Saturday, August 13, 2011

ဝန်ကြီးဦးကျော်ဆန်းရဲ့ စွပ်စွဲချက်တွေကို KIO တုံ့ပြန်

FROM BBC NEWS

အစိုးရက လက်မှတ်ထိုးဖို့ပဲ အလောတကြီး လုပ်နေတယ်လို့ ဦးလာနန်းက ပြောပါတယ်

နေပြည်တော်မှာ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ ကချင်လွပ်လပ်ရေးတပ်မတော် (KIA) တို့ အပေါ် စွပ်စွဲချက် အမြောက်အများ ပြုလုပ် ခဲ့တဲ့အပေါ် KIO က ပြန်လည်ချေပ ပြောဆိုလိုက်ပါတယ်။

ဝန်ကြီးဦးကျော်ဆန်းက KIA အနေနဲ့ စတင် ပစ်ခတ်ခဲ့တာ ဖြစ်ကြောင်း၊ နောက်ပြီး ဖေါက်ခွဲ ဖျက်ဆီးတာတွေနဲ့ အရပ်သား ပြည်သူ ၂ ဦးကိုလည်း သတ်ပစ်တာတွေ လုပ်ခဲ့ တယ်လို့ စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

KIO ဗဟိုကော်မတီဝင် ဦးလာနန်းက ပြန်လည် ချေပပြောဆိုရာမှာတော့ - အစိုးရ တပ်တွေဘက်က ၁၈ ရက်နေ့ ကစပြီး ပစ်တာ ခတ်တာတွေ မရှိဘူးလို့ ပြောနေပေမယ့်၊ တကယ်တန်း ရှေ့တန်းနယ်မြေတွေမှာ အစိုးရတပ်တွေက စပစ်တာတွေ အများကြီး ရှိကြောင်း ဘီဘီစီကို ပြောပါတယ်။

ဦးလာနန်းကဆက်ပြီးပြောရာမှာတော့ ကချင်ဘက်က ပတန်ကောင်စခန်းကို အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်လို့၊ လက်နက်ကြီး ကျည်တွေဟာ တရုတ်ပြည် ဘက်ကို ကျသွားတာ တွေရှိတယ်လို့ ဆိုပါတယ်။

နောက်ပြီး ဖားကန့်ဘက်မှာ အစိုးရတပ်က သူတို့အချင်းချင်း မှားပစ်တာတွေကို ကြည့်ရင် ဘယ်သူက စပစ်တယ်ဆိုတာ အဖြေပေါ်နေတယ်လို့ ဦးလာနန်းက ပြောပါတယ်။

ဖားကန့်မှာ ဦးမြင့်စိုးဆိုတဲ့ အရပ်သားတဦးကို KIA ကနေ ဝါးရင်းတုတ်နဲ့ ရိုက်သတ်တာ၊ နောက် ရေဒီယိုပြင်တဲ့ မြင့်နိုင်ဦးကိုလည်း တုတ်နဲ့ရိုက် ဓါးနဲ့ခုတ် သတ်တာတွေ ရှိတယ်လို့ ဝန်ကြီး ဦးကျော်ဆန်းက စွပ်စွဲသွားတာကိုတော့ ဦးလာနန်းက သူတို့မှာ စာရင်း အတိအကျ မရှိကြောင်းနဲ့ အစိုးရဘက်က လုပ်ကြံ ပြောတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အပစ်ရပ်ရေး လက်မှတ်ရေးထိုးဖို့ ကိစ္စ အပေါ်မှာတော့ KIO ဘက်က သိချင်တာတွေကို အစိုးရက ရှင်းရှင်းလင်းလင်း ဖြေကြားဖို့ အရေးကြီးကြောင်း ဦးလာနန်းက ပြောပါတယ်။

လောလောဆယ် အစိုးရဘက်က လက်မှတ်ထိုးဖို့ကိုပဲ အလောတကြီး လုပ်နေကြောင်း သူကဆိုပါတယ်။

အပစ်အခတ်ရပ်စဲပြီးနောက်မှာ - နိုင်ငံရေးဆွေးနွေးပွဲကို ဘယ်လို့ အဆင့်နဲ့ သွားမလဲ ဆိုတာရယ်၊ နောက်ပြီး ၁၉၄၇ ပင်လုံစာချုပ်ပေါ်မှာ လက်ရှိအစိုးရက ဘယ်လို သဘောထား သလဲ ဆိုတာတွေကို KIO ဘက်က ရှင်းရှင်းလင်းလင်း သိချင်ပါတယ်လို့ ဦးလာနန်းက ပြောပါတယ်။

အပစ်ရပ်ထားတဲ့ ၁၇ နှစ်မှာ ဘာနိုင်ငံရေးမှ ဆွေးနွေးတာတွေ မရှိကြောင်းနဲ့ အခုလည်း အပစ်ရပ်စဲပြီးရင် နောက်ဘာတွေ ဆွေးနွေးမယ်ဆိုတာ အတိအကျ ချထားပေးဖို့ နိုင်ငံတော်မှာ တာဝန်ရှိတယ်လို့လည်း ပြောကြားသွားပါတယ်။