Tuesday, July 26, 2011

တာမွေလမ်းမှူး ရိုက်၍ လူငယ်ခေါင်းကွဲ

ကိုပေါက်၊ မျိုးသန့် | အင်္ဂါနေ့၊ ဇူလိုင်လ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၁၁ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း တာမွေမြို့နယ်တွင် လူငယ်နှစ်ဦးအား ရပ်ကွက်အာဏာပိုင်က ရိုက်နှက် ကန်ကျောက်ခဲ့၍ တဦး ခေါင်းကွဲပြီး ၃ ချက် ချုပ်လိုက်ရကြောင်း သိရသည်။

တနင်္ဂနွေည ၉ နာရီခန့်တွင် တာမွေမြို့နယ် ဓမ္မဒါနလမ်းမှူး ဦးဘိုဘိုဟန်က ကိုယ်ပိုင် ဆူဇူကီးကား (၁ခ/၉၉၃၇)ဖြင့် မောင်းနှင်လာစဉ် လမ်းလျှောက်နေသည့် ကိုမြစံနှင့် ကိုချစ်မင်းကိုတို့အား မထီမဲ့မြင် ပြုသည်ဆိုကာ ဇတိလလမ်းနှင့် ပုညဝဋဏလမ်းထောင့်၌ ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

“ကလေးတွေက တောင်းပန်ပြီး ထွက်သွားတော့ ဘိုဘိုဟန်ဆိုတဲ့ လူက ကားပေါ်ကနေ တုတ်ဆွဲပြီး ချစ်မင်းကို ဆိုတဲ့ကောင်လေးကို အရင်ရိုက်တယ်။ သူကတော့ ခေါင်းမကွဲဘူး။ နောက် ကိုမြစံကို ထပ်ရိုက်တယ်။ ခေါင်းကွဲ
သွားပြီး သွေးတွေ ဖြာကနဲ ထွက်သွားတယ်။ ကောင်လေးက ထပ်တောင်းပန်တယ်။ အဲလိုတောင်းပန်တာကိုတောင် ရင်ညွန့်ကို ဆောင့်ကန်လိုက်သေးတယ်” ဟု မျက်မြင် ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။

ညတွင်းချင်းပင် တာမွေအမှတ် ၄၀ ရဲစခန်းအား သွားရောက် အမှုဖွင့် တိုင်ကြားထားပြီး ရိုက်နှက်သူ ဦးဘိုဘိုဟန်နှင့် အဖော်မှာ ရဲစခန်းအတွင်း လွတ်လပ်စွာ နေထိုင်နေကြောင်းလည်း အဆိုပါ အမျိုးသမီးက “ရဲစခန်း လူ ၂ဝ လောက် အကုန် လိုက်သွားကြတယ်။ စခန်းမှာ ရိုက်တဲ့လူလည်း ရောက်နေပြီ။ ဒါပေမယ့် လက်ထိပ်ခတ်ထားတာ ဘာမှ မရှိပါဘူး။ တရားခံ တယောက်လို မဟုတ်ဘဲ လွတ်လွတ်လပ်လပ်ပဲ ဖြစ်နေပါတယ်။ ဖုန်းပြောလိုက်၊ အပြင်ထွက် လိုက်နဲ့” ဟု ပြောသည်။

အရိုက်ခံရသည့် လူငယ်နှစ်ဦးအနက် ဦးခေါင်းတွင် ၃ ချက် ချုပ်လိုက်ရသည့် အသက် ၂၀ ကျော် အရွယ် ကိုမြစံ (၁၁/ကဖနနိုင် ဝ၇၆၉၇၉) အဖ ဦးမောင်ဘညွန့်မှာ ရခိုင်ပြည်နယ် ကျောက်ဖြူဇာတိဖြစ်ပြီး မင်္ဂလာသုခ ပါဠိတက္ကသိုလ် တွင် တည်းခိုနေထိုင်ကာ ၅၆ လိုင်းကား စပယ်ယာ လုပ်နေသူ ဖြစ်သည်။

ကိုမြစံနှင့်အတူ လိုက်ပါလာသူ ကိုချစ်မင်းကို (၁၁/ကဖနနိုင် ဝ၈၄၇၁၄) အဖ ဦးကျော်ထွန်းဖြူမှာ ရန်ကုန်မြို့သို့ အလည်အပတ် ရောက်ရှိလာခြင်း ဖြစ်ပြီး ဦးဘိုဘိုဟန်၏ ရိုက်နှက်ခြင်းကို အရင်ခံရကာ ဦးခေါင်း ဖူးရောင်သွားသည်။

တနင်္လာမနက်တွင် ဦးဘိုဘိုဟန်တို့ အာမခံဖြင့် လွတ်လာပြီး ကိုမြစံတို့ တည်းခိုရာကျောင်းသို့ လာရောက်ကာ အမှုပိတ်ရန် ဆရာတော်အား လျှောက်ထားခဲ့သည်ဟုလည်းဆိုသည်။

“အာမခံနဲ့ ပြန်လွတ်လာပြီး ဘုန်းကြီးကျောင်းကို သွားပြီး အမှုပိတ်ခိုင်းတယ်။ ဒီကလေးတွေဟာ မူးယစ်ရမ်းကား
နေလို့ ဆုံးမလိုက်တာပါလို့ ပြောတယ်။ ပြည်သူတွေက အသိသက်သေ မလိုက်ဘူးဆိုရင် အမှုဖျောက်ဖို့ ကြိုးစား
တာပါ” ဟု သက်သေထွက်ဆိုမည့် အမျိုးသမီးက ပြောသည်။

အမှုအတွက် မျက်မြင်သက်သေ လိုက်ပါ ထွက်ဆိုမည့်သူ များပြားနေ၍ နေ့လည်ပိုင်းတွင် ရဲအရာရှိတဦး ရပ်ကွက်ထဲ ရောက်ရှိလာကာ သက်သေ ၅ ဦးကို ရွေးချယ်သွားသည်။

တနင်္လာနေ့ ညနေပိုင်းတွင် ဘုန်းကြီးကျောင်းမှ ဦးဇင်း ၂ ပါးနှင့်အတူ ကိုမြစံတို့ ရောက်ရှိလာပြီး အမှုအတွက် လိုက်ပါ ဆောင်ရွက်ပေးကြဖို့ ရပ်ကွက်အား အကူအညီ တောင်းခံနေစဉ် ဦးဘိုဘိုဟန်တို့ လူသိုက် ရောက်ရှိလာပြီး အခြေအနေ တင်းမာသွားကြောင်းလည်း ရပ်ကွက်တွင်းနေ မျက်မြင်အမျိုးသားတဦးကဆိုသည်။

“ကောင်လေးတွေက ရခိုင်တိုင်းရင်းသားတွေ ဖြစ်ပြီး စကားကိုလည်း လည်လည် ဝယ်ဝယ် မပြောတတ်ကြဘူး။ (ဦး)ဘိုဘိုဟန်တို့က ဘုန်းကြီးတွေကို တရားခံစစ်သလို မေးနေတော့ အဲဒီမှာ မခံမရပ်နိုင်ဖြစ်နေတဲ့ ရပ်ကွက်ထဲက
လူတွေနဲ့ အခြေအတင်များပြီး ပြန်ထွက်သွားကြတယ်။ ခင်ဗျားတို့က ဥပဒေနဲ့လုပ်ရင် ကျနော်တို့ကလည်း ဥပဒေနဲ့ လုပ်မယ်။ နောက်လည်း တွေ့မယ်လို့ ပြောသွားတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

နေပြည်တော်က ကချင်အတွက်သာ ဆွေးနွေးလို


ချင်းမိုင်(မဇ္စျိမ) ။ ။ တိုင်းရင်းသားများ စုစည်းမှုကို ကိုယ်စားပြုကာ မြန်မာနိုင်င်ငံတဝှမ်း အပစ်ခတ် ရပ်စဲရေး
လုပ်ရန် ကချင်လွတ်မြောက်ရေးအဖွဲ့က တောင်းဆိုထားချိန်တွင် နေပြည်တော်က ကချင်ပြည်နယ် တခုတည်း အတွက်သာ ဆွေးနွေးလိုကြောင်း အီးမေလ်းဖြင့် တနင်္လာနေ့ညတွင် အကြောင်းပြန်လိုက်သည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင်ဖြစ်သည့် ကေအိုင်အိုက တနိုင်ငံလုံး
အတိုင်းအတာ အပစ်ခတ် ရပ်ဆိုင်းရေးကို ဗဟိုအစိုးရဘက်မှ သဘောတူပါက အပစ်ခတ် ရပ်ဆိုင်းသွားမည်ဟု
ဇူလိုင် ၈ ရက်နေ့က တင်ပြခဲ့သည့် အပေါ်အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၏ တုံ့ပြန်ချက်တွင် ကချင်ပြည်နယ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက်သာ ဇောင်းပေး ထားသည်ဟု ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။
kachinsoldier

ကင်းလှည့်နေသော ကချင်စစ်သားများကို တွေ့ရစဉ် (ဓါတ်ပုံ ::http://jinghpawkasa.blogspot.com/)


“သူတို့ပြောတာက ကချင်ပြည်နယ်ကို အရင်ရပ်ပြီး စံနမူနာယူပြီးတော့ တခြားနေရာတွေ ရပ်မယ်ဆိုတာက အာမခံချက်မရှိတဲ့ အလုပ်ဘဲ” ဟု ဦးလနန်က ဆိုသည်။

ညီညွတ်သော တိုင်းရင်သားလူမျိုးများ ဖက်ဒရယ်ကောင်စီ - UNFC တွင် ကရင်အမျိုးသား အစည်းအရုံး၊
မွန်ပြည်သစ် ပါတီ ၊ ချင်းအမျိုးသား တပ်ဦး ၊ ကချင်လွတ်မြောက်ရေး အဖွဲ့ ၊ ကရင်နီအမျိုးသား တိုးတက်ရေး
ပါတီ နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ တို့ ပါဝင်သည်။

နေပြည်တော်မှလာသော သတင်းများအရ ကချင်ဒေသတိုက်ပွဲများ အပါအဝင် ရှမ်း၊ ကရင်ဒေသ စစ်ပွဲများ
အကြောင်း အစိုးရအဖွဲ့ဝင်များနှင့် အရာရှိကြီးများအကြား ပြောဆို ဆွေးနွေးခြင်း လုံးဝ မရှိဟု ဆိုသည်။

အစိုးရသစ် အနေဖြင့် KIOကို တိုက်ခိုက်ရန်မှာ လွယ်ကူသော်လည်း နိုင်ငံရေးအရ ဆုံးရှုံးမည်ကို စိုးရိမ်သဖြင့်သာ
ဆွေးနွေးနေရခြင်း ဖြစ်သည်ဟုလည်း အစိုးရ သတင်းရပ်ကွက် တခုက ပြောသည်။

အပစ်အခတ် ရပ်ဆိုင်းရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီ
ပါတီ UDPKS မှ ဦးခက်ထိန်နန်၊ ကြံ့ဖွံ့ပါတီမှ လွှတ်တော်အမတ် ဦးခမိုင်တန်တို့က တဆင့် ကချင်ပြည်နယ်အတွင်းရှိ ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့ ခေါင်ဆောင်များကို စည်းရုံးကာ KIO နှင့် နားလည်မှုရယူရေး ဆောင်ရွက်နေကြသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ထိုသတင်းကို ဦးခက်ထိန်နန်မှ ငြင်းဆိုသည်။
kachinrefugee

စစ်ဘေးရှောင် ဒုက္ခသည်များကို တွေ့ရစဉ် (ဓါတ်ပုံ:: http://jinghpawkasa.blogspot.com/)


“အဲဒါမဟုတ်ဘူးနော် ဦးခမိုင်တန်နဲ့ တလောက ၃၊ ၄ ခါတော့ တွေ့ဖြစ်တယ်။ လက်ဆောင် ပစ္စည်းတွေ လိုက်ပေးတာလောက်ပဲ” ဟု ဦးခက်ထိန်နန်က ဆိုသည်။

ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ပြေးဒုက္ခသည်များကို အစားအသောက်များ လှူဒါန်းရန် အင်္ဂါနေ့တွင် သွားရောက် ကြည့်ရှုနေသည်ဟု ဦးခက်ထိန်နန်က ပြောသည်။

ယင်းတို့ပါတီအနေဖြင့် ဆန်၊ ဆီ၊ ဆား၊ ခြင်ထောင်နှင့် စာအုပ်၊ ခဲတံများကို သွားရောက်လှူဒါန်းခဲ့ရာ ကာလတန်ဖိုး
ကျပ် ၂၅ သိန်းရှိသွားပြီဟု သူက ဆိုသည်။

SSC နှင့် Hot News အမှု သောကြာနေ့တွင်

သဲသဲ | အင်္ဂါနေ့၊ ဇူလိုင်လ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၄ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရွှေဂုံတိုင် အထူးကုဆေးရုံ အုပ်ချုပ်ရေးအဖွဲ့က Hot News ဂျာနယ်နှင့် အယ်ဒီတာချုပ် ဒေါ်ဟေမာ (ခ) မမ ကို တရားစွဲဆိုထားသည့် အမှုအတွက် လာမည့် သောကြာနေ့တွင် ရန်ကုန်တိုင်း တိုင်းဒေသကြီးတရားရုံးတွင် အမှုစတင် စစ်ဆေးတော့မှာ ဖြစ်ကြောင်း တရားလိုဘက်မှရှေ့နေ ဦးရဲမြင့်က ပြောသည်။

Shwe Gon Dine Specialist Centre (SSC) က Hot News ကို နစ်နာကြေး သိန်း ၂ သောင်း ရလိုမှုဖြင့် ရန်ကုန်တိုင်း ဒေသကြီး တရားရုံးတွင် လည်းကောင်း၊ အသရေဖျက်မှု ပုဒ်မ ၅ဝ၅(၁)ဖြင့် ဗဟန်းမြို့နယ် တရားရုံးတွင် လည်းကောင်း အမှုစွဲဆိုထားသည်။
hotnewb

Hot News ဂျာနယ် အယ်ဒီတာချုပ် ဒေါ်ဟေမာ (ခ) မမ


လာမည့် သောကြာနေ့တွင် ရန်ကုန်တိုင်း ဒေသကြီး တရားရုံး၌ နစ်နာကြေး ရလိုမှုဖြင့် စွဲဆိုထားသည့်အမှုကို စတင်ကြားနာမည်ဖြစ်ပြီး ဗဟန်းမြို့နယ် တရားရုံးတွင် စွဲဆိုထားသည့် ပုဒ်မ ၅၀၅ အသေရဖျက်မှုကို သြဂုတ်လ ၅ ရက်နေ့တွင် စတင် စစ်ဆေးမည် ဖြစ်သည်။

အမှုနှင့် ပတ်သက်၍ တရားရုံးအပြင်ဘက်တွင် ဖြေရှင်းကာ ပြေလည်မှုရအောင် ကြိုးစားမှုများလည်း ရှိနေသည်ဟု ယုံကြည်ရပြီး ကြားဝင် စေ့စပ်ပေးနေသူ ရှိသော်လည်း ပြေလည်မှု မရသေးဘဲ ဖြစ်နေသည်။

“နှစ်ဘက် အကျိုး လိုလားသူ တယောက်က ဝင်ပြီး စေ့စပ်ပေးသူ တယောက်တော့ ရှိပါတယ်။ ဘယ်သူဆိုတာတော့ ကျနော် အတိအကျ မသိပါဘူး” ဟု SSC ဘက်မှ အမှုလိုက်ရှေ့နေ ဦးရဲမြင့်က မဇ္ဈိမကို ပြောသည်။

ကြားဝင် စေ့စပ်ပေးသူမှာ ယခင်စစ်အစိုးရ နံပါတ် ၂ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး မောင်အေးနှင့် ရင်းနှီးသူ ကမ္ဘောဇဘဏ်သူဌေး ဦးအောင်ကိုဝင်း ဖြစ်သည်။

“သူတို့ (SSCဘက်မှ တာဝန်ရှိသူများ)နဲ့ တွေ့ကြည့်ပါ ဆိုတော့ ကျမ ကမ္ဘောဇရုံးချုပ်မှာ ပထမတခါ လိုက်တွေ့တော့ အဆင်မပြေပါဘူး။ သူတို့က လူနာရှင်အနေနဲ့ ရေးထားတဲ့ အပေါ်မှာ ကွဲလွဲနေတယ်လို့ ပြောတော့ အစ်မကလည်း
SSC ရဲ့ Customer က မကျေနပ်လို့ ကျမရဲ့ ဂျာနယ်တိုက်ကို လာရောက် ပြောဆိုခြင်း ဖြစ်တယ်လို့ ပြောလိုက်တယ်” ဟု ဒေါ်မမက ပြောသည်။

ကမ္ဘောဇ ဘဏ်ရုံးချုပ်တွင် တွေ့ဆုံခဲ့ရာ SSC ဆေးရုံဘက်မှ အဓိက ရှယ်ယာရှင်များဖြစ်သည့် ဒေါက်တာဇော်ထွန်း၊
ဒေါက်တာ ဌေးဌေးရီတို့လည်း ပါဝင်ခဲ့သည်ဟု ဆိုသည်။

နှစ်ဘက်ညှိနှိုင်းမှုကို တရားရင်ဆိုင်သွားမည်ဟု ကြေငြာခဲ့သည့် Hot News ဂျာနယ်၏ ဇူလိုင်လ ၈ ရက် သတင်းစာ ရှင်းလင်းပွဲ နောက်ပိုင်းတွင် ယခုကဲ့သို့ တွေ့ဆုံမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဇွန်လ ပထမပတ်ထုတ် Hot News ဂျာနယ်တွင် ရွှေဂုံတိုင် SSC ပုဂ္ဂလိက ဆေးရုံ၏ ဝန်ဆောင်မှုနှင့် ပတ်သက်သည့် သတင်းဆောင်းပါးမှာ ဆေးရုံကို အသရေပျက်စေသည်ဟုဆိုကာ ဇွန်လ ၃ဝ ရက် နောက်ဆုံးထားကာ
တောင်းပန်ရန်နှင့် မတောင်းပန်ပါက ဥပဒေကြောင်းအရ အရေးယူသွားမည်ဟု SSC က ဇွန်လ ၆ ရက်နေ့တွင် သတိပေးစာ ပို့ခဲ့သည်။

သို့သော် Hot News က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ အမှုဆိုင်သွားမည်ဟု ပြောဆိုခဲ့သည်။

Hot News ဂျာနယ်ကို သတင်းပေးခဲ့သည့် လူနာရှင် မိသားစုမှလည်း SSC ဆေးရုံ၏ ဝန်ဆောင်မှု အပေါ် မကျေနပ်သည့် အတွက် အရေးယူပေးရန် နိုင်ငံတော်သမ္မတ၊ ရန်ကုန်တိုင်း အစိုးရနှင့် မြန်မာနိုင်ငံ ဆေးကောင်စီတို့ထံ ဇွန်လ ၂၄ ရက်နေ့က တိုင်ကြားထားကြောင်းလည်း ဒေါ်မမက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၏ တတိယအကြိမ် သတင်းစာ ရှင်းလင်းပွဲတွင်လည်း အဆိုပါ တိုင်စာအတွက် အရေးယူဆောင်ရွက်မှု အခြေအနေကို သိရှိရန် မေးမြန်းရာ ဝန်ကြီး ဦးဉာဏ်ထွန်းဦးနှင့် အခြေအတင် ဖြစ်ခဲ့သေးဟု
ဒေါ်မမက ပြန်ပြောပြသည်။

“အခုချိန်ထိ အဲဒီအတွက် ဘာ Result မှ ထွက်မလာသေးလို့ ဆောင်ရွက်မှုကို သိချင်ပါတယ်လို့ အမက ပြောတဲ့အခါမှာ အမနဲ့ သူ (ဦးဉာဏ်ထွန်းဦး) နဲ့ အခြေအတင် ငြိကြတာပါ” ဟု ပြောသည်။

ဒေါ်မမသည် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးခင်မောင်သန်း၏ သမီးဖြစ်ကာ ပေဖူးလွှာ မဂ္ဂဇင်း အမှုဆောင် အယ်ဒီတာချုပ်နှင့် Faces မဂ္ဂဇင်း ထုတ်ဝေသူလည်း ဖြစ်သည်။

Hot News ဂျာနယ်မှာ SSC နှင့် အမှုအပြင် ခရီးသွားလုပ်ငန်းနှင့် ပတ်သတ်သည့် ဆောင်းပါး တပုဒ်ကြောင့်လည်း
ဇေကမ္ဘာ ဦးခင်ရွှေ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့က တရားစွဲဆိုထားသေးသည်။

ပြည်မြန်မာကုန်တိုက် ချိတ်ပိတ်ဟုဆို

မျိုးသန့် | အင်္ဂါနေ့၊ ဇူလိုင်လ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၀၈ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆိုင်ခန်းပိုင်ရှင်များက အကြိမ်ကြိမ် ကန့်ကွက်နေသော်လည်း ရန်ကုန်မြို့ ပြည်မြန်မာ ကုန်တိုက်ဝင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ချိတ်ပိတ်လိုက်ပြီ ဖြစ်သည်။

စီးပွားကူးသန်းဝန်ကြီးဌာနက ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံရှိ ကုန်တိုက်ဝင်း တံခါးများကို တနင်္ဂနွေနေ့
ညနေ ၆ နာရီတွင် ပိတ်ပစ်လိုက်ကာ “ ဤအဆောက်အဦးသည် နိုင်ငံတော်ပိုင် အဆောက်အဦး ဖြစ်သည် မည်သူမျှ ကျူးကျော် ဝင်ရောက်ခြင်း မပြုရ ဝင်ရောက်ပါက ဥပဒေအရ အရေးယူခြင်းခံရမည်” ဟု စာကပ်ထားသည်။

သို့သော်လည်း ကုန်တိုက် ပရဝဏ်အတွင်းရှိ ဆိုင်ခန်း ၉၈ ခန်းအနက် ဆိုင်ခန်း သုံးခန်းမှာ ဆက်လက် ဖွင့်ထားဆဲ
ဖြစ်သည်။

“ အစိုးရပိုင်းက တစုံတခု မပြောမချင်း ဒီနေရာက ကျနော်တို့ လုံးဝမဖယ်ဘူး ” ဟု ဆိုင်ခန်းဖွင့်ထားဆဲ ဆိုင်ရှင် တဦးက ပြောသည်။

အထပ် ရှစ်ထပ်ရှိ ကုန်တိုက် အဆောက်အဦးကို မတ်လ တတိယပတ်အတွင်း MMRD Co.Ltd ကုမ္ပဏီနှင့် AA Medical Product Co.Ltd ကုမ္ပဏီတို့မှ ကျပ်သိန်းပေါင်း လေးသောင်း တထောင်ဖြင့် ဝန်ကြီးဌာနမှ လေလံအောင်ခဲ့သည်။ ထို့နောက်ကုန်တိုက် ပရဝဏ်အတွင်းရှိ ဆိုင်ခန်းများကို ဖယ်ရှားခိုင်းခဲ့သည်။

ဆိုင်ခန်းရှင်များမှ နစ်နာမှုအတွက် လျော်ကြေး သို့မဟုတ် နေရာအစားထိုးရရန် ဆိုင်ခန်းရှင်များက အာဏာပိုင်များ၏ ကြားဝင်မှုကို တောင်းဆိုခဲ့သော်လည်း လစ်လျူရှုခံနေရသည်။

ဆိုင်တခန်းချင်းစီအတွက် ကျပ်ငွေ သိန်း ၁၀၀ စီ သို့မဟုတ် ဆိုင်ခန်းအစားထိုး သို့မဟုတ် ဝါတွင်းကာလအတွင်း ဆက်လက် ဖွင့်လှစ်ရောင်းချခွင့် တို့ကို နိုင်ငံတော် သမ္မတ အပါအဝင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အစိုးရဌာန အသီးသီးသို့ အသနားခံစာများ ဧပြီ ပထမပတ် ကတည်းက တင်ပြထားကြသည်။

ယခုအချိန်တွင် အစိုးရဌာနဆိုင်ရာ အသီးသီးသို့ အသနားခံစာများ တင်ပြထားသည်မှာ ၁၉ ကြိမ်ရှိပြီဟုလည်း ဆိုင်ခန်းရှင်များက ဆိုကြသည်။

ဆိုင်ခန်းရှင်အချို့က ရန်ကုန်တိုင်း ကုန်သွယ်ရေး ညွှန်ကြားရေး ဦးစီးဌာန ရုံးသို့ ဆိုင်ခန်းများ သွားရောက် အပ်ပြီး
ဖြစ်သော်လည်း ကျန်သူများမှ သွားရောက် အပ်နှံခြင်း မရှိသေးဘဲ စောင့်ဆိုင်းနေသည်။

ပြည်မြန်မာကုန်တိုက် လေလံအောင်သူမှ လေလံအောင် ဧရိယာ အကျယ်အဝန်းဖြစ်သည့် ပေ ၈ဝ၊ ပေ ၁၂ဝ အကျယ်အဝန်းအတွင်း သာမက ကျန်ဧရိယာအတွင်းရှိ ဆိုင်ခန်းများကိုလည်း ဖယ်ရှားရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ မေလကုန်တွင် ဖိအားပေးခဲ့ခြင်းကြောင့်လည်း လေလံအောင်သူမှာ
လေလံအောင် ဧရိယာထက် ပိုယူသည်ဟု ဆိုင်ခန်းရှင်များမှ စွပ်စွဲကြသည်။

ကမာရွတ်မြို့နယ် အမှတ် ၈၁၊ အင်းစိန်လမ်းနှင့် လှည်းတန်းလမ်းထောင့်ရှိ ထိုပြည်မြန်မာ အဆောက်အဦးကို
နိုင်ငံပိုင် အဆောက်အဦးများ ရောင်းချရေး ကော်မတီမှ ယခုနှစ် ဖေဖေါ်ဝါရီလ ဒုတိယပတ်က လေလံတင်
ရောင်းချခဲ့ခြင်း ဖြစ်သည်။

၁၃၊ ၂၊ ၂ဝ၁၁ နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖေါ်ပြချက်အရ လေလံတင်သည့် အဆောက်အဦးမှာ ရှစ်ထပ်အမြင့်ရှိ ပြည်မြန်မာ ကုန်တိုက်ဖြစ်ပြီး မြေအကျယ်အဝန်းမှာ ပေ ၁၂ဝ၊ ပေ ၈ဝ ဖြစ်သည်။

ပြည်မြန်မာကုန်တိုက် ပရဝဏ်၏ စုစုပေါင်း အကျယ်အဝန်းမှာ ၁,၉၄၂၇.၇၆ ဧရိယာ စတုရန်းပေရှိသည်ဟု ဆိုင်ခန်းရှင်များက မဇ္ဈိမကို ပြောကြသည်။

တရုတ်ကုမ္ပဏီ ဓာတ်ငွေ့ပိုက်လိုင်းများ စချ

ရန်ပိုင် Tuesday, 26 July 2011 18:20 from ဧရာဝတီ

ရခိုင်ကမ်းလွန်မှ တရုတ်နိုင်ငံသို့ သွယ်တန်းမည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကို မကွေးတိုင်း အတွင်းတွင် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) ကုမ္ပဏီက လုပ်ငန်း စတင် အကောင်အထည်ဖော်နေပြီ ဖြစ်သည်။

News_Gas_Pipe_26_July_2011

မြန်မာပြည်ဘက်အခြမ်းသို့ ပို့မည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတင် ကားများကို ယူနန်ပြည်နယ် ကြယ်ဂေါင်ဘက်အခြမ်းတွင် တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)


မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများကို ဖြတ်သန်းမည့် အဆိုပါ စီမံကိန်းအတွက် ရေနံချောင်းမြို့နယ်အတွင်းရှိ ၀က်မစွတ်၊ ညောင်ညို၊ ရေနက်ချောင်း၊ အုတ်သျှစ်ကုန်း၊ ငါးလံတာ၊ ရှားတော စသည့် ကျေးရွာများ၌ ပိုက်လိုင်းများချကာ လုပ်ငန်းများ စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း ရေနံချောင်းဒေသခံတဦးက ပြောသည်။

“၀က်မစွတ်မှာ တရုတ်ဝန်ထမ်းတွေနေဖို့ အိမ်တွေဆောက်နေပြီ။ ပိုက်တွေပုံထားပြီးပြီ။ စက်ယန္တရားတွေလည်း ရောက်နေပြီ” ဟု ၎င်းကဆိုသည်။

အကျယ် ၃၀ လက်မ၊ ၁ လက်မ ထု ရှိသည့် ပိုက်များကို မြေအောက်အနက် ၆ ပေခန့်တွင် မြှုပ်နှံရန် စက်ယန္တရားများဖြင့် စတင်လုပ်ဆောင်နေကြောင်း၊ ဓာတ်ငွေ့ပိုက်လိုင်းများသည် ပွင့်ဖြူမြို့နယ်မှ ဧရာဝတီမြစ်ကို ဖြတ်သန်းကာ ရေနံချောင်းမြို့နယ်သို့ ၀င်ရောက်မည်ဖြစ်ရာ မြစ်ကို ဖြတ်သန်းသွယ်တန်းမည့် ၆ ပေ အမြင့်ရှိ ပိုက်လိုင်းများကို သံဂဟေဆက်ခြင်း လုပ်ငန်းများကိုလည်း စတင်လုပ်ဆောင်နေ ပြီဖြစ်သည်ဟု အဆိုပါဒေသခံက ဆက်ပြောသည်။

ယခုပိုက်လိုင်း ဖြတ်သန်းသည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသသည် ဆီထွက်သီးနှံများနှင့် ပဲမျိုးစုံ အများဆုံး စိုက်ပျိုးထုတ်လုပ်သည့် ဒေသဖြစ်ပြီး ပိုက်လိုင်းချသည့် လုပ်ငန်းများ လုပ်ကိုင်နေစဉ်အတွင်း သီးနှံပျက်စီးမှုများနှင့် ထွန်ယက်စိုက်ပျိုးမှုများ ခေတ္တ ရပ်ဆိုင်းထားရသည့် တောင်သူများကို တရုတ်ကုမ္ပဏီက သီးနှံထွက်ရှိမှုအပေါ် မူတည်၍ ထိုက်တန်သည့် လျော်ကြေးပေးကြောင်း သိရသည်။

ပိုက်လိုင်းဖြတ်သန်းရာ ယင်းဒေသတလျှောက် မြေယာသိမ်းဆည်းမှုများ မရှိကြောင်း၊ သီးနှံပျက်စီးမှုအတွက် အများဆုံးလျော်ကြေး သိန်း ၁၅၀ ခန့်ရရှိသည့် တောင်သူများလည်းရှိသည်ဟု ၀က်မစွတ်ကျေးရွာမှ တောင်သူကြီးတဦးကလည်း ပြောသည်။

“ပိုက်လိုင်းပြီးသွားရင် သီးနှံပြန်စိုက်လို့ရတယ်။ ပိုက်လုံးတွေ ပုံထားဖို့ မြေငှားရင်လည်း ပိုက်ဆံရတယ်” ဟု အဆိုပါ တောင်သူကြီးက ပြောသည်။

ယခုအခါ မြန်မာနိုင်ငံတ၀ှမ်း၌ တောင်သူလယ်သမားများထံမှ စစ်တပ်နှင့် ငွေကြေးချမ်းသာသည့် ကုမ္ပဏီကြီးများက မြေများ အဓမ္မ သိမ်းယူနေချိန်တွင် နိုင်ငံခြားကုမ္ပဏီတခုက ထိုက်တန်သည့် လျော်ကြေးပေး ငှားရမ်းလုပ်ကိုင်နေသည့်အတွက် တရားမျှတမှု ရှိသည်ဟု ထင်မြင်ကြောင်း ၎င်းတောင်သူကြီးက ဆက်လက်ပြောသည်။

အဆိုပါ စီမံကိန်းသည် ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းတွင် စတင်ကာ အမ်းမြို့နယ်အတွင်းမှနေ၍ ရခိုင်ရိုးမကို ဖြတ်ကျော်မည်ဖြစ်ပြီး ထို့နောက် မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းမှ ဧရာဝတီမြစ်ကို ဖြတ်သန်းပြီး ရေနံချောင်းမြို့နယ်အတွင်း ၀င်ရောက်မည်ဖြစ်သည်။

ထိုမှတဆင့် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်၊ ထိုမှ ပုသိမ်ကြီးမြို့နယ်မှ မေမြို့သို့လည်းကောင်း၊ ရှမ်းပြည်နယ် သီပေါ၊ ကျောက်မဲ၊ လားရှိုးဒေသမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့နှင့် ကွမ်ကျိုးပြည်နယ် ချုံကင်းမြို့အထိ ဖောက်လုပ်မည်ဖြစ်သည်။

ယခုတည်ဆောင်နေသည့် ပိုက်လိုင်းသည် စုစုပေါင်း ၂၈ဝ၆ ကီလိုမီတာ ရှည်လျားမည်ဖြစ်ပြီး တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း ကုမ္ပဏီက ၂၀၁၃ ခုနှစ်တွင် အပြီး တာဝန်ယူ တည်ဆောက်မည်ဖြစ်သည်။

KNU ကို ရှင်းရန် ထိုင်း ဖိအားပေးခံရ

သန်းထိုက်ဦး Tuesday, 26 July 2011 18:04 from ဧရာဝတီ

ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်များကို ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်မပြုရန် မြန်မာ အစိုးရက ထပ်မံ ဖိအားပေးနေကြောင်း တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး စမတ်လွိုင်ဖာ့က ဧရာဝတီကို ယနေ့ ပြောသည်။

bridge-in-Maesot

နယ်စပ်ကုန်သွယ်မှုတွင် အရေးပါသည့် မြ၀တီ-မဲဆောက် တံတားကို မဲဆောက်မြို့ဘက်မှ တွေ့ရပုံ။ တနှစ်ကျော်ကြာ ပိတ်ထားသည့် ဤတံတား ပြန်ဖွင့်ရေးမှာ နယ်စပ်တွင် လှုပ်ရှားနေသော KNU နှင့် ဆက်စပ်နေသည်ဟု ဆိုသည် (ဓာတ်ပုံ - ဧရာဝတီ)


KNU ခေါင်းဆောင် အများအပြား မဲဆောက်မြို့နှင့် အနီးရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်လျက်ရှိသည်ဟု သတင်းရထားကြောင်း၊ ထိုဒေသသို့ ထွက်ပြေး တိမ်းရှောင်နေသည်ဟူသော ဗုံးခွဲအကြမ်းဖက်သူများကိုလည်း ဖမ်းဆီးပေးစေလိုကြောင်း မြန်မာအစိုးရက တောင်းဆိုနေသည်ဟု ဆိုသည်။

“မြန်မာ အစိုးရက ထိုင်းအစိုးရကို ဒီကိစ္စတွေ အားလုံး ဖြေရှင်းသွားအောင် ဆောင်ရွက်စေချင်တယ်၊ မဲဆောက် - မြ၀တီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတား ပိတ်လိုက်တာလည်း ဒီကိစ္စနဲ့ ပတ်သက်နေတယ်” ဟု စမတ် လွိုင်ဖာ့က ဆက်ပြောသည်။

ဖိအားပေးသည့်အတိုင်း ထိုင်းအစိုးရ ဆောင်ရွက်ပေးလျှင် နယ်စပ်ကုန်သွယ်မှုတွင် အရေးပါသည့် မြ၀တီ မဲဆောက် တံတားကို မြန်မာဘက်က တနှစ်ကျော်ကြာ ပိတ်ထားရာမှ ပြန်ဖွင့်ပေးဖွယ်ရှိသည်ဟု သူက ဆက်ပြောသည်။

KNU ကမူ ၎င်းတို့ ခေါင်းဆောင်များ ထိုင်းနယ်မြေတွင် အခြေချနေထိုင်ခြင်း မရှိဟု ဆိုသည်။

“ဒုက္ခသည်စခန်းကို ကျနော်တို့က အခြေခံပြီးတော့ အစိုးရစစ်တပ်ကို ပြန်တိုက်စရာ ဘာအကြောင်းမှ မရှိဘူး” ဟု KNU တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ဧရာဝတီကို ပြောသည်။

ယခင်နှစ်ကလည်း မဲဆောက်မြို့ရှိ KNU ခေါင်းဆောင်တို့ နေထိုင်သည့်ဟု ယူဆရသော နေအိမ်တချို့ကို ထိုင်းအာဏာပိုင်တို့က ရှောင်တခင် ၀င်ရောက်စစ်ဆေးပြီး KNU စစ်ဘက် ထိပ်ပိုင်း ခေါင်းဆောင်များ မြန်မာပြည်ရှိ KNU ထိန်းချုပ်နယ်မြေတွင်သာ အခြေချရန် ဖိအားပေးခဲ့သည်။

ဤအတောအတွင်း မဲဆောက်ဒေသ ထိုင်းအာဏာပိုင်တို့၏ လှုပ်ရှားမှုများမှာ ပုံမှန် အခြေအနေတွင် ရှိနေကြောင်း AAPP ခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) ၏ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။

မြန်မာပြည်သား အလုပ်သမား သိန်းနှင့်ချီ ရှိသော မဲဆောက်မြို့တွင် မြန်မာအဖွဲ့အစည်းများ လှုပ်ရှားနေသည်ဟု သိရသည်။