Wednesday, August 17, 2011

နောက် ၂ ပွဲလုပ်ဦးမယ် ... ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖိတ်မယ်

FROM ဧရာဝတီ


နေပြည်တော် မြို့တော်ခန်းမ


(Credit to မြစ်မခ မီဒီယာ)

သြဂုတ်လ ၁၈ ရက်နှင့် ၁၉ ရက်နေ့၊ နေပြည်တော်တွင် ပြုလုပ်ကျင်းပမည့် စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲအား တက်ရောက်ရန် သမ္မတ ဦးသိန်းစိန်မှ ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားထားကြောင်း သိရပါသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တက်ရောက်မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ စီးပွားရေးပညာရှင်များကလည်း တက်ရောက်ကြမည်ဖြစ်ပြီး သမ္မတ၏ စီးပွားရေး အကြံပေးပညာရှင်များလည်း တက်ရောက်မည် ဖြစ်ကြောင်း ကြားသိရသည်။

ပြည်တွင်းမီဒီယာများမှ အချို့ကိုလည်း ဖိတ်ကြားထားသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်ဒီ နိုင်ငံရေးခြေလှမ်းသစ်များ

ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်ဒီ နိုင်ငံရေးခြေလှမ်းသစ်များ
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ သြဂုတ် ၁၇၊ ၂၀၁၁
ယမန်နေ့က မြန်မာပြည်ရဲ့ အတိုက်အခံပါတီ အင်န်အယ်ဒီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်နဲ့ တွေ့ဆုံစကားပြောခွင့်ရခဲ့ပါတယ်။ အဲသည်မှာ အများက စိတ်ဝင်စားနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကြံ့ဖွံ့အစိုးရသစ်တွေ့ဆုံပွဲကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပဲခူးခရီးစဉ် စတာတွေကို မေးမြန်းဖြစ်ပါတယ်။
ယခင်အပတ်က ပဲခူးကိုသွားခဲ့တဲ့ခရီးစဉ်က အရင်ပုဂံခရီးစဉ်လိုမျိုး ပုဂ္ဂိုလ်ရေးခရီးစဉ်မျိုးပဲလား ခင်ဗျ။
ကျနော့်အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည် ၂၀၀၃ ခုနှစ်မေလကုန်က စတင်ပြီးတော့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးချိန်ကစလို့ ယခု၂၀၁၀ နိုဝင်ဘာလ လွတ်မြောက်လာပြီးတဲ့နောက်ပိုင်း ပထမဦးဆုံးအကြိမ် နိုင်ငံရေးခရီးစဉ်လို့ ပြောချင်တယ်။ ဒါက အင်န်အယ်ဒီပါတီရဲ့ အထွေထွေအတွင်းရေးမှူးရဲ့ နိုင်ငံရေးခရီးလို့ ကျနော်တို့ဖက်က သုံးနှုံးပါတယ်။ အဖွဲ့ချူပ်ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးတင်ဦးကိုယ်တိုင် လိုက်ပါတဲ့ ခရီးဖြစ်တယ် ဆိုတာကို တွေ့ရတယ်။

ဆိုတော့ လက်ရှိအာဏာရအစိုးရက ခရီးစဉ်ကို ဘယ်လိုမျိုး တုန့်ပြန်တာမျိုး၊ ဆောင်ရွက်ပေးတာမျိုး ရှိတယ်လို့ ပြောနိုင်လဲ။
လက်ရှိအာဏာပိုင်တွေက ပြေပြေလည်လည်နဲ့ လိုက်လိုက်လျောလျောလုပ်ပေးပါ့မယ်လို့ ကမ်းလှမ်းတယ်။ ကျနော်တို့ဖက်ကလည်း လက်ခံတယ်။ အောက်ခြေပိုင်းက လုံခြုံရေးတာဝန်ယူသူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကို နွေးထွေး တက်ကြွစွာနဲ့ ကာကွယ်စောင့်ရှောက်မှုတွေ ပြုလုပ်ကြတာကို တွေ့ရပါတယ်။ ဦးတင်ဦးကိုယ်တိုင်ကလည်း မိန့်ခွန်းပြောဆိုတာတွေလည်း ရှိပါတယ်။ ဒါတွေက ကြည့်လိုက်လို့ရှိရင် အင်န်အယ်ဒီခေါင်းဆောင်တွေရဲ့ နိုင်ငံရေးခရီးစဉ်ဆိုတာ လွန်ခဲ့တဲ့ ၇ နှစ် ဒီပဲယင်းအရေးအခင်းမတိုင်ခင်က အခြေအနေမျိုးလိုမျိုး ပြန်မြင်တွေ့ရတယ်လို့ ပြောလို့ရပါတယ်။
ဟုတ်ကဲ့။ နောက်တချက်ကတော့ လက်ရှိပြည်ထောင်စုဝန်ကြီးတဦးဖြစ်တဲ့ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးတဲ့ အပေါ်မှာကော တိုးတက်မှုတွေ၊ ကောင်းမွန်မှုတွေဆိုတာက ၂ ဖက်စလုံးမှာ ဖြစ်ပေါ်နေတယ်လို့ မြင်ပါသလား။
အဲသည်မှာ တခု အရင်ပြောချင်တာက ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောတဲ့ အချက်တခုပေါ့လေ။ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိပြည်ထောင်စုဝန်ကြီးက လက်ခံတွေ့ဆုံတယ်ဆိုတာက ဒေါ်အောင်ဆန်းစုကြည်က အင်န်အယ်ဒီပါတီရဲ့ ပြည်ထဲရေးဝန်ကြီးဆီကို ပန်ကြားချက်အရ ဦးအောင်ကြည်နဲ့ တွေ့ခွင့်ရတာဖြစ်တာလိုမျိုး ပြောတယ်။ နောက်ပြီးတော့လည်း အင်န်အယ်ဒီပါတီရဲ့ လှုပ်ရှားမှုတွေကို လက်ရှိအခြေအနေမှာ သူတို့ဖက်က စိတ်ကောင်း စေတနာကောင်းနဲ့ ကြည့်ထားမယ်။ ဒီအတိုင်း မျှောထားမယ်လိုမျိုးလည်း ပြောတယ်။ ဒါပေမယ့် နောက်ဆုံးကျရင်တော့ အင်န်အယ်ဒီပါတီဟာ မှတ်ပုံတင်ရမယ်လို့ ပြောတာမျိုးတွေ ရှိတယ်။
သို့သော် တဖက်ကလည်း လက်ရှိအစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဦးအောင်ကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေတယ်။ အရင်ပထမတွေ့ဆုံပွဲအပေါ်မှာ ကျနော်က ဦးအောင်ကြည်ဟာ လက်ရှိအစိုးရရဲ့ ဆက်သားပဲလို့တောင် သုံးနှုံးဖူးတယ်။ ဒါပေမယ့် အခုတကြိမ်မှာကျတော့ သူတို့ဖက်က သုံးနှုံးတဲ့ စကားလုံးကိုယ်တိုင်မှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုလို့ သုံးစွဲလာတယ်။ ဒါက ဘာပြသလဲဆိုတော့ သူတို့အစိုးရဖက်မှာကို ကွဲပြားတဲ့ သဘောထား ၂ရပ် ဖြစ်နေတာကို တွေ့ရတယ်လို့ ပြောချင်တယ်။
ဆိုတော့ အခုတွေ့ဆုံဆွေးနွေးပွဲတွေဆိုတာဟာ တသီးပုဂ္ဂလတွေ့ဆုံပွဲတွေ မဟုတ်ဘူးဆိုရင် အင်န်အယ်ဒီပါတီရဲ့ စီအီးစီတွေ၊ ခေါင်းဆောင်တွေနဲ့ တင်ပြတာတွေ၊ တိုင်ပင်ဆွေးနွေးတာတွေကိုကော ဒေါ်အောင်ဆန်းစုကြည်က လုပ်ပါသလား။
လုပ်ပါတယ်။ အရင်တုန်းက ပထမအကြိမ်တွေ့ဆုံပွဲဖြစ်ခဲ့စဉ်က အချိန်အကန့်အသတ်အရ အခြေအနေအရ ပါတီဦးဆောင်သူတွေထဲက ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ကို အသိပေးခဲ့တယ်၊ ပြောဆိုခဲ့တယ်။ အခု ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ အင်န်အယ်ဒီပါတီက စီအီးစီတွေအားလုံးကို အသိပေးတိုင်ပင်တာ၊ တင်ပြတာတွေ လုပ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လဲ ပါတီအနေနဲ့ ပြည်သူတွေကို ထုတ်ပြန်အသိပေးပါတယ်။
ဆရာတို့ပါတီထုတ်ပြန်ချက်ကလည်း ဒေါ်စုနဲ့ ဦးအောင်ကြည် ပူးတွဲထုတ်ပြန်ချက်ကို လက်ခံတယ်ဆိုတာလောက်ပဲ ဖြစ်နေတယ်လေ။ မြန်မာပြည်သူတွေကိုယ်တိုင်က သည်ထက်ပိုပြီးတော့ သိချင်တာတွေ ရှိနေတယ်။ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်။ လက်ရှိမှာ ပြည်သူတွေ ရင်ဆိုင်နေရတဲ့၊ ခံစားနေရတဲ့ နိုင်ငံရေးအကြပ်အတည်းတွေ၊ လိုလားချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က တင်ပြတောင်းဆိုတာတွေ၊ ဆွေးနွေးတာတွေ မရှိဘူးလား။ နဲနဲတော့ သိချင်ကြတာပေါ့ ဆရာရယ်။ ကျနော်တို့ အပါအ၀င်ပေါ့။
အခုအချိန်မှာ ကျော်ဆန်းတို့ အစိုးရတဖက်က သဘောထားတွေ ထုတ်ပြန်နေချိန်၊ တဖက်ကလည်း ဦးအောင်ကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေချိန်မှာ ကွဲပြားမှုတွေကြားထဲမှာ ဆွေးနွေးနေတာဖြစ်တယ်။ အဲသည်လိုအခြေအနေတွေထဲမှာ ကျနော်ပြောလို့ရသလောက် ပြောရမယ်ဆိုရင် - ကျနော်တို့ အဓိကအချက်ကတော့ အင်န်အယ်ဒီပါတီ မသေဖို့ ဖြစ်တယ်။ အင်န်အယ်ဒီကို ကွယ်ပျောက်သွားခြင်း မရှိစေရဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ဖြစ်တယ် ထို့အတူ အင်န်အယ်ဒီပါတီခေါင်းဆောင်လည်း ဖြစ်တယ်။ ဒါကြောင့် အင်န်အယ်ဒီပါတီဟာ မသေစေရဘူး။ ၂၀၀၈ အခြေခံဥပဒေအောက်မှာ ပြောင်းလဲရပ်တည်ခြင်းမျိုး မဖြစ်စေရဘူးလို့ ကျနော်တို့က သဘောထားကို ကိုင်စွဲထားတယ်။
နောက်အချက်တွေအနေနဲ့ ဆရာတို့ပါတီအပါအ၀င်ပေါ့လေ မြန်မာပြည်သူလူထုတရပ်လုံးရဲ့ သဘောထားဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ လုံးဝလွတ်မြောက်ရေး၊ ကူညီစောင့်ရှောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ်ပွဲတွေ ပပျောက်ရေး၊ ပြည်ထောင်စုအရေး၊ လူ့အခွင့်အရေးတွေအားလုံး အာမခံချက် ရရှိရေး၊ ကာကွယ်စောင့်ရှောက်နိုင်ရေး စတဲ့အချက်တွေပေါ့လေ။ ဒါတွေကို ဆရာတို့ခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက်တွေ၊ ဒီမိုကရေစီကွန်ယက်တွေ၊ လူမှုကွန်ယက်တွေ၊ ကျောင်းသားလူငယ်တွေနဲ့ ပြည်သူလူထုက တစိုက်မတ်မတ် တောင်းဆိုနေတယ်။ လှုပ်ရှားနေတယ်။ လှုံဆော်နေတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးမှု၊ တင်ပြမှု၊ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိလာတယ်လို့ ပြောနိုင်မလား။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီးတော့ ယခင်က ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဆရာတို့ကိုယ်တိုင်လည်း ပြောခဲ့တယ်။ အဲသည် ၉၀ ရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြုကြရမယ် ဆိုတာမျိုးတွေ ပေါ့လေ။
ကျနော့်အနေနဲ့ ပြောနိုင်သလောက် ပြောရရင်တော့ ကျနော်တို့တွေ အထက်က ခင်ဗျားပြောတဲ့ ကိစ္စတွေကို ဆွေးနွေးပါတယ်။ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ အခုအချိန်မှာ ကျနော်တို့က အသေးစိတ် ထုတ်ဖော်ပြောဆိုတာတွေ မလုပ်နိုင်သေးပါဘူး။ သို့သော် အထက်ကပြောခဲ့သလို အင်န်အယ်ဒီရပ်တည်ချက် ပျောက်ပျက်မသွားဘူး။ အင်န်အယ်ဒီ သေမသွားဘူးဆိုတဲ့ အနေအထားနဲ့ ရပ်တည်ချက်နဲ့ ကျနော်တို့တတွေ ဆက်လက်ပြီး ဆွေးနွေးမှုတွေ လုပ်နေတယ်လို့တော့ ပြောနိုင်ပါတယ်။
ဒါဆိုရင် ဟိုးအရင်တုန်းက ၂၀၀၇ သံဃာ့အရေးအခင်းအပြီးမှာ နိုင်ငံတကာနဲ့ မြန်မာပြည်သူလူထုရဲ့ ဖိအားတွေကြောင့် ဗိုလ်သန်းရွှေလက်ထက်မှာ တွေ့ဆုံဆွေးနွေးဖို့ သူ့ဖက်ကတောင်းဆိုခဲ့သလိုမျိုး အတိုက်အခံဖက်က ဒီအချက် ဒီအချက်တွေကို စွန့်လွှတ်မှ၊ ဒါတွေကို လျှော့မှ တွေ့ဆုံဆွေးနွေးမယ်လို့ ကြိုတင်စည်းမျဉ်းတွေ သတ်မှတ်ခဲ့တာမျိုးတွေ ရှိခဲ့တယ်။ အခုဒီတခေါက်က အဲသည်လိုမျိုး တဖက်သတ် ကြိုတင်သတ်မှတ်ချက်တွေကို လက်ခံပြီး တွေ့ဆုံတာမျိုး မဟုတ်ပါဘူးလို့ ပြောနိုင်မလား ဆရာ။ ဥပမာ ၂၀၁၀ ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေက ၉၀ရွေးကောက်ပွဲရလဒ်ကို စွန့်လွှတ်တယ်၊ ၂၀၀၈ အခြေခံဥပဒေကို လက်ခံတယ်လို့ ကြိုတင်သတ်မှတ်ချက်တွေကို ခံဝန်ကတိပေးပြီးမှ သူတို့တွေ ရွေးကောက်ပွဲ ၀င်ခဲ့ကြတာမျိုးတွေ ရှိခဲ့တယ်။ အခုတွေ့ဆုံဆွေးနွေးပွဲဆိုတာ ၂ ဖက်စလုံးအတွက် အဓိပ္ပါယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲလား ဆရာ။
အခုအချိန်မှာတော့ ကျနော့်အနေနဲ့က စစ်မှန်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတခု ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ဆွေးနွေးတဲ့အထဲမှာလည်း အင်န်အယ်ဒီရဲ့ ပါတီရပ်တည်ချက် ရှင်သန်နေရေး၊ ၉၀ ရွေးကောက်ပွဲ အသိအမှတ်ပြုနိုင်ရေး၊ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး စတာတွေကို ဆွေးနွေးနေပါတယ်လို့ ပြောလို့ရပါတယ်။
ဟုတ်ပါပြီ။ တွေ့ဆုံဆွေးနွေး အဖြေရှာနေပြီ ဆိုမှာတော့ လူထုလှုပ်ရှားမှုတွေ လှုံ့ဆော်မှုတွေက ဆက်လက်ပြီး လိုအပ်နေဦးမှာလား ဆရာ။ အထက်မှာ ပြောခဲ့သလို နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့၊ သူတို့တွေကို မိသားစုတွေကို ကူညီစောင့်ရှောက်အားပေးဖို့ လှုပ်ရှားမှုတွေ ရှိနေတယ်။ လူ့အခွင့်အရေး၊ အလုပ်သမားအရေး၊ တောင်သူလယ်သမားအရေး၊ ကိစ္စတွေ အာမခံချက်ရှိဖို့၊ ကာကွယ်စောင့်ရှောက်ဖို့၊ ချိုးဖောက်မှုတွေကို ထုတ်ဖော်တားဆီးဖို့တွေ လုပ်ဆောင်နေကြတယ်။ ပြည်တွင်းစစ်တွေ ဖြစ်နေတယ်။ တိုင်းရင်းသားတွေ အိုးမဲ့အိမ့်မဲ့ စွန့်ခွာနေရတယ်။ အထွေထွေ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြပ်အတည်းတွေ ပြသနာတွေ ရှိနေတယ်။ ဒါတွေအတွက် ဆရာတို့ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဦးဆောင်ပြီး လမ်းညွှန်မှုတွေ ပေးခဲ့တယ်။ လူထုလှုပ်ရှားမှုရဲ့ အခမ်းကဏ္ဍကို ဘယ်လို သဘောထားမလဲဆရာ။
ကျနော့်အနေနဲ့ ပြောနိုင်တာကတော့ တွေ့ဆုံဆွေးနွေးပွဲဟာ အစိုးရကိုယ်စားလှယ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးပွဲဖြစ်ပါတယ်။ မြန်မာပြည်သူ လူထုနဲ့ တိုင်းရင်းသားအရေးကိစ္စတွေကိုပါ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ ဆွေးနွေးနေဆဲဖြစ်ပါတယ်။ အဲသည်အချိန်မှာ ပြည်သူလူထုတွေ တိုင်းရင်းသားတွေရဲ့ ပကတိလှုပ်ရှားမှုတွေ၊ အသံတွေ၊ လှုံဆော်မှုတွေကို ကျနော်တို့က ဘာမှ ကန့်ကွက်စရာ တားဆီးစရာ မလိုဘူးလို့ မြင်ပါတယ်။ ဒီလိုမျိုး မြန်မာပြည်သူလူထုတွေရဲ့ လှုပ်ရှားမှုတွေ၊ လှုံဆော်မှုတွေ၊ စည်းရုံးနေကြတာတွေကလည်း တွေ့ဆုံဆွေးနွေးရေးကို ဆက်လက်ပြီး အထောက်အကူဖြစ်တယ်။ နိုင်ငံရေးအရ လူထုရဲ့ လှုပ်ရှားမှုတွေ အသံတွေ တောင်းဆိုမှုတွေကို ကျနော်တို့တတွေ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း နားထောင်နေပြီးတော့ နားစွင့်နေပြီးတော့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက်လုပ်ကိုင်ဖို့ လိုအပ်နေတယ်လို့ ကျနော်ကတော့ ပြောချင်ပါတယ်။
ဟုတ်ကဲ့ပါ ဆရာ။ အခုအချိန်မျိုးမှာ စိတ်ရှည်ရှည်နဲ့ ဖြေပေးတာကို ကျေးဇူးတင်ပါတယ်။ ဆရာလည်း အမြန်ဆုံး နေကောင်းကျန်းမာပါစေလို့ အားလုံးကိုယ်စား ဆုတောင်းပေးလိုက်ပါတယ်။

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ

ကျော်သူ
သြဂုတ် ၁၇၊ ၂၀၁၁ 

 ဇာမဏီငှက် တောင်ပံတဖက်နှင့် ဆရာနန္ဒာသိန်းဇံ
နှစ်ပေါင်းများစွာ လောင်ကျွမ်းခြင်းခံခဲ့ရသော ဇာမဏီငှက်သည် ကြွင်းကျန်ခဲ့သော ပြာပုံမှ တဖန်ပြန်လည် ပေါက်ဖွားလာပြီး ထပြန်သွားသော ဒဏ္ဍာရီငှက် (သို့) သူရဲကောင်းငှက် (သို့) ဇာမဏီငှက်။

  နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဂျပန်နိုင်ငံတွင် အသုံးပြုလျှက်ရှိသော နာရေးပို့ဆောင်ရေး ယာဉ်၏ ခေါင်မိုးပေါ်တွင် ထိုဇာမဏီငှက်ကို ရွှေချကာ အမြတ်တနိုး အထွဋ်အထိပ်တွင် ထားရှိလျှက်ရှိသည်။
၁၄.၈.၂၀၁၁ တနင်္ဂနွေနေ့ ည ၇း၄၀ နာရီအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ မြန်မာပြည်၏ ဘာသာသာသနာအတွက် စာပေသူရဲကောင်းတဦးဖြစ်သူ၊ ဒဿနပညာရှင်၊ အငြိမ်းစား ဒဿနိကဗေဒ ပါမောက္ခ နန္ဒာသိန်းဇံ (မဟာသဒ္ဓမဇောတိကဓဇ) အသက် (၆၅)နှစ်သည် ကွယ်လွန်အနိစ္စရောက်ရှိ သွားပါ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၁၅.၈.၂၀၁၁ တနင်္လာနေ့ နံနက် ၁၀း၃၀ နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဂျပန်နိုင်ငံလုပ် နာရေးပို့ ဆောင်ရေးယာဉ်ဖြင့် သွားရောက်၍ စာရေးဆရာ နန္ဒာသိန်းဇံ၏ ကျန်ရစ်ခဲ့သော ရုပ်ကလပ်အား ရန်ကုန်ပြည်သူ့ဆေးရုံကြီး အအေးခန်းသို့ သွားရောက်၍ သယ်ဆောင်ပြီး ရေဝေးသုဿန်အအေး ခန်းသို့ ပို့ဆောင်ခြင်းကို ပြုလုပ်ခဲ့သည်။

 
     ရန်ကုန်ပြည်သူ့ဆေးရုံကြီး အအေးခန်းမှ ဥက္ကဋ္ဌ ဦးကျော်သူ မောင်းနှင်လာသော နာရေး ပို့ဆောင်ရေးယာဉ် ထွက်ခွာလာချိန်တွင် လေပြင်း မိုးပြင်းများ​ ရွာချထားခြင်းကြောင့် ကိုင်းညွှန့်နေသော အအေးခန်းဂိတ်ပေါက်ရှိ ပိတောက်သစ်ကိုင်းနှင့် မီးကြိုးတို့၏ ချိတ်ဆွဲခြင်းကိုခံရကာ နာရေး ပို့ဆောင်ရေးယာဉ်ခေါင်မိုးပေါ်ရှိ ရွှေချကာ အမြတ်တနိုး အထွဋ်အထိပ်ထားရှိသော ဇာမဏီငှက်၏ အတောင်ပံတဖက်ကို ရိုက်ချိုးခြင်းခံလိုက်ရသည်။ ထို့ကြောင့် ရိုက်ချိုးခံရသော ဇာမဏီငှက်အရုပ်အား နောက်မှလိုက်လံ ကူညီဖေးမပေးသော စာရေးဆရာမ ဒေါ်သန်းမြင့်အောင် စီးနှင်းလိုက်ပါလာသော မော်တော်ယာဉ်ပေါ်သို့ တင်ဆောင်ကာ ရေဝေးသုဿန်အအေးခန်းသို့ ဆရာ နန္ဒာသိန်းဇံ၏ ရုပ်ကလပ်အား ပို့ဆောင်ပေးခဲ့တော့သည်။    

 
      လမ်းခရီးတွင် အတွေးနယ်ချဲ့ခဲ့သည်။ ဇာမဏီငှက်ဟုဆိုရာ၌ ဒဏ္ဍာရီငှက် (သို့) သူရဲကောင်း ငှက် (သို့) အာဇာနည်ငှက် ဟု တင်စားခေါ်ဆိုကြသည်။ ဆရာ နန္ဒာသိန်းဇံသည်လည်း မြန်မာပြည်၏ စာပေသူရဲကောင်း (သို့) စာပေအာဇာနည်တဦးပင် ဖြစ်သည်။ ယခု ဆရာ နန္ဒာသိန်းဇံ၏ ၁၈.၈.၂၀၁၁ ကြာသပတေးနေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် ရေဝေးသုဿန်၌ ဂူသွင်းသင်္ဂြိုဟ်မည့် နောက်ဆုံး ခရီးဖြစ်သော နှုတ်ဆက်ပွဲအတွက် ဆရာ၏ ကျန်ရစ်သောရုပ်ခန္ဓာကိုယ်အား ပြင်ဆင်ပြုပြင် ထိန်းသိမ်းထားရန်အတွက် အအေးခန်းသို့ ပို့ဆောင်ရာတွင် ဇာမဏီငှက် တောင်ပံတဖက်ကျိုး ကျန်ရစ်ခဲ့သည့် အတိတ်နိမိတ်သည် မြန်မာပြည်တွင်း ပြည်သူပြည်သား အားလုံးတို့အတွက် ဆက်လက်ပေးဆပ်ရန် ဆရာ့ကိုယ်စား တစုံတယောက်အား အမွေထားရစ်ခဲ့လေသလားဟု . . . . ။   
    ဆရာထားရစ်ခဲ့သော ဒဏ္ဍာရီ၊ အာဇာနည်၊ သူရဲကောင်းတည်းဟူသော ပညာအမွေကို မည်သူ ဆက်လက်၍ ထိမ်းသိမ်းပါတော့မည်နည်း။

ကြွေ
သန်လျင်မြို့၊ ကုလားတန်းရွာနေ မမိုးမိုးခိုင် အသက် (၃၈) နှစ်သည် ၁၅.၈.၂၀၁၁ တနင်္လာနေ့ နံနက်ပိုင်းတွင် ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ကွယ်လွန်အနိစ္စ ရောက်ရှိသွားခဲ့သည်။
မမိုးမိုးခိုင်သည် သားသမီး ၃ ဦးရှိခဲ့ပြီး ယခု ထပ်မံ၍ စတုတ္ထမြောက် သမီးရတနာလေးအား မွေးဖွားရန်ရက် နီးကပ်လာချိန်တွင် အသက်ရှုကျပ်ဝေဒနာကို ခံစားရသောကြောင့် သန်လျင် ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ခဲ့ရာတွင် လူနာ၏အခြေအနေမှာ စိုးရိမ်ရသဖြင့် ရန်ကုန်ဗဟို အမျိုးသမီးဆေးရုံသို့ အရေးပေါ်ထပ်မံပို့ဆောင်ကာ ကလေးငယ်အား မွေးဖွားသန့်စင်မှုကို ဆရာဝန်ကြီးများမှ ကြိုးစားပမ်းစား အရေးပေါ်မွေးဖွားမှုကို ပြုလုပ်ပေးခဲ့သော်လည်း မမိုးမိုးခိုင် တယောက်သည် နဂိုကမရှိခဲ့သော နှလုံးရောဂါ ဖောက်ပြန်မှုကြောင့် ရင်သွေးငယ်အား ကြိုးစား၍ မွေးဖွားပေးခဲ့သော်လည်း အသက်ဆုံးပါးသွားခဲ့သည်။

မိခင်ဖြစ်သူ မမိုးမိုးခိုင် ဆုံးပါးသွားသည်နှင့် တချိန်တည်း မမိုးမိုးခိုင်၏ မိခင်ဝမ်းဗိုက်အတွင်း ကျန်ရှိနေသော ရင်သွေးငယ်အား အရေးပေါ် ထပ်မံခွဲစိတ် မွေးဖွားပေးခဲ့သော်လည်း ကလေးငယ်မှာလည်း မိခင်ဖြစ်သူ မမိုးမိုးခိုင်နောက်သို့ တချိန်တည်း တပြိုင်တည်း လွင့်ကြွေသွားရှာခဲ့သည်ကို ရင်နင့်စွာဖြင့် မြင်တွေ့ခဲ့ရတော့သည်။

 
ကြွေ
ဖူးကြွေ . . . ပွင့်ကြွေ
အကင်းကြွေနှင့် . . . .
နုကြွေ . . . ရင့်ကြွေ
အမှည့်ကြွေတို့ . . . .
လေကြွေ . . . မိုးကြွေ
ပိုးကိုက်ကြွေ၍ . . . .
ခူးကြွေ . . . ပုတ်ကြွေ
ထိုထိုကြွေသည် . . . . နေ့ကြွေ . . . ညကြွေ . . . နံနက်ကြွေတဲ့။
  ထို့ကြောင့် မိခင်ဖြစ်သူ မမိုးမိုးခိုင်နှင့် ရင်သွေးဖြစ်သူ ကလေးငယ်လေးသည် မည်သည့် ကြွေပုံ ကြွေနည်းဖြင့် ကမ္ဘာလောကကြီးမှ ကြွေခဲ့ကြပါသနည်း . . . . ။

မန္တလေးတွင်လည်း ရေကြီး




ချင်းမိုင် (မဇ္ဈိမ) ။       ။ မန္တလေးမြို့တွင် တနင်္လာနေ့ညက တညလုံး မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာမှ ချောင်းရေ လျှံမှုများ ဖြစ်ပွားခဲ့ပြီး ရပ်ကွက် အချို့တွင် ရေနစ်မြုပ်နေကြာင်း မန္တလေးမြို့ခံများက ပြောသည်။

မြို့၏ အနောက်အရပ်ရှိ ရွှေတချောင်း ချောင်းသည် ၈၆ လမ်းတလျှောက် ၃၅ လမ်းနှင့် ၃၈ လမ်းကြား ရှမ်းဝိုင်း ရပ်ကွက် ဓမ္မာရုံနေရာတွင် ၄ နေရာ ကျိုးပြတ်ရာမှ ချောင်းရေလျှံမှု ဖြစ်ပွားခဲ့ပြီး မြေနိမ့်လမ်းပိုင်းများတွင် ရှိနေသည့် လူနေရပ်ကွက်များတွင် ဒူးအထိရောက်အောင် ရေများ ဝင်ရောက်နေသည်ဟု သိရသည်။

ယမန်နှစ်က ယင်းရွှေတချောင်းကို စည်ပင်က မြောင်းပြုပြင်ရေး လုပ်ခဲ့သော်လည်း သေချာစွာ မပြီးစီးခဲ့ခြင်းကြောင့်
ချောင်းကျိုးခြင်းဖြစ်သည် ဟု ရှမ်းဝိုင်းရပ်ကွက်တွင် နေထိုင်သူ တဦးက ပြောသည်။

“ရွှေတချောင်းမြောင်း ကျိုးသွားတယ်၊ ရေလျှံတက်လာပြီ မြေနိမ့် အိမ်ဘက်တွေကို ရေဝင်တယ်” ဟု ၎င်း မန္တလေးသားက ပြောသည်။

ချောင်းရေလျှံမူကြောင့် လမ်းပန်း ဆက်သွယ်ရေးတွင် အနည်းငယ် ကြံ့ကြာမှုများ ကြုံတွေ့ရသည်ဟုလည်း ၎င်းက ဆိုသည်။

အလားတူ လမ်း ၉ဝ သီရိမန္တလာ မုံရွာ ကားကြီးကွင်းဘက်တွင်လည်း ဒူးလောက်ထိ ရေမြုပ်နေသဖြင့် သွားရေး
လာရေး အခက်အခဲဖြစ်ရကြောင်း မြို့ခံများက ပြောသည်။

မန္ဆလေး မြို့သစ်ဘက်ရှိ ပန်းရံတော်ချောင်း ဘက်တွင်လည်း ချောင်းရေလျှံမူကြောင့် ၅၆ လမ်း၊ ၅၅ လမ်းပေါ်ရှိ
အောင်ပင်လယ်၊ ထွန်တုန်၊ ကန်သာယာ စသည့် ရပ်ကွက်များ၊ လမ်းများနှင့် နေအိမ်များထဲသို့ ရေစီးရေဝင်မှုများ
ဖြစ်ပေါ်နေသည်။

“မနေ့က ညနေ ၂ နာရီလောက်ကတည်းက မိုးစရွာလိုက်တာ ည တညလုံးရွာတယ်၊ ချောင်းဘေးက ရပ်ကွက်တွေ
မှာ ဒူးထိ ရောက်အောင် ရေဝင်တယ်” ဟု အခြားသော ဒေသခံ တဦးက ပြောသည်။

အပျက်အစီးများကို သက်ဆိုင်ရာမှ လိုက်လံ ပြင်ဆင် ဆောင်ရွက်နေရာတွင် မန္တလေး စည်ပင်သာယာရေး အဖွဲ့မှ
ရေလျှံသည့် ချောင်းတလျှောက် လိုက်လံ ပိတ်ဆို့ခြင်းများ၊ လျှပ်စစ်အဖွဲ့ (EPC) မှလည်း လျှပ်စစ် ဓာတ်ကြိုးများ ပျက်စီးမူ ရှိမရှိ လိုက်လံ ကြည့်ရှုခြင်းများ ရှိသည်ဟု ဒေသခံများက ပြောသည်။

“တော်တော်များများ တက်ညီလက်ညီ လုပ်နေတာ တွေ့ရပါတယ်။ အရင် ရေကြီးဖူးတဲ့ အတွေ့အကြုံအရလားတော့ မသိဘူး၊ မနှစ်ကတော့ အခုလို ရေကြီးရင် ချက်ချင်းလုပ်တာ မတွေ့ရဘူး” ဟု ဒေသခံတဦး ကပြောသည်။

မန္တလေးမြို့တွင် ရေနီမြောင်း၊ သိင်္ဂဇာချောင်း၊ ရွှေတချောင်း၊ ငွေတချောင်း၊ ပန်းရံတော်ချောင်း စသော ချောင်းမြောင်း များက မြို့နယ်၊ ရပ်ကွက်များအကြား ဖြတ်သန်း စီးဆင်းနေသည်။

မန္တလေးမြို့၏ အရှေ့ဘက်တွင် မောင်းမကန်၊ အရှေ့တောင်ဘက်တွင် အောင်ပင်လယ်ကန်နှင့် ဇောင်းကလောကန်၊ အနောက်ဘက်တွင် ဧရာဝတီမြစ်နှင့် တက်သေးအင်း၊ မြောက်ဘက်တွင် မတ္တရာမြစ်နှင့် တောင်ဘက်တွင်
တောင်သမန်အင်းနှင့် မြစ်ငယ်မြစ် စသည့် ကန်၊ အင်း၊ မြစ်ချောင်းများ ဝန်းရံထားသည့် မြို့တော်ဖြစ်သည်။

ယမန်နှစ်ကလည်း မိုးကြီးပြီးနောက် ရေကြီးခဲ့သလို၊ နှစ်စဉ် မိုးရာသီကာလအတွင်း ရေကြီးမှုများ မန္တလေးမြို့တဝိုက် တွင် မကြာခဏ ကြုံတွေ့ရလေ့ရှိသည်။

သမ္မတ၏ ပြည်တော်ပြန်ဖို့ဖိတ်ခေါ်မှုအပေါ် သူတို့အမြင်




သမ္မတ ဦးသိန်းစိန်က ဗုဒ္ဓဟူးနေ့ နေပြည်တော်တွင် မိန့်ခွန်းပြောကြားရာ ပြည်ပရောက် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ အနေဖြင့် သက်ဆိုင်ရာ တိုင်း/ပြည်နယ် အစိုးရများကို တိုက်ရိုက် ဆက်သွယ်၍ ပြန်လာနိုင်ကြောင်း ပြောသွားသည့် အပေါ် ဒီမိုကရေစီလိုလားသည့် ပြည်ပအခြေစိုက် နိုင်ငံရေးလှုပ်ရှားသူများ၏ တုံ့ပြန်ချက်ကို မဇ္ဈိမ သတင်းထောက် ကိုဝိုင်းက စုစည်း တင်ပြထားသည်။

             ==================///////====================

ဒေါက်တာနိုင်အောင်
အတွင်းရေးမှူးချုပ်
မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (Forum for Democracy in Burma - FDB)

“ပထမတခုကတော့ ဒီသူတို့က ဒီလိုမျိုး နှုတ်နဲ့ ပြောတာမျိုးထက်ပေါ့ဗျာ ဥပဒေတို့ အမိန့်တို့ ဒီဂရီ တို့ပေါ့လေ
အဲဒီလိုမျိုး တရားဝင် ထုတ်ပြန်ပေးဖို့ လိုမယ်လို့ထင်တယ်။ ဆိုတော့ အဲဒါကမှ ပြောရင်တော့ လွတ်ငြိမ်းချမ်းသာခွင့်
လား၊ ဘာလား ညာလားဆိုတဲ့ ဥစ္စာမျိုး ကျနော်တို့ ထင်ထင်ရှားရှား သိရမှာဖြစ်တယ်ပေါ့နော်။ ဒါ့အပြင်တခုကတော့ ကျနော်တို့ ဒီဘက်ကိုရောက်ကြတယ်ဆိုတာကလည်းကျနော်တို့ နိုင်ငံရေးအင်အားစုတွေအနေနဲ့ ပြောမယ်ဆိုရင်တော့ တိုင်းပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးမရလို့၊ နောက် ဖိနှိပ်မှုတွေရှိနေလို့၊ နိုင်ငံရေး လွတ်လပ်ခွင့်တွေ မရှိ
လို့ ဒါတွေကို တိုက်ပွဲဝင်ဖို့လာတာပဲ။”

“အဲဒီအခွင့်အရေးတွေ ရမယ်၊ ရှိမယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ ကျနော်တို့တိုင်းပြည်မှာပဲ ပြန်အလုပ်လုပ်မှာပေါ့။
ဒီမှာ ဘာအလုပ်လုပ်နေစရာရှိမှာလဲ။ အဲဒီအခွင့်အရေးတွေ အာမမခံဘူး၊ မရှိဘူးဆိုလို့ရှိရင်တော့လည်း ကျနော်တို့ လိုချင်တဲ့ အခြေအနေ မဖြစ်ဘူးပေါ့။ တကယ်လို့များ ဒီ ဦးသိန်းစိန်ရဲ့ အစိုးရကနေပြီးတော့မှ တကယ်ကို စိတ်ရင်း
စေတနာမှန်နဲ့ ခုနပြောတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ ငြိမ်းချမ်းရေးတို့ ဆိုတဲ့ စိတ်တွေအမှန်နဲ့ ခေါ်တယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ကို သေသေချာချာ တိတိကျကျလေး တရားဝင် ထုတ်ပြန်ပြီးတော့ ဖိတ်ခေါ်ဖို့ လိုမယ်။
နောက်ပြီးတော့ ကျနော်တို့ အမြဲတန်း တောင်းဆို နေတဲ့ ခုနပြောတဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေကို အဲဒါတွေကို အာမခံမှု ရှိတယ်။ အားလုံးကိုလည်း ဘာပြစ်ဒဏ်နဲ့မှ အရေးမယူပါဘူးဆိုတဲ့ ဥစ္စာလေး တိတိကျကျ ပြောပြဖို့တော့ လိုမှာပေါ့ဗျာ။”

-----------------------------------------------------------------------------------------------------------------------------------

ဦးငွေလင်း
အထွေထွေ အတွင်းရေးမှူး
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

“ပြန်ဝင်ချင် ဝင်လို့ရပြီ ဒို့ပြန်ဝင်မလား ဆိုတဲ့ ကိစ္စက အဓိက ဆိုလို့ရှိရင်တော့ ကနေ့ ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီမျိုး၊ ကျနော်တို့လိုချင်တဲ့ လူ့အခွင့်အရေးမျိုး၊ ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုမျိုးကို
ကနေ့အခြေအနေမှာ ဆောင်ရွက်လို့ရ၊ မရဆိုတဲ့ကိစ္စက အဓိကပြဿနာ ဖြစ်လိမ့်မယ်။”

“ဒီဥစ္စာမျိုးက ဦးသိန်းစိန်အစိုးရရဲ့အောက်မှာ သို့မဟုတ် ၂ဝဝ၈ အခြေခံဥပဒေရဲ့ အောက်မှာ ဘယ်လိုမှ ရနိုင်မှာ မဟုတ်ဘူးလို့ ကျနော်တို့ အဲဒီလိုပဲ နားလည်ပါတယ်။ ဒါကြောင့်မို့လို့ သူဘယ်လိုပဲ ပြောပြော အဲဒီဥစ္စာက ကျနော်
တို့အတွက် ဘာမှ အဓိပ္ပါယ်ထူးတဲ့ စကားရပ် မဟုတ်ဘူး။”

“သူတကယ်လို့ တကယ့် ဖက်ဒရယ် ပြည်ထောင်စုစစ်စစ် ထာဝရ ငြိမ်းချမ်းတဲ့ နိုင်ငံတော်သစ်၊ ဒီမိုကရေစီပြည့်ဝတဲ့ နိုင်ငံမျိုးကို တကယ် ဖန်တီးချင်တယ် ဆိုလို့ရှိရင် သူပထမဦးဆုံး လုပ်ရမယ့် အလုပ်တွေ ကတော့ နိုင်ငံရေး အကျဉ်းသားတွေ အကုန်လုံးထုတ်၊ နေရာတိုင်းမှာ တကယ့်ငြိမ်းချမ်းရေးတွေ ရသွားအောင်ဆောင်ရွက်၊ ပြီးရင် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်။ အဲဒီလို လုပ်ငန်းစဉ်တွေ မလုပ်ဘဲနဲ့ ဒီလို လူကြားကောင်းအောင် ဖိတ်ခေါ်တာမျိုး၊ တခုကို ထုတ်ပြောတာ မျိုးကတော့ ဘာမှ အဓိပ္ပါယ်မရှိဘူး၊ သဘာဝမကျဘူးလို့ ကျနော် အဲဒီလိုပဲ နားလည်ပါတယ်။”

“တကယ်ကတော့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ဆိုတဲ့ဥစ္စာမျိုး ၈ဝ ခုနှစ်လောက်က ဖန်တီးတာ မျိုးပေါ့ဗျာ အဲဒီလို ကြေညာချက်မျိုး ထွက်တယ်ဆိုရင်တော့ တချို့ စိတ်ကူးယဉ်တဲ့သူတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဗျာ။ တချို့ပေါ့ဗျာ ဒီလိုမျိုးကြေညာလိုက်ရင်တော့ စဉ်းစားတာမျိုးတွေ ရှိကောင်းရှိနိုင်ပါတယ်။ အခုလို ဘာမှ တိကျတဲ့ အလားအလာပေါ့ဗျာ အနာဂတ်ကို ဘာမှတောင် မျှော်စရာ လင်းပွင့်တဲ့အနာဂတ်မျိုး မရှိဘဲနဲ့တော့ ကျနော်ထင်တယ် ဘယ်သူမှ စိတ်ကူးယဉ်မယ် မထင်ပါဘူး။ တကယ်လို့ စိတ်ကူးယဉ်တယ်ဆိုရင်လည်း တော်တော်လွဲချော်တဲ့ စိတ်ကူးယဉ်မှုပဲ ဖြစ်မှာပါ။”



------------------------------------------------------------------------------------------------------------------------------------

ဦးညိုအုန်းမြင့်
နိုင်ငံခြားရေး တာဝန်ခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)

“ဦးသိန်းစိန်ရဲ့ ကမ်းလှမ်းချက်ကတော့ အပြုသဘောဆောင်တယ်လို့တော့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီနေ့
ပြဿနာက အပြည်ပြည်ဆိုင်ရာမှာ ရောက်နေကြတဲ့ နိုင်ငံရေးသမားတွေရော ကျန်တဲ့အကြောင်း အမျိုးမျိုးနဲ့ပေါ့
နော် ထွက်တဲ့သွားတဲ့လူတွေရဲ့ အဓိကက ယုံကြည်ချက်နဲ့ ဒီလိုထွက်လာကြတာတွေဖြစ်ပါတယ်။ အဲဒီတော့ ဒီလိုလူတွေ ပြန်မယ်ဆိုရင် တချို့လူတွေ အတွက်က လုံခြုံရေးထက် စာရင် နိုင်ငံရေးရဲ့ အနှစ်သာရ ပိုပြီးတော့
ပြည့်စုံဖို့ လိုမယ်လို့ ကျနော်ထင်ပါတယ်။”

“အဲဒီတော့ ဒီလူတွေကို ထွက်သွားတယ် ဟုတ်လား ထွက်သွားပေမယ့် သူတို့ရဲ့ နိုင်ငံရေး ခံယူချက်တွေကို အသိအမှတ် မပြုဘူးဆိုရင် ဒါမှမဟုတ်ရင်လည်း သူတို့ရဲ့ ဒီကထွက်သွားကြတဲ့လူတွေကိုပဲပေါ့နော် နိုင်ငံရေးအရ အသိအမှတ်ပြု မခံရတဲ့ အခါကျရင် ဒါက အမျိုးသား ရင်ကြားစေ့ရေးအတွက် တကယ်တမ်း လမ်းတခုလို့တော့
ပြောလို့တော့ နည်းနည်းခက်ဦးမယ်လို့ ကျနော် ထင်ပါတယ်။”

“သူတို့ နိုင်ငံရေး အကျဉ်းသမားတွေလည်း တဖြည်းဖြည်းချင်း ခွဲပြီးတော့ လွှတ်မယ်လို့ ကျနော် ယုံကြည်တယ်။ ဒါပေမယ့် ခုနပြောသလို နိုင်ငံရေးအရ ကိုယ့်ရဲ့ ယုံကြည်ချက်တခုကို အသိအမှတ် ပြုမခံရဘဲနဲ့ ဒီလို ပြန်လာချင်ရင် လာလို့ ရပါတယ်ဆိုတာ သမ္မတရဲ့ ဆောင်ရွက်တဲ့ အပေါ်မှာတော့ နားလည်ပေး နိုင်တယ်လေ။ ဒါပေမယ့် တကယ့် တကယ်မှာ ဒီလူတွေရဲ့ လုံခြုံရေးနဲ့ သူတို့ရဲ့ နိုင်ငံရေး အာမခံချက်ပေါ့ မြန်မာပြည် ပြန်တယ် နိုင်ငံရေး မလုပ်ရဘူး
ဆိုရင် သူဘာအတွက် ပြန်မှာလဲပေါ့နော်။ အဲတော့ နိုင်ငံရေး အာမခံချက်ရှိတဲ့ ပြန်ကြိုဆိုမှုမျိုးဆိုရင် ပိုပြီးတော့ သင့်တော်မယ်လို့ ကျနော်ထင်ပါတယ်။”



--------------------------------------------------------------------------------------------------------------------------------------

ဒေါ်တင်တင်ညို
အတွင်းရေးမှူး
အမျိုးသမီးများအဖွဲ့ချုပ် - မြန်မာနိုင်ငံ

“အခု တောက်လျှောက်ဖြစ်ခဲ့တဲ့ ပြဿနာတွေ၊ ပြီးတော့မှ ဒီဘက်ကနေပြီးတော့ ဒီမိုကရေစီ တိုက်ပွဲ ဝင်နေတဲ့ သူတွေ အနေအထားနဲ့ ပေါ့လေ ပြောရမယ်ဆိုရင် အခုလိုမျိုး ပြန်လာချင် ပြန်လာလို့ရတယ် ဆိုတဲ့ ပြောဆိုချက် တခွန်းတည်းနဲ့က ယုတ္တိမရှိဘူးလို့ သဘောရတာပေါ့နော်။ ဒါမျိုးကိုပြန်ခေါ်မယ် ဆိုရင် တကယ်ပဲ နှစ်ဘက်အကြားမှာ အစီအစဉ်တွေ သေချာ ကောင်းကောင်း ရေးဆွဲပြီးတော့မှ ပြန်ပြီးတော့ ခေါ်ရမယ့်ကိစ္စမျိုးလေ။ ခုသူခေါ်တဲ့ ပုံစံက လာပြီးတော့မှ အလင်းဝင်ခိုင်း သလိုလို၊ အမှောင်ထဲပဲ လာဝင်ခိုင်း သလိုလို ဖြစ်တယ်။ ဆိုတဲ့အခါကျတော့ သူတို့ကို သွားပြီးတော့ အညံ့ခံပေါ့ ဒါမျိုးသွားဖြစ်မှာလေ။ ဆိုတော့ ဒါက ကောင်းသော ကြိုဆိုခေါ်ခြင်း မဟုတ်ဘူးလို့တော့ ကျမတော့ မြင်တယ်။ အရမ်းကြီး ပေါ့ပျက်ပျက်ဆန်လွန်းတယ်လို့လည်း သုံးသပ်လို့ရတာပေါ့။”

“အဓိကကတော့ အကြံပြုချင်တာပေါ့နော် သမ္မတ ဦးသိန်းစိန် အနေနဲ့က သူ့ရဲ့အထူး အလေးထား လုပ်ဆောင်ရမှာက အခု ဒီဘက်မှာ ရောက်နေတဲ့လူတွေကို ပြန်လာချင် ပြန်လာလို့ရတယ် မဟုတ်ဘဲနဲ့ လက်ရှိ နယ်စပ် တလျှောက်
မှာဖြစ်နေတဲ့ စစ်ပွဲတွေ အမြန်ရပ်ဖို့၊ ပြီးတဲ့အခါ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောပြီးတော့မှ တကယ့်
နိုင်ငံရေးအရ ဖြေရှင်းလို့ရမယ့် နည်းလမ်းတွေ ရှာဖွေပြီးတော့မှ အမြန်ဆုံး နိုင်ငံ အေးအေးချမ်းချမ်းနဲ့ ဖြစ်ဖို့၊ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်နိုင်ဖို့ကို သူ့အနေနဲ့ စဉ်းစားပြီးတော့မှ လုပ်ဆောင်သွားဖို့ အရေးတကြီးလိုအပ်တယ်။ ပြီးတော့မှ တနိုင်ငံလုံးမှာ ဖြစ်နေတဲ့ စားဝတ်နေရေးအခက်အခဲပြဿနာ၊ စီးပွားရေး အကျပ်အတည်း ပြဿနာ ဒါမျိုးတွေ သူက ဦးစားပေး ဖြေရှင်းသင့်တယ်လို့ ကျမတို့မြင်တယ်။ အဲဒါကို အဓိကအကြံပြုပေးချင်တယ်။ ပြီးတော့မှ ဒီနယ်စပ်ဘက်မှာ ဖြစ်နေတဲ့ ဒုက္ခသည်တွေရဲ့ စားရမဲ့မဲ့ နေရမဲ့မဲ့ အခြေအနေမျိုးတွေကနေ လွတ်မြောက်အောင်လည်းပဲ သူ့အနေနဲ့ အထူးကြိုးပမ်းဆောင်ရွက်သင့်တယ်လို့ ကျမတို့ အကြံပြုချင်ပါတယ်။”



--------------------------------------------------------------------------------------------------------------------------------------

ဦးမျိုးဝင်း
ဒုတိယ ဥက္ကဋ္ဌ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး


“အဓိက အရေးအကြီးဆုံး ပြဿနာကတော့ နိုင်ငံရေး ပြဿနာကို ဘယ်လိုနည်းနဲ့ အဖြေရှာမလဲ ဆိုတဲ့ဟာကို မပြောဘဲနဲ့တော့ အဲဒီလိုမျိုးခေါ်နေရုံ သက်သက်နဲ့တော့ ကျနော်တို့ တိုင်းပြည်မှာ ရှိနေတဲ့ ပြဿနာကို ပြေလည်
အောင် ဖြေရှင်းလို့ မနိုင်ဘူး ထင်တယ်လေ။ အခုလက်ရှိ ဦးသိန်းစိန် အစိုးရအနေနဲ့ တိုင်းပြည် ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဖြေရှာချင်တယ်ဆိုရင် အဓိက အရေးအကြီးဆုံး ကတော့ ကျနော်တို့ အားလုံး တောင်းဆို
နေတဲ့ အတိုင်းပေါ့ လက်ရှိပဋိပက္ခမှာ ပါဝင်နေတဲ့ အင်အားစုအားလုံးနဲ့ နိုင်ငံရေးအရ တန်းတူရည်တူ ဆွေးနွေးဖို့ ပိုအရေးကြီးတယ်။”

"နိုင်ငံရေးအရ တန်းတူရည်တူ ဆွေးနွေးမှုမျိုးမဟုတ်ဘဲနဲ့ ပြန်လာကြပါ၊ လာကြပါလို ဟာမျိုးနဲ့တော့ နိုင်ငံရေး
ုပြဿနာကို အဖြေရှာဖို့မရှိပဲနဲ့တော့ ပြေလည်မှာ မဟုတ်ဘူးလို့ ထင်တယ်။ ထိုနည်းတူစွာပဲ အခု ကျနော်တို့လက်ရှိ ဒီလက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေတဲ့ အနေအထားမှာလည်းပဲ အပစ်အခတ် ရပ်စဲရုံ သက်သက်နဲ့တော့ နိုင်ငံရေး
ပြဿနာကို အဖြေရှာနိုင်မှာ မဟုတ်ဘူး။ အပစ်အခတ်ရပ်စဲရေးလုပ်ပြီးပြီဆိုရင် နိုင်ငံရေးအရ ဘယ်လို လုပ်ငန်းစဉ် အကောင်အထည် ဖော်မလည်းဆိုတာ တိကျတဲ့ လုပ်ငန်းစဉ် ပါရမယ်လေ။”

“ထိုနည်းတူစွာပဲ ပြည်တွင်းနိုင်ငံရေး လှုပ်ရှားမှု ဖြစ်ဖြစ်၊ ပြည်ပနိုင်ငံရေး လှုပ်ရှားမှုဖြစ်ဖြစ် ဒီအင်အားစု အားလုံး ပါဝင်ပြီးတော့ တိုင်းပြည် ပြန်လည် ထူထောင်ဖို့ အကျိုးရှိရှိနဲ့ အသုံးချချင်တယ် ဆိုရင်တော့ ကျနော်မြင်တာတော့
နိုင်ငံရေး လုပ်ငန်းစဉ် သူတို့အနေနဲ့ ဘယ်လို သွားမလည်း ဆိုတာဟာမျိုး နိုင်ငံရေး လုပ်ငန်းစဉ် ချပြဖို့ အရေးကြီး
တယ်။ တပြိုင်နက်တည်းမှာပဲ ခေါ်နေရုံနဲ့ မပြီးသေးဘူး တိုင်းပြည်တွင်းမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ
အားလုံး လွှတ်ပေးဖို့အတွက် သူတို့မှာ ရည်ရွယ်ချက် ရှိရမယ်၊ လုပ်ငန်းစဉ် ရှိရမယ်။ ဒီအင်အားစု အားလုံးနဲ့ အတူတူ လက်တွဲပြီး တိုင်းပြည် ပြန်လည် ထူထောင်ဖို့ အတွက် နိုင်ငံရေး လုပ်ငန်းစဉ် သူတို့မှာ ရှိရမယ်။ အဲဒီလုပ်ငန်းစဉ် သူချပြပြီးတော့ ဒါတွေ ဒါတွေ ငါတို့ အကောင်အထည် ဖော်ချင်တယ်၊ ဒါတွေ လုပ်ဖို့ အတွက် အားလုံး တန်းတူ ရည်တူ ဆွေးနွေးပြီး လုပ်မယ်ဆိုရင်တော့ ဒါ အကျိုးရှိမယ့် ကမ်းလှမ်းမှု ဖြစ်လိမ့်မယ်လို့ ထင်တယ်။ ဒီလို ခေါ်ရုံနဲ့
တော့ နိုင်ငံရေးပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်မယ်လို့တော့ ကျနော့အနေနဲ့ မမြင်ဘူး။”



ပြည်ပရောက်များ ပြန်လာရန်နှင့် လက်နက်ကိုင်များ လက်နက်ချရန် ဦးသိန်းစိန်ပြော


ရန်ကုန် (မဇ္ဈိမ) ။      ။ ပြစ်မှုမကျူးလွန်သော ပြည်ပရောက်များကို ပြန်လာလျှင် ပြန်လည် လက်ခံမည် ဖြစ်ကြောင်း
နှင့် တောတွင်း လက်နက်ကိုင်များ လက်နက်ချရန် ကမ်းလှမ်းမှုကို သမ္မတ ဦးသိန်းစိန်က ဗုဒ္ဓဟူးနေ့တွင် ကမ်းလှမ်း လိုက်သည်။

နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သော စီးပွားရေးနှင့် လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို တွေ့ဆုံရာတွင် ဦးသိန်းစိန်က အကြောင်း အမျိုးမျိုးကြောင့် ပြည်ပသို့ ရောက်ရှိနေသူများကို
ပြန်လာခွင့် ပြုသည်ဟု ပါရှိသည်။

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်လည်း မဟုတ်သော “ နိုင်တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လာ လုပ်ကိုင် စားသောက်ကြဖို့ရန်” ဖိတ်ခေါ်မှုတွင် ပြန်သွားလိုသူများနှင့် လက်နက်ကိုင် တော်လှန်နေသူများ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများထံတွင် “ အမြန်ဆုံးလာရောက် လက်နက်ချနိုင်”သည်ဟု ပြောကြားသည်။
theinseinecometinnpdပြစ်မှု ကျူးလွန်ခဲ့သူများ ပြန်လာလိုလျှင်တော့ ခွင့်လွှတ်လောက်သော ပြစ်ဒဏ်များကို လျော့ပေးပေးမည်။ ဆိုးဆိုးရွားရွား ပြစ်ဒဏ်များကိုတော့ ကျခံရမည်ဟု ဦးသိန်းစိန်က ပြောကြားသွားသည်။

မိနစ် ၂ဝ ခန့်ကြာသည့် သမ္မတ၏ တွေ့ဆုံမှုသို့ အသင်းပေါင်း ၄၀ ကျော်ကို ဖိတ်ကြားခဲ့သည်။

အစိုးရ၏ ပြန်လာခွင့်ပြုချက်ကို ပြည်ပရောက် နိုင်ငံရေး အဖွဲ့များအကြား အားတက်သရော မရှိဘဲ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်သည့် အတွက် “အဓိပ္ဗါယ်မရှိ” သော ဖိတ်ခေါ်မှုဟုသာ တုံ့ပြန်ကြသည်။

“ နိုင်ငံရေး အကျဉ်းသားတွေ အကုန်လုံးထုတ်၊ နေရာတိုင်းမှာ တကယ့် ငြိမ်းချမ်းရေးတွေ ရသွားအောင် ဆောင်
ရွက်၊ ပြီးရင် အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေး လုပ်။ အဲဒီလို လုပ်ငန်းစဉ်တွေ မလုပ်ဘဲနဲ့ ဒီလို လူကြားကောင်း
အောင် ဖိတ်ခေါ်တာမျိုး၊ တခုကို ထုတ်ပြောတာမျိုးကတော့ ဘာမှ အဓိပ္ပါယ်မရှိဘူး၊ သဘာဝမကျဘူးလို့ ကျနော် အဲဒီလိုပဲ နားလည်ပါတယ် ” ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးငွေလင်းက
ပြောသည်။

“ အခုလို ဘာမှ တိကျတဲ့ အလားအလာပေါ့ဗျာ အနာဂတ်ကို ဘာမှတောင် မျှော်စရာ လင်းပွင့်တဲ့ အနာဂတ်မျိုး မရှိဘဲနဲ့တော့ ကျနော်ထင်တယ် ဘယ်သူမှ စိတ်ကူးယဉ်မယ် မထင်ပါဘူး ” ဟု သူက ထပ်ပြောသည်။

ထိုသို့ ဖြစ်ထွန်းနေချိန်တွင် ပြည်ထဲရေး ဝန်ကြီးဌာနက နာရေးကူညီမှုအသင်း (ရန်ကုန်)ကို မှတ်ပုံတင်ခွင့် ပြုတော့ မည်ဟု သိရသည်။

“ အရမ်းကောင်းတဲ့ မင်္ဂလာရှိတဲ့ စကားပဲ။ ပရဟိတ လုပ်နေသူတွေ အများပြည်သူအတွက် အကျိုးရှိတဲ့ ကိစ္စဖြစ်
တယ်။ အားရှိစေတဲ့ စကားဖြစ်တယ် ” ဟု အသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။

အမျိုးသားဆင့် အကောင်းဆုံးသတင်းဆု ပထမဆုံးပေးမည်


နယူးဒေလီ (မဇ္စျိမ) ။         ။ အမျိုးသားအဆင့် အကောင်းဆုံးသတင်းဆု (NationalPress Award ) ကို  ပထမဆုံး အကြိမ် အဖြစ် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့မှ ကမကထပြုလုပ်ပြီး ဝါရင့်သတင်းစာဆရာကြီးများနှင့် တသီးပုဂ္ဂလ စာနယ်ဇင်းသမားများမှ ဝိုင်းဝန်းစုပေါင်းကာ ဆုရွေးချယ်ရေး ကော်မတီတရပ်ပြုလုပ်ပြီး ၂ဝ၁၁ ခုနှစ်မှ စတင်ပေးသွားမည် ဖြစ်သည်။

 
ဆုရွေးချယ်ရေး ကော်မတီ ဖြစ်မြောက်ရေးအတွက် သြဂုတ်လ ၁၈ ရက်နေ့ နေ့လည် ၁ နာရီတွင် စာပေနှင့် စာနယ်ဇင်းရုံး အစည်းအဝေး ခန်းမ၌ ပြည်တွင်းပြည်ပ ဂျာနယ်လစ်များနှင့် ဝါရင့် သတင်းစာ ဆရာများ ပါဝင်သည့် ဆွေးနွေးပွဲတရပ် ပြုလုပ်သွားမည် ဖြစ်သည်။

“မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ဂျာနယ်လစ်တွေနဲ့ပတ်သတ်တဲ့ဆုကို တခါမှ မပေးဖူးဘူး။ အခု အစိုးရ လက်ထက် ထိပေါ့။ အဲဒီတော့ အခုပေးမယ်။ ပေးတဲ့ အခါမှာလဲ စာပေနဲ့ စာနယ်ဇင်းကနေပြီး ပေးတာမျိုး မဟုတ်ဘဲနဲ့ အားလုံးနဲ့ ချိတ်ဆက်ပြီး သတင်းစာဆရာကြီးတွေပါ အကုန်လုံးပါဝင်ပြီးတော့ ဒီလောကသားတွေအကုန်လုံးကနေ အဖွဲ့ဖွဲ့ပြီး အဲဒီအဖွဲ့ကနေပေးတဲ့ ဆုမျိုးပဲဖြစ်မယ်”ဟု မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း မှ အတွင်းရေးမှူး ဦးကိုကိုက မဇ္စျိမကိုပြောသည်။

ဆုရွေးချယ်ရေး ကော်မတီဖြစ်မြောက်ရေးအတွက် ဆရာမောင်ဝံသ၊ ဆရာကြီး ဖိုးသောကြာ၊ ဆရာလူထုဦးစိန်ဝင်း၊ ဆရာ ဦးမိုးသူ၊ ဆရာ ဦးကိုကိုကြီး( ကြေးမုံသတင်းစာတိုက်)၊ ဆရာ ဦးမြင့်သိန်းဖေ (ဓါတ်ပုံပညာရှင်) စသည့် အထင်ကရ သတင်းစာဆရာကြီးများကိုလည်း ဖိတ်ကြားထားပြီးနောက် ကျန်နေသေးသည့် ဝါရင့်သတင်းစာ ဆရာကြီးများနှင့် ဂျာနယ်လစ် ပုဂ္ဂိုလ်များကို ဖိတ်ကြားသွားဦးမည်ဟုလည်း သူကဆိုသည်။

ပါလီမန်ခေတ် နောက်ပိုင်း ဗိုလ်ချုပ်နေဝင်း၏ ဆိုရှယ်လစ်ခေတ်မှသည် ယနေ့အချိန်ထိ အဆိုပါ ဆုမျိုးကို
မြန်မာနိုင်ငံတွင် ပေးခဲ့ခြင်း မရှိခဲ့ပေ။ လက်ရှိ အစိုးရသစ် လက်ထက်တွင် မီဒီယာ အခန်းကဏ္ဍများနှင့် ပတ်သက်၍ အလေးထားရမည်ဟု သမ္မတ ဦးသိန်းစိန်မှ ပြောဆိုလာခဲ့သည့် နောက်ပိုင်း သတင်းမီဒီယာများ၏ အခန်းကဏ္ဍသည် လည်း အရေးပါ ဦးမော့လာခဲ့သည်။

"စတုတ္ထမဏ္ဍိုင်ကို အလေးထားမယ်ဆိုတဲ့ အစိုးရသစ်လက်ထက်မှာ အခုလို သတင်းမီဒီယာ ဖွံ့ဖြိုးရေး လုပ်တဲ့ အတွက်ကြောင့် အစိုးရအနေနဲ့ဒီကိစ္စအပေါ်မှာ ကန့်ကွက်ရန်မရှိဘူးလို့ ထင်ပါတယ်” ဟု ဦးကိုကိုမှ ပြောသည်။

သူကဆက်၍ “National Press Award ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတော်အဆင့်၊ အမျိုးသားအဆင့်ပေါ့။ အဲဒီလိုဖြစ်အောင် အဲဒီဟာနဲ့ထိုက်တန်တဲ့ ဆုတွေဖြစ်အောင်လို့တော့ ဆရာတို့ အတတ်နိုင်ဆုံးကြိုးစားသွားမယ်” ဟုလည်းဆိုသည်။

ယခုကဲ့သို့ ဆုရွေးချယ်ရေး ကော်မတီဖြစ်မြောက်ရေးအတွက် ဝါရင့်သတင်းစာဆရာကြီးများ အပြင်ဂျာနယ် ကိုယ်စားပြုကော်မတီ(CPC) မှ အဖွဲ့ဝင်များ၊ လွတ်လပ်သော ပြည်တွင်း၊ ပြည်ပသတင်းစာ ဆရာကြီးများနှင့် မီဒီယာတိုက်၊ ဂျာနယ်တိုက်များမှ တာဝန်ရှိ ပုဂ္ဂိုလ်များလည်း တက်ရောက်ကြမည်ဖြစ်သည်။

“ဆုပေးတယ် ဆိုတာတော့ ကောင်းပါတယ်။ ဘာပဲပြောပြော ဒီဟာကတော့ သတင်းသမားကို ပေးတာဆိုတော့ ကျမကတော့ လှိုက်လှိုက်လဲလဲကြိုဆိုပါတယ်။ ဒါပေမဲ့တခုတော့ရှိတာပေါ့နော်။ သတင်းသမားတွေ အများကြီးရှိတယ်၊ ဘယ်လို သတင်းသမားတွေကို ရွေးချယ်ပြီး ပေးမှာလဲပေါ့နော်။ အဲဒါတော့ အရေးကြီးတယ်လို့ မြင်ပါတယ်” ဟု ပြည်တွင်း သတင်းထောက် တဦးက မဇ္စျိမကို ပြောသည်။

အမျိုးသားအကောင်းဆုံး သတင်းဆုရနိုင်သည့် သတင်းများမှာ“တိုင်းပြည်နဲ့အဝှမ်းမှာအရေးကြီးတဲ့ သတင်းမျိုးပေါ့။ အရေးကြီးတဲ့ သတင်းဆိုတာ စီးပွားရေသတင်းဖြစ်ချင်ဖြစ်မယ်၊ နိုင်ငံရေးသတင်းဖြစ်ချင်ဖြစ်မယ်။ နိုင်ငံတကာနဲ့ ဆက်ဆံရေးသတင်း ဖြစ်ချင်ဖြစ်မယ်။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် အရေးကြီးတဲ့  သတင်းမျိုးတွေ စုံစမ်းထောက်လှမ်းဖော်ထုတ်နိုင် တယ်ဆိုရင် အဲဒီသတင်းမျိုးတွေဖြစ်မှာပေါ့” ဟု ဆရာမောင်ဝံသမှ ပြောသည်။

“ဒီဆုပေးဖို့ဟာကို ဘာပဲဖြစ်ဖြစ် လွတ်လပ်တဲ့ဆု ဖြစ်လာအောင်တော့ ဝိုင်းဝန်းတိုက် တွန်းသွားကြမှာပါ” ဟုလည်း ဆရာမောင်ဝံသမှဆက်ပြောသည်။

အစိုးရသစ်လက်ထက်တွင် အားကစား၊ ကျန်းမာရေး (သုတ၊ ရသ)၊ အနုပညာ၊ ကလေး၊ နည်းပညာတို့ အကြောင်း ဦးတည် ရေးသားထုတ်ဝေသည့် ရုပ်ပြ၊ ဂျာနယ်၊ မဂ္ဂဇင်းပေါင်း ၁၇၈ ခုသည် ထုတ်ဝေပြီးမှသာ ဆင်ဆာဘုတ်သို့
ပြသရန် လိုအပ်ပြီး သတင်း၊ မှုခင်း၊ ပညာရေး၊ စီးပွားရေး၊ ဘာသာရေးအမျိုးအစားဝင် ၁၈ဝ ခုကိုမူ ပုံနှိပ်ထုတ်ဝေခြင်း မပြုခင် ကြိုတင်ခွင့်ပြုချက်ရယူရန်လိုသည်။

လူပြောများတဲ့ ပြည်ပမီဒီယာ ဆန့်ကျင်ရေး ကြွေးကြော်သံဖယ်ရှား

နယူးဒေလီ (မဇ္ဈိမ) ။     ။ အစိုးရ သတင်းစာများတွင် ပြည်ပမီဒီယာများကို တိုက်ခိုက်သည့် ကြွေးကြော်သံများကို
ဖော်ပြခြင်း မပြုတော့သည့်အတွက် လူအများအကြား စိတ်ဝင်စားစရာ အကြောင်းတခု ဖြစ်နေသည်။

၂ဝဝ၇ ခုနှစ် အောက်တိုဘာလ ၇ ရက်မှစ၍ အစိုးရပိုင် သတင်းစာများ ဖြစ်သည့် မြန်မာ့အလင်းနှင့် ကြေးမုံ သတင်း
နောက်ကျောဖုံးတွင် “မိုးလုံးပြည့် မုသာဝါဒီ RFA ၊ VOA နှင့် BBC ၊ RFA, VOA, BBC အဖျက်သမားများ သတိထား၊ RFA, VOA နှင့် BBC လေလှိုင်းပေါ်က လူသတ်သမားများ၊ ပြည်သူအားလုံး သတိထား။ မိုးလုံးပြည့် မုသာဝါဒီတွေ တိုင်းပြည်ပျက်အောင် လုပ်နေသည်” ဟု ဖော်ပြခဲ့သည်။

digitize-censorshipယင်းအပြင် “BBC ညာနေသည်၊ VOA လိမ်နေသည်၊ RFA ရန်တိုက်ပေးနေသည်။ အဲဒီ ဝေသာလီ ပုဏ္ဏားများ မယုံလေနဲ့ သတိထား” ဟူ၍လည်း ပါရှိသည်။

ယင်းနောက်ပိုင်းတွင် ဒီမိုကရက်တစ် မြန်မာအသံ DVB သတင်းဌာန ကိုလည်း ထည့်သွင်းခဲ့သည်။

ဝါဒဖြန့်ချီရေး လက်နက်အဖြစ် အသုံးပြုနေသော နိုင်ငံပိုင် သတင်းစာများတွင် ပြည်ပမီဒီယာ ဆန့်ကျင်ရေး
ကြွေးကြော်သံကို ဖြုတ်ရန် မည်သည့်ဌာနက ညွှန်ကြားချက်
ပြုခဲ့သည်ကို ရှင်းလင်းစွာ မသိရသေးသော်လည်း ဖယ်ရှား ပစ်ခြင်းက ကောင်းမည်ဟူသော သမ္မတဦးသိန်းစိန်ကို အကြံပေးမှုများ ရှိသည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။ 

သြဂုတ်လ ၁၆ ရက်နေ့မှစ၍ ထည့်သွင်းခြင်း မပြုတော့သည့်အတွက် အစိုးရ၏ မီဒီယာများအပေါ် သဘောထား
ပြောင်းလဲပြီလားဟု သတင်းသမားများနှင့် လူအများအကြား မေးခွန်းထုတ်နေကြသည်။

ယင်းဖြစ်ရပ်သည် နေပြည်တော်တွင် သြဂုတ်လ ၁၂ ရက်နေ့က ပြုလုပ်သည့် ဗဟိုအစိုးရ အဖွဲ့ သတင်းစာ ရှင်းလင်းပွဲ
၌ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးကျော်ဆန်းမှာ သတင်းထောက်များ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရင်း မျက်ရည်ကျခဲ့မှုနှင့်လည်း တိုက်ဆိုင်နေသည်။

ဝန်ကြီး မျက်ရည်ကျမှု သတင်းမှာလည်း သတင်းစာ ရှင်းလင်းပွဲအပြီး မကြာမီပင် အင်တာနက် စာမျက်နှာများပေါ် သို့ ရောက်ရှိလာကာ လူစိတ်ဝင်စားမှု အများဆုံး သတင်းဖြစ်ခဲ့သည်။

လူမုန်းများသည့် ဆောင်ပုဒ်များ မထည့်သွင်းခြင်းသည် အပြုသဘော ဆောင်သည့် လုပ်ရပ်ဟု ပြည်တွင်း၊ ပြည်ပမှ သတင်းစာသမားများနှင့် အဖွဲ့အစည်းအချို့က ထင်မြင်ကြကာ မြန်မာ့သတင်းလောက အဆင့်အတန်းမြင့်မာရေးနှင့် သတင်းစာလွတ်လပ်ခွင့်အတွက် လမ်းစတခု ဖြစ်သည်ဟု ပြောဆိုနေကြသည်။

သို့သော် ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂကမူ ယခုလုပ်ရပ်သည် သတင်းစာလွတ်လပ်ခွင့်နှင့် သတင်းစာ အဆင့်အတန်း မြင့်မားနေပြီဟု မယူဆသင့်ကြောင်း ရှုမြင်သည်။

“သတင်းလောကမှာ ထူးပြီးတော့ တိုးတက် ပြောင်းလဲသွားတယ်လို့ ဘယ်လိုမှ ပြောလို့ မရပါဘူး။ အစိုးရက သတင်းစာတွေကို ထိန်းချုပ်ထားတယ်ဆိုတာ အာဏာရှင်နိုင်ငံတွေမှာပဲ ရှိတယ်။ သတင်းစာတွေကို ပုဂ္ဂလိကပိုင်
ပြန်လွှဲမပေးသေး သရွေ့ကတော့ သတင်းစာ လွတ်လပ်ခွင့် ရှိတယ်လို့ ပြောလို့ မရဘူး။ နောက် စာပေစိစစ်ရေးရုံး မဖျက်သိမ်း သရွေ့ကလည်း သတင်းလွတ်လပ်ခွင့် ရှိတယ်လို့ ပြောလို့မရဘူး” ဟု မြန်မာသတင်း သမဂ္ဂ ဒုဥက္ကဋ္ဌ ဦးဇင်လင်းက မဇ္ဈိမကို ပြောသည်။

ပြည်ပမီဒီယာများကို တန်ပြန်သည့် ဆောင်ပုဒ်များ မထည့်သွင်းတော့သည့် တချိန်တည်းမှာပင် ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးကျော်ဆန်း နုတ်ထွက်သွားပြီ ဟူသည့် ကောလဟလများ ပြန်နှံ့သွားခဲ့သည်။ သို့သော်
သြဂုတ်လ ၁၇ ၇က်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သမ္မတ၏ မိန့်ခွန်းပြောပွဲ၌မူ တက်ရောက်ခဲ့သည်ဟု
မဇ္ဈိမက စုံစမ်း သိရှိရသည်။

အတည် မပြုနိုင်သေးသော်လည်း ဦးကျော်ဆန်း၏ မိသားစုနှင့် နီးစပ်သော အသိုင်းအဝိုင်း တရပ်အရ ဝန်ကြီးမှာ အလုပ်မှ အနားယူရန်ပင် စဉ်းစားနေခဲ့သည်ဟု ဆိုသည်။

ကတ္တ​ရာ​လမ်းမ ရေကျ၊ ရပ်​ကွက်​ထဲ တင်ဆဲ

FROM BBC NEWS

ပဲခူးမြို့ ရေကြီးခဲ့တာမှာ မနေ့ အင်္ဂါနေ့ကတော့ ကတ္တရာလမ်းမ ပေါ်အောင် ရေကျသွားပြီ ဖြစ်ပေမယ့် ရပ်ကွက်ထဲတော့ ရေတွေ ရှိနေဆဲလို့ သိရပါတယ်။
bago flood


ပဲခူးမှာ ကတ္တရာလမ်းပေါ် ရေကျသွားပေမယ့် ရပ်ကွက်တွေထဲမှာတော့ ရေကြီးရေတင်နေဆဲ

ရပ်ကွက်ထဲက ရေတွင်းရေကန်တွေလည်း ပျက်ကုန်လို့ သောက်သုံးရေ ပြတ်လပ်နေပြီး၊ ရန်ကုန်နဲ့ အနီးအနားက ရေသန့်ဗူးတွေနဲ့ ရေတွေ လာလှူမှု တွေတော့ ရှိနေပေမယ့် ကျေးလက် အထိတော့ ရေသန့်ဗူးက မရောက်နိုင်ဘူးလို့ ပဲခူး ဒေသခံ တဦးက ဘီဘီစီကို ပြောပါတယ်။

ကတ္တရာလမ်းဘေးက ဒုက္ခသည်စခန်းတွေဖြစ်တဲ့ လေးမျက်နှာဘုရား၊ ရွှေနံ့သာကျောင်းတိုက် ဘုရားတွေမှာဆိုရင် ရန်ကုန်က အဖွဲ့တွေက ရေသန့်ဗူး တဗူးစီ လှူကြတယ်၊ သာသနာ့ဗိမာန်မှာလည်း လှူတာတွေ့တယ်၊ ဒါပေမဲ့ လှေနဲ့သွားမှ ရောက်မယ့် နေရာတွေမှာတော့ သောက်ရေ မရကြဘူးလို့ ဒေသခံက ရှင်းပြပါတယ်။

ရေကြီးခဲ့ပြီးနောက် လျှပ်စစ်မီးသွယ်တဲ့ ဓာတ်တိုင်တွေလည်း လဲခဲ့တာမို့ အခုထက်ထိတော့ လျှပ်စစ်မီးလည်း ပြန်မပေးသေးဘူးလို့ သိရပါတယ်။ ဒီအတောအတွင်းမှာပဲ ရေဘေးဒုက္ခသည်တွေ အိမ်ပြန်ကုန်လို့ သက်ဆိုင်ရာက သာသနာ့ဗိမာန် ရေဘေးဒုက္ခသည် စခန်းကို ပိတ်လိုက်တယ်လို့ ပဲခူးဒေသခံ ရှေ့နေ ဦးအေးမြင့်က ဘီဘီစီကို ပြောပါတယ်။

လက်ရှိမှာတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက ဆန်နဲ့ စားသောက်စရာတွေ ကူသလို၊ ဆရာတော် သမားတော်တွေနဲ့ ရပ်မိရပ်ဖတွေကလည်း နိုင်သလောက် ကူနေကြ ပေမယ့် ရေဘေး ဒုက္ခသည်စခန်းက ၂၅ ခုတောင် ရှိတာမို့ အလှူနဲ့ အကူအညီ လိုအပ်မှုက မမျှတဘူး ဖြစ်နေတယ်လို့ သိရပါတယ်။