာတွေလဲရှိတယ်” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတဦးက ပြောသည်။

၂၀၀၉ ခုနှစ်ကလည်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ထံသို့ ကာကွယ်ရေးဌာန စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ) ၅ တပ်မှူး ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေက သွားရောက် တွေ့ဆုံခဲ့သည်ဟုလည်း သိရသည်။

အာဇာနည်ဗိမာန်သို့ သွားရောက်သူ များပြား

လင်းသန့် Tuesday, 19 July 2011 17:22

ဒေါ်အောင်ဆန်းစုကြည် နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူ ၂၀၀၀ ကျော်တို့ ယနေ့ နေ့လယ် ၁၂ နာရီ ခန့်က ရန်ကုန်မြို့ အာဇာနည်ဗိမာန်သို့ သွားရောက် ဂါရ၀ပြုကြသည်။

19_July_evening_01

NLD ရုံးရှေ့မှ အာဇာနည်ဗိမာန်သို့ ချီတက်သွားသူများ (ဓာတ်ပုံ - Facebook)


အာဇာနည်ဗိမာန် ၀န်းကျင်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခ ဖြစ်ပွားခြင်း မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ လူ ၁၀၀ အဖွဲ့ က ကားနဲ့ သပ်သပ်သွားတယ်။ အခု ကျနော်တို့ NLD ရုံးချုပ်ရှေ့က ထွက်လာတာက လူ ၂၀၀၀ ကျော် ရှိတယ်။ ဘေးက လိုက်ပါတဲ့ လူတွေကတော့ များတယ်။ လုံခြုံရေးတွေ ဘေးက ရှိပေမယ့် အားလုံး အဆင်ပြေပြေ အေးအေးချမ်းချမ်းပဲ” ဟု NLD လူငယ် တာဝန်ခံတဦးဖြစ်သူ ကိုရာဇာက ဧရာဝတီကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အာဇာနည် ဗိမာန်သို့ ယနေ့ ဒုတိယအကြိမ် သွားရောက်ခြင်း ဖြစ်သည်။

နံနက်ပိုင်း အာဇာနည်နေ့အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုဝင်တဦးအဖြစ် တက်ရောက်ခဲ့သည်။

နေ့ခင်းပိုင်းတွင် NLD ခေါင်းဆောင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) အဖွဲ့ဝင်များ၊ လူငယ် ကွန်ယက် အဖွဲ့ဝင်များနှင့်အတူ သွားရောက်ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ ဒေသခံ အများအပြားလည်း တနှစ်လျှင် တရက် ၀င်ခွင့်ရသည့် အာဇာနည်ဗိမာန်သို့ သွားရောက် အလေးပြုကြသည်။

လုံခြုံရေးအရ စစ်ဆေးမှုခံယူပြီးလျှင် အာဇာနည်ဗိမာန် အတွင်းသို့ တကြိမ်လျှင် လူ ၅၀ နှုန်းဖြင့် ၀င်ရောက် အလေးပြုခွင့် ရှိသည်ဟု ဆိုသည်။

နံနက် ၁၀ ခွဲခန့်က အာဇာနည်ဗိမာန်သို့ လွမ်းသူ့ပန်းခွေများဖြင့် လမ်းလျှောက် ချီတက်သွားကြသူတချို့ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားအနီးတွင်ခေတ္တ တားဆီးခံရသည့်သတင်းများ ပေါ်ထွက်လာသည်။

“အပေါ်ဖြူ၊ အောက်က ယောလုံချည် အနက် ၀တ်ထားတဲ့ လူငယ်တွေကို လမ်းလျှောက် ချီတက်တာ ပြဿနာဖြစ်မှာ စိုးလို့ လုံထိန်းရဲတွေက ကားနဲ့ အာဇာနည်ဗိမာန်ကို လိုက်ပို့တယ်။ တချို့က ဖမ်းတယ် ထင်သွားတာ။ အမှန်က မဟုတ်ပါဘူး” ဟု ကိုရာဇာက ရှင်းပြသည်။

အာဇာနည်နေ့ အခမ်းအနားများကို မန္တလေးတိုင်းအတွင်းရှိ မတ္တရာ၊ သာစည်၊ ၀မ်းတွင်း ၊ မိတ္ထီလာ စသည့် မြို့နယ်များတွင်လည်း လုပ်ဆောင်ကြပြီး သံဃာတော်များအား ဆွမ်းကပ်ကာ ကျဆုံးသွားကြသော အာဇာနည်ခေါင်းဆောင်ကြီးများကို အမျှပေးဝေကြသည်။

19_July_evening_02

အာဇာနည်ဗိမာန်သို့ သွားရောက်သူတချို့က ဗိုလ်ချုပ်အောင်ဆန်းပုံပါသည့် အင်္ကျီများ ၀တ်ဆင်ထားကြသည် (ဓာတ်ပုံ - Facebook)


မန္တလေးတိုင်း NLD ရုံးတွင် ကျင်းပသည့် အခမ်းအနားတွင် ကဗျာဆရာကြီး ကိုလေး (အင်းဝ ဂုဏ်ရည်) က ဟောပြောခဲ့ကြောင်း သိရသည်။

ယနေ့ ကျရောက်သော ၆၄ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအဖွဲ့ဝင် မဟုတ်သူတို့ကလည်း အောက်မေ့ဖွယ် အစီအစဉ်များ သီးခြားစီ လုပ်ဆောင်ကြသည်။

မန္တလေးမြို့ မနော်ယမန်ဥယျာဉ်ရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင်ထိုင်၍ ဆုတောင်း မေတ္တာ ပို့သနေသူတဦးကို အားပေး ကြည့်ရှုသူများ၊ လုံခြုံရေးများဖြင့် စည်ကားနေကြောင်းလည်း သတင်းရရှိသည်။

အာဇာနည်နေ့သည် ၁၉၄၇ ခုနှစ်တွင် လုပ်ကြံခံရသည့် နိုင်ငံရေးခေါင်းဆောင်များအတွက် ဂုဏ်ပြု သတ်မှတ်ထားသောနေ့ ဖြစ်သည်။

ထိုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ အတွင်းဝန်ရုံးကို မသမာသူများက ၀င်ရောက်ပစ်ခတ်သဖြင့် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွား စပ်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ် ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်၊ သက်တော်စောင့်တဦးဖြစ်သူ ရဲဘော်ကိုထွေးတို့ ကျဆုံးခဲ့ရသည်။

SSA ဌာနချုပ် ကျတော့မည်

သန်းထိုက်ဦး Tuesday, 19 July 2011 18:15

အစိုးရတပ်များ၏ ၄ ရက်ကြာ ထိုးစစ်ဆင်မှုနှင့် ရင်ဆိုင်နေရသည့် ရှမ်းပြည် တပ်မတော် (SSA) မြောက်ပိုင်း သည် ၎င်းတို့၏ ဌာနချုပ်ကို လက်လွှတ်ရတော့မည်ဟု သိရသည်။

လက်နက်ကြီးဒဏ် ခံနေရသော ဌာနချုပ် ကျရန် ၈၀ ရာ ခိုင်နှုန်း သေချာနေသည်ဟု SSA မြောက်ပိုင်း၏ အရာရှိ တဦး ဖြစ်သည့် ဗိုလ်မှူးကြီး စိုင်းထူးက ဧရာဝတီကို ပြောသည်။

SSA တပ်သားများက ဌာနချုပ်အပြင်ဘက်သို့ ဆုတ်ခွာပြီး အစိုးရတပ်များကို ခုခံနေသည်ဟု ဆိုသည်။

နှစ်ဘက် အကျအဆုံး စာရင်းများကို မသိရသေးပေ။

တိုက်ပွဲများကြောင့် စာသင်ကျောင်းနှင့် ဆေးရုံများ ပိတ်ထားကြောင်း၊ ၀န်ထမ်းများက ကျေးသီးမြိုနယ်နှင့် လာရှိုးမြို့နယ်များသို့ ထွက်ပြေး တိမ်းရှောင်နေသည်ဟု သိရကြောင်း ဗိုလ်မှူးကြီးစိုင်းထူးက ဆိုသည်။

ထိုင်းနိုင်ငံ အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်ကလည်း တိုက်ပွဲကြောင့် ရွာပေါင်း ၂၀ မှ ဒေသခံ ၃၀၀ ခန့် အိုးအိမ်စွန့်ခွာ၍ တောထဲသို့ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု သတင်းရကြောင်း ဧရာဝတီကို ပြောသည်။

SSA မြောက်ပိုင်းသည် အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသည့် လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။ သို့သော်လည်း အစိုးရ၏ နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရေး အစီအစဉ်ကို လက်မခံသဖြင့် ငြိမ်းချမ်းရေး ပျက်ပြားသွားသည်။

SSA မြောက်ပိုင်း ထိန်းချုပ်နယ်မြေများမှာ မိုင်းရူး၊ မိုင်းယန်း၊ တန့်ယန်း၊ ကျေးသီး၊ လားရှိုး၊ သီပေါ၊ နမ့်ဆန်မြို့၊ မိုးမိတ် စသည့် ဒေသများ ဖြစ်သည်။

ရှမ်းပြည်နယ်တွင် SSA တောင်ပိုင်း ဟူသော အမည်ဆင်တူသည့် လက်နက်ကိုင်အဖွဲ့တခု ရှိသည်။

SSA တောင်ပိုင်းသည် အစိုးရနှင့် အပစ်အခတ် ရပ်စဲခြင်း မပြုဖူးသည့် အဖွဲ့ ဖြစ်သည်။

ထူးထူးဟန် နာမည်ကြီးပြီ

ဧရာဝတီလူ ၁၀၀ ကျော်ကို သတ်ခဲ့တယ် ဆိုတဲ့ ကိုထူးထူးဟန် (ဓာတ်ပုံ - AAP သတင်းဌာန)

သြစတေးလျရောက် ကိုထူးထူးဟန် ဒီနေ့ကစပြီး နာမည်ကြီးလာပါပြီ။
သူက မြန်မာပြည်မှာ လူအယောက် ၁၀၀ ၀န်းကျင်ကို သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ သတင်းတပုဒ်ကို သြစတေးလျ သတင်းဌာနတွေမှာ ဖော်ပြနေကြလို့ နာမည်ကြီးလာတာပါ။

သူပြောတာတွေကို သတင်းလုပ်ရေးထားတာ smh.com.au မှာ ဖတ်နိုင်ပါတယ်။

၁၉၈၇ နဲ့ ၁၉၉၂ ကြားထဲမှာ မြန်မာစစ်ထောက်လှမ်းရေးရဲ့ လျှို့ဝှက် အဖွဲ့ဝင် တာဝန် ယူခဲ့တယ် ဆိုပဲ။ အသက် ၄၄ ရှိပါပြီတဲ့။ ၂၁ နှစ်အရွယ်မှာ စစ်ထောက်လှမ်းရေးထဲရောက်တယ် ဆိုတဲ့ သဘောပေါ့။

သြစတေးလျမှာ ခိုလှုံခွင့်ရပြီး နိုင်ငံသားဖြစ်နေပါပြီ တဲ့။

ဧရာဝတီက စုံစမ်းကြည့်တော့ သူက နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ထောင်ထဲမှာ ယင်ကောင် အကောင် ၁၀၀ လောက် သတ်ခဲ့တာကို သတင်းထောက်က နားကြားလွဲသွားပြီး
လူ ၁၀၀ လောက် သတ်ခဲ့တယ်လို့ ထင်သွားဟန်တူတယ်လို့ ဆိုပါတယ်။

သူ့ Face Book မှာတော့ သူဟာ ပန်းချီဆရာဖြစ်တယ်လို့ ရေးထားပါတယ်။
http://www.acrogallery.com.au/ မှာလည်း သူ့လက်ရာတွေကို တွေ့ရမှာပါ။