Monday, August 8, 2011

သစ်ပုပ်မျိုးဆက်

FROM မိုးမခ

သစ်ပုပ်မျိုးဆက်

ကျော်သူ

သြဂုတ် ၈၊ ၂၀၁၁


တခါတုန်းက အမိတက္ကသိုလ်မှာ ချစ်သူရယ်၊ သူငယ်ချင်းတွေရယ်နဲ့ ပျော်ရွှင်ခဲ့တဲ့ ငြိမ်းချမ်းခဲ့တဲ့ ကမ္ဘာလေးတခုမှာ ကြီးပြင်းလာခဲ့ရတယ်။


ယခု အမိတက္ကသိုလ်ရဲ့ ရင်ခွင်ထဲကို ချစ်သူရယ်၊ သူငယ်ချင်းတွေရယ် မပါဘဲ အထီးကျန် ပြန်ရောက်ခဲ့ရတယ်။



ကမ္ဘာမြေပြင်မှ ထွက်ခွာသွားသူ တဦးရဲ့ နောက်ဆုံးခရီးလမ်းတခုအတွက် ရောက်ခဲ့ရတာပါ။ အဲဒီ … အဲဒီအချိန်မှာ အမိကျောင်းတော်ကြီးအတွင်း အလွမ်းပြေ အမောပြေ လှည့်လည်ကြည့်ရှု ခံစားမိခဲ့စဉ် “သစ်ပုပ်မျိုးဆက်” ဟူသော စကားတခွန်း ရင်ထဲရောက်လာမိတော့တယ်။


သစ်ပုပ်မျိုးဆက်

ကျောင်းတော်ကြီးရဲ့ ကော်ရီဒါလမ်း

ဖုန်တလောင်းလောင်း ထနေဆဲ။

ကျောင်းတော်ကြီးရဲ့ သံတံခါး

တွန့်လိမ် ကောက်ကွေး ပိတ်မရဆဲ။

ကျောင်းတော်ကြီးရဲ့ အမိုးသံပြား

နေမလုံ ရေမလုံ လွင့်ပျံနေဆဲ။

ကျောင်းတော်ကြီးရဲ့ နာကျည်းမှုဒဏ်ရာများ

အော်ဟစ် ပေါက်ကွဲ ဖော်ထုတ်နေဆဲ။

ကျောင်းတော်ကြီးရဲ့ အထင်ကရ သစ်ပုပ်အိုကြီး

အရိုးအပြိုင်းပြိုင်းနဲ့ လက်သီးလက်မောင်း ထောင်ပြနေဆဲ။

ကျောင်းတော်ကြီးရဲ့ သစ်ပုပ်ပင်အောက်

သစ်ပုပ်မျိုးဆက်သစ်များ မာန်ကြွမာန်ထ ကုန်းရုန်းထနေဆဲပါလား။ ။

ကျော်သူ



ကိုမင်းကိုနိုင် သီချင်းဖြန့်ဝေ


င်္FROM RFA NEWS

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦး ဖြစ်တဲ့ ကိုမင်းကိုနိုင်ရဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် ရည်စူးပြီး ထောင်ထဲမှာ စပ်ဆို ရေးသားလိုက်တဲ့ "ပြန်လာပြီ ပန်ထွာဧကရီ" သီချင်း ကို သြဂုတ်လ ၈ ရက်နေ့မှာ ဖြန့်ဝေမယ်လို့ သိရပါတယ်။

(Photo: AFP)

၈၈ မျိုးဆက် ကျောင်းသား ကိုမင်းကိုနိုင် ၂၀ဝ၇ခုနှစ် ဇန်နဝါရီလက နှစ်ရှည် ထောင်ဒဏ်မှ လွတ်မြောက်ခဲ့ပြီးနောက် မိသားစုနေအိမ်တွင် တွေ့ရသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)

ထင်ရှားတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ဟာ လက်ရှိ ကျိုင်းတုံ အကျဉ်းထောင်မှာ ၆၅ နှစ်ကျော် ထိမ်းသိမ်း ခံနေရပါတယ်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုက စပြီး အခုအချိန် အထိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ အဓိက ဦးဆောင်ခဲ့တဲ့ လူငယ် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ကိုမင်းကိုနိုင်ကို ကျောင်းသားများက အစဉ်အဆက် ဂုဏ်ပြုလာခဲ့ရာမှာ ဒီနှစ်အတွက် ၂၃ နှစ်မြောက် ရှစ်လေးလုံး လူထု လှုပ်ရှားမှု နှစ်ပတ်လည်မှာ ကိုမင်းကိုနိုင်ရဲ့ သီချင်းတွေ ဖြန့်ဝေမယ်လို့ ၈၈ မျိုးဆက် ကျောင်းသားတဦး ဖြစ်သူ ကိုဖြိုးမင်းသိန်းက အာအက်ဖ်အေကို ပြောပါတယ်။ ၈ လေးလုံး အရေးတော်ပုံ နှစ်ပတ်လည် အထိမ်းအမှတ် အနေနဲ့ ကြည်မြင်တိုင် မြို့နယ် သာဓုပဌိယတ္တိ စာသင်တိုက်မှာလည်း ၈၈ မျိုးဆက် ကျောင်းသားတွေက သံဃာတော်တွေကို ဆွမ်းကပ် အလှုဒါနပြုမှာ ဖြစ်ပြီး သြဂုတ်လ ၈ ရက်နေ့ မနက် (၉) နာရီမှာ စတင်မယ့် အခမ်းအနားကို မည်သူမဆို ကြွရောက် နိုင်တယ်လို့ သိရပါတယ်။

ပင်လယ်ဓားပြလက်ထဲက မြန်မာသင်္ဘောသား ၁၄ ဦး ကယ်ဆယ်ရမိ


FROM RFA NEWS

မြန်မာသင်္ဘောသား ၁၄ ဦးကို ပင်လယ်ဓားပြတွေလက်ထဲက ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုမာလီ အရှေ့မြောက်ပိုင်းဒေသ သီးခြား ပြည်နယ် Puntland အစိုးရက ပြောကြားကြောင်း မြို့တော် Garowe အခြေစိုက် RBC အသံလွှင့်ဌာနက မနေ့က သတင်းထုတ်ပြန်ပါတယ်။

မြန်မာသင်္ဘောသားတွေဟာ အခုနှစ် ဧပြီလ ၁၈ ရက်နေ့က ပင်လယ်ဓားပြတွေရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ Frantalay ငါးဖမ်းသင်္ဘောကဖြစ်ပြီး မူလ ငါးဖမ်းသင်္ဘော နစ်မြုပ်အပြီး ကုန်းတွင်းပိုင်းတနေရာကို အပြောင်းမှာ ကယ်တင်နိုင်ခဲ့တာလို့ သိရပါတယ်။

ဒီသင်္ဘောသားတွေကို လုံခြုံစိတ်ချစွာ နေရပ် ပြန်ပို့နိုင်ရေးအတွက် UNDP UNODC စတဲ့ ကုလသမဂ္ဂ အဖွဲ့စည်းတွေနဲ့အတူ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအခြေချ နေထိုင်သူများ ကူညီစောင့်ရှောက်ရေးအဖွဲ့ IOM လို အဖွဲ့အစည်းတွေနဲ့ ဆက်သွယ် ဆောင်ရွက်နေတယ်လို့လည်း ဒီအကြောင်း သတင်းစာရှင်းလင်းပွဲမှာ ဆိုမာလီ ရေကြောင်းဝန်ကြီးက ပြောကြားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး နိုင်ငံရေး ခရီးစဉ်သွားမည်



ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၁၄ ရက်နေ့တွင် ပဲခူးနှင့် သနပ်ပင်မြို့များသို့သွားမည့် ၎င်း၏ ပထမဆုံး နိုင်ငံရေးခရီးစဉ်အတွက် အာဏာပိုင်များကို တရားဝင် အကြောင်းကြား ထားပြီး အာဏာပိုင်များ ဘက်ကလည်း ကောင်းမွန်စွာ တုံ့ပြန်ချက်ပေးထားကြောင်း သိရသည်။

DASSK-8888-11

သာဓု ပရိယတ္ထိစာသင်တိုက်တွင် ကျင်းပသော ၂၃ နှစ်မြောက် ၈ လေးလုံး နှစ်ပတ်လည်နေ့တွင် တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဧရာဝတီ)

ရန်ကုန် ကြည့်မြင်တိုင်မြို့နယ် သာဓု ပရိယတ္ထိ စာသင်တိုက်တွင် ယနေ့ကျင်းပသည့် ၈ လေးလုံး လူထုလှုပ်ရှားမှု အရေးတော်ပုံ ၂၃ နှစ်ပြည့် အခမ်းနားတွင် သတင်းထောက်များ၏ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပဲခူးနှင့် သနပ်ပင်တို့သို့ ရန်ကုန်မှ နေ့ချင်းပြန်သွားမည့် နိုင်ငံရေးခရီးစဉ်နှင့် ပတ်သက်၍ “ခရီးစဉ်နဲ့ ပတ်သက်ပြီး အာဏာပိုင်တွေကို တရားဝင် အကြောင်းကြားထားတယ်။ သူတို့ဘက်ကလည်း ကောင်းကောင်းမွန်မွန်ပဲ တုံ့ပြန်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “ပါတီက သွားမှာ မဟုတ်ပါဘူး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ပါ။ ဒေါ်အောင်ဆန်းစုကြည်က ပါတီအဖွဲ့ဝင်တွေ၊ တခြား လူငယ်ကွန်ရက်တွေနဲ့ တွေ့မှာပါ။ ပါတီအနေနဲ့ မသွားပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်က ပါတီခေါင်းဆောင်ပါပဲ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စာကြည့်တိုက်ဖွင့်ပွဲ တခုသို့လည်း တက်ရောက်မည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက NLD သည် နိုင်ငံရေးပါတီိအဖြစ်မှ ဖျက်သိမ်းထားပြီးဖြစ်ကြောင်း၊ ထိုသို့ဖျက်သိမ်းထားသည့်အတွက် နိုင်ငံရေးလှုပ်ရှားမှုများ မပြုလုပ်ရန်နှင့် လူမှုရေးလုပ်လိုပါက အစိုးရထံတွင် လူမှုရေးအသင်းဖွဲ့ခွင့်လျှောက်ရန်လိုကြောင်း NLD ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်ထံ တရားဝင်စာပေးပို့ခဲ့သည်။

ဇူလိုင်လအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် သားဖြစ်သူ ကိုထိန်လင်းနှင့် ပုဂံမြို့ဟောင်းသို့ မိသားစု ခရီးစဉ်အဖြစ် သွားရောက်ခဲ့သည်။

အစိုးရအဖွဲ့အစည်းများနှင့် တွေ့ဆုံရန်ရှိသည်ဟု ထွက်ပေါ်နေသော သတင်းများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ တခုသို့ ဖိတ်ကြားမည်ဟု သတင်း ထွက်ပေါ်နေသော်လည်း အစိုးရဘက်မှ တစုံတရာ ကမ်းလှမ်းခြင်း မရှိသေးကြောင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) သည်လည်း တွေ့ဆုံရန် ဖိတ်ကြားမှု မရှိကြောင်း သတင်းထောက်များကို ပြောသည်။

အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ရှိခဲ့သော်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ယခင် သဘောထား အတိုင်းသာ ဆက်လက်ရပ်တည်ဆဲ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။

အခမ်းအနား တက်ရောက်လာသူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ အထွေထွေအတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းက မြန်မာနိုင်ငံသည် ဒီမိုကရေစီ မရရှိသေးသောကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် ဆက်လက် ကြိုးပမ်းသွားရမည်ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ၈ လေးလုံး အရေးတော်ပုံကြီးနှင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲသည် ပြည်သူ့ဆန္ဒအလျောက် ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည့်အတွက် လေးစားရမည်ဖြစ်ကြောင်း သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောသည်။

ယနေ့အခမ်းအနားတွင် အာဏာပိုင်များဘက်က တစုံတရာ အနှောင့်အယှက် မပေးသော်လည်း လုံထိန်းကားများအား သာဓုကျောင်းတိုက် ၀န်းကျင်တွင်ချထားပြီး စောင့်ကြည့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နင်လားဟဲ့ ၈ လေးလုံး


ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်