Thursday, July 28, 2011

ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာ

from ဧရာဝတီ ဘလော့

တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျာ။

အမျိုးသားခေါင်းဆောင်ကြီးနှင့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားညီအကိုများ မှီတင်းနေထိုင်ရာ ပြည်နယ်တချို့မှာ လတ်တလော တောက်လောင်နေတဲ့ စစ်မီးတောက်များ ငြိမ်းအေးသွားစေရေးအတွက် ကိုယ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်ပေးလိုတဲ့စေတနာနဲ့ သက်ဆိုင်သူများထံ အိတ်ဖွင့်ပေးစာတစ်စောင် ဒီကနေ့ ပေးပို့၊ ထုတ်ပြန်လိုက်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံးရပ်ဆိုင်းဖို့ ၊ ပြသနာ တွေကိုတွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ အနူးအညွတ် တိုက်တွန်းပန်ကြားထားပါတယ်။ ဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်တဲ့ ဒီအိတ်ဖွင့်ပေးစာကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တရားဝင်လမ်းကြောင်းက ပေးပို့ပြီးဖြစ်ပါတယ်။ ကျန်ပုဂ္ဂိုလ်များကတော့ ဆက်သွယ်ရန်လမ်းကြောင်း မရှိတဲ့အတွက် အဖွဲ့ချုပ်ပြန်ကြားရေးကပဲ ထုတ်ပြန်ထားပါတယ်။ ရယူလေ့လာဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံပါတယ်။

ဦးအုန်းကြိုင်
သတင်းနှင့်ပြန်ကြားရေးဌာန
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်



ဟစ်တလာနဲ့မြန်မာ့ဆက်သွယ်ရေး

၁၃ နှစ်ကလေးအား မြန်မာတပ်မှ ရှေ့တန်း သတင်းယူရန် အဓ္ဓမ အသုံးချ

Wednesday, 27 July 2011 14:41 KNG


chipwimyen1

မြန်မာစစ်တပ် စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)က နိုင်ငံမြောက်ပိုင်း ယခုကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် ဖြစ်သောစစ်ပွဲတွင် အသက် ၁၃နှစ် ယောက်ျားလေးအား ရှေ့တန်းသတင်းအချက်အလက် ရယူရာတွင် အဓ္ဓမအသုံးချကြောင်း သိရသည်။

ကချင်ပြည်နယ်အရှေ့ဘက် ချီဖွေမြို့ စရဖ က ထို ကလေးကို ချီဖွေမြို့အနောက်မြောက်ပိုင်းတွင် အခြေစိုက်သည့် KIA တပ်မဟာ ၁ အောက် တပ်ရင်း ၁၀ ၏ စစ်ရေးလှုပ်ရှားမှု သတင်းဓါတ်ပုံများကို အတင်းရိုက်ယူခိုင်းခဲ့သည်ဟု ကလေးမိဘများပြောသည်။

ဇူလိုင် ၂၆၊ အင်္ဂါနေ့က ချီဖွေအနီး ချန်းဇော်(Chang Zaw)ကျေးရွာ နှင့် ဒမူ(Damu)ကျေးရွာ ကြား တံတားတစ်ခုအခြေအနေကိုသိရှိရန် စရဖ မှ ကလေးငယ်အား ဓါတ်ပုံကင်မရာပေးကာ သတင်းယူစေသည်ဟု ဆိုသည်။

ထိုနေ့ မနက် ၈ နာရီကျော် ယင်းတံတားသို့ ရောက်ရှိစဉ် KIA၏ သတိပေး ပစ်ခတ်မှုတွင် ကလေးငယ် ဒဏ်ရာရရှိသွားပြီး ၎င်းအား ချီဖွေဆေးရုံသို့ မိဘများ သယ်ယူသွားသည်ဟု ကလေးမိဘနှင့် ရင်းနှီးသူများ ပြောသည်။

“ကလေးကို အဲလိုခိုင်းတဲ့လူတွေကို စိတ်နာတယ်။ ကလေးကို သွားလည်း မသယ်ကြဘူး။ ဆေးလည်း ကု မ ပေးကြဘူး။ ကလေးက သေတော့မလို ဝေဒနာခံစားနေရပြီ ချီဖွေဆေးရုံမှာ။” ဟု ကလေးမိဘများနှင့် နီးစပ်သူ ချီဖွေဒေသခံ တစ်ဦးပြောသည်။

မြန်မာအစိုးရစစ်တပ်နှင့် KIA ကြား စစ်ဖြစ်နေသည့်အခြေအနေကြောင့် ချီဖွေ ဒေသခံများမှာ ကြောက်ရွံ့စွာ နေထိုင်နေရသည်ဟု ဆိုသည်။

“စရဖတွေက သတင်းသွားစုံစမ်းဖို့ မ လုပ်ရဲကြ။ လုံခြုံရေးယူဖို့ကြတော့လည်း မ လုပ်ရဲကြနဲ့ ပြည်သူတွေကို ဒီလို လုပ်ခိုင်းနေကြတယ်။” ဟု ဒေသခံတစ်ဦးလည်း ပြောသည်။

ဇူလိုင် ၂၅ ရက်တွင်လည်း မြန်မာစစ်တပ် ငါးဦး (ငဦး) အခြေစိုက် ခလရ (၁၂၁)နှင့် KIA တပ်ရင်း (၁၀)ကြား ချီဖွေ အနီးတွင် တိုက်ပွဲဖြစ်ခဲ့သေးသည်။

KIO အား ပြည်ပ ကချင်အဖွဲ့အစည်းများ ငွေကြေး ကူညီ

Thursday, 28 July 2011 15:55 KNG

.

2_hkawng

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ “Padang Hkrun Lam Majan Masing” တော်လှန်ရေး စီမံချက်ကို အထောက်အကူပြုရန် နိုင်ငံတကာရောက် ကချင်အဖွဲ့အစည်းတစ်ခုက ကူညီပံ့ပိုးလိုက်သည်။

မလေးရှား-စင်ကာပူ မှ ကချင်အမျိုးသားများ ပူးတွဲဖွဲ့စည်းသည့် “Mungdan Ngang Kang Komiti” မှ ကူညီသည့် အမေရိကန်ဒေါ်လာ ၁၃၀၀၀ (ကျပ် သိန်း ၁၀၀) ကိုလက်ခံရရှိပြီး “တော်လှန်ရေး စီမံချက်” တွင် အကျိုးရှိစွာ အသုံးပြုသွားမည်ဟု ဇူလိုင် ၂၆ ရက်ထုတ် KIO ဗဟိုကော်မတီ၏ ကူညီထောက်ပံ့ငွေ လက်ခံရရှိကြောင်း ကျေးဇူးတင်လွှာတွင် ဖော်ပြထားသည်။

ထို့အပြင် စစ်တပ်ကျောထောက်နောက်ခံ မြန်မာအစိုးရ စစ်တပ်နှင့် KIO တို့ ဖြစ်ပွားနေသောစစ်ပွဲကြောင့် ဒုက္ခရောက်နေသည့် စစ်ပြေးများအားကူညီရန် နိုင်ငံတကာရောက် ကချင်အဖွဲ့အစည်းများ အလှူငွေများ ပေးပို့လှူဒါန်းနေသည်။

ဂျာမနီရောက် ကချင်အဖွဲ့အစည်းမှ တရုတ်ယွမ်ငွေ ၁၄၉၄၇ (ကျပ် ၂၂ သိန်းကျော်)နှင့် နယူးဇီလန်ရောက် ကချင်အဖွဲ့အစည်းမှ ယွမ် ၁၈၀၆၇ (ကျပ်သိန်း ၂၇ ခန့်) လက်ခံရရှိကာ စစ်ပြေးဒုက္ခသည်များအတွက် အကျိုးရှိစွာ အသုံးချသွားမည်ဟု ဇူလိုင် ၂၆ ရက်ထုတ် KIO ဗဟိုကော်မတီ၏ ကူညီထောက်ပံ့ငွေ လက်ခံရရှိကြောင်းထုတ်ပြန်ချက်အရ သိရသည်။

“နိုင်ငံသားတိုင်း၏ ရပိုင်ခွင့်များရရှိနိုင်ရန်အတွက် နိုင်ငံသားအားလုံးပါဝင်ဆောင်ရွက်ရမည် ဖြစ်သောကြောင့် KIO ၏ နိုးဆော်တိုက်တွန်းမှုတွင် ပါဝင်ဆောင်ရွက်ရန် လိုအပ်ပါသည်” ဟု လိုင်ဇာမြို့တွင် ဒေသအသီးသီးမှ ကချင်ရပ်မိရပ်ဖများနှင့် ၂ ရက်ကြာကျင်းပသည့် လူထုအစည်းအဝေးအပြီး ဇူလိုင် ၁၅ ရက်ထုတ် KIO ထုတ်ပြန်ကြေငြာချက်တွင် ပြောဆိုထားသည်။

ဇွန် ၉ ရက်မှစကာ မြန်မာစစ်တပ်ကျောထောက်နောက်ခံ အစိုးရ စစ်တပ်နှင့် KIO ကြား စစ်ပွဲများ ဖြစ်ပွားနေပြီး ယခုအခါ တရုတ်နယ်စပ် KIO နယ်မြေများသို့ အိုးအိမ်စွန့်ပြေးလာသူ ပြည်သူ ၁၆၀၀၀ ကျော် ရောက်ရှိလာသည်။

၂၀၀၈ ဖွဲ့စည်းပုံ အရပ်သားအစိုးရနှင့် KIO ကြား အပစ်အခတ်ရပ်ဆိုင်းရေးအတွက် အဖြေရှာနေဆဲဖြစ်သည်။

ဒေါ်စု တရားစခန်း ဝင်မည်

မျိုးသန့် | ကြာသပတေးနေ့၊ ဇူလိုင်လ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၂၆ မိနစ်

ချင်းမိုင်(မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် သည် သောကြာနေ့မှစ၍ တရားစခန်း ၃ ရက်ဝင်မည် ဖြစ်ကြောင်း NLD ရုံးအဖွဲ့မှူး ဦးဝင်းထိန်က ပြောသည်။

“ မနက်ဖြန်ကစပြီး တရားစခန်း ၃ ရက်ဝင်မယ်
Daw-Aung-San-Suu-Kyi

ဒေါ်အောင်ဆန်းစုကြည်သည် သောကြာနေ့မှစ၍ တရားစခန်း ၃ ရက်ဝင်မည် ဖြစ်ကြောင်း NLD ရုံးအဖွဲ့မှူး ဦးဝင်းထိန်က ပြော (ဓါတ်ပုံ မဇ္ဈိမ)


ရွှေတောင်ကုန်း ပဏ္ဍိတရာမ ကျောင်းမှာ ” ဟု မဇ္ဈိမကို ပြောသည်။

ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည် တရားအားထုတ်
မည့် တရားစခန်းကို ပြောရန် ငြင်းဆိုသော်လည်း ရန်ကုန် ၁၀ မိုင်ကုန်းရှိ ကျောင်းတိုက်တွင် စခန်းဝင်မည်ဟု ယုံကြည်ရသည်။

ပဲခူးမြို့တွင်လည်း ရွှေတောင်ကုန်း ပဏ္ဍိတရာမ ကျောင်းတိုက် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ၂ဝ၁ဝ နိုဝင်ဘာ ၁၃ ရက်နေ့
နေအိမ်အကျယ်ချုပ်မှ ပြန်လွတ်လာပြီးနောက် တလပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန် ၁၀ မိုင်ကုန်းရှိ
ရွှေတောင်ကုန်း ပဏ္ဍိတရာမ သံဃာတော်များကို ဆွမ်းကပ်လှူခဲ့ဖူးသည်။

မြန်မာပရိသတ်ကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲပျက်

ရန်ပိုင် Thursday, 28 July 2011 19:32 from ဧရာဝတီ

ကမ္ဘာဖလားခြေစစ်ပွဲ အတွက် မြန်မာနှင့် အိုမန်အသင်းတို့ ယနေ့ညနေက ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ရာ မြန်မာအသင်း ၂ ဂိုးရှုံးပြီးချိန်တွင် ပရိသတ်က ကွင်းအတွင်းသို့ ရေသန့်ဗူး၊ ပုလင်း၊ ခဲ၊ ချွန်ထက်သော အရာများနှင့် ပစ်ပေါက်သည့် အတွက် ပွဲပျက်သွားသည်။

soccermyanmar_com

ယခုလဆန်းပိုင်းက သုဝဏ္ဏကွင်းတွင် ပြုလုပ်သည့် မြန်မာ-မွန်ဂိုးလီးယား ပွဲကို အားပေးနေသည့် မြန်မာပရိသတ် (ဓာတ်ပုံ-soccermyanmar.com)

ပွဲစပြီး ၂၁ မိနစ်တွင် အိုမန်အသင်းမှ ကျောနံပါတ် ၂၀ က အဖွင့်ဂိုးကို သွင်းယူလိုက်သည့် အတွက် အိုမန်က တဂိုးအသာဖြင့် ဦးဆောင်နေပြီး ၃၇ မိနစ်တွင် မြန်မာအသင်း ပင်နယ်တီ ပေးခံရသည်။

ပရိသတ် အားပေးသံများ ပိုမို ဆူညံလာပြီး မကြာမီ ကွင်းအတွင်းသို့ ပစ်ပေါက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းသိမ်းရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ကွင်း လေးဘက်လေးတန်ရှိ လုံခြုံရေး ရဲများကိုပါ ရေသန့်ဗူးများ၊ ထီးများ၊ ချွန်ထက်သော၊ မာကျော အရာများဖြင့် တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

ထိုပစ်ပေါက်မှုကြောင့် အရန်ခုံတန်းတွင် ထိုင်နေသည် အိုမန်ဘောလုံးသမားတဦး၏ ဦးခေါင်းကို ထိခိုက်မိသွားသည်။ ဒိုင်လူကြီး၊ နှစ်ဘက် နည်းပြ တချို့ နှင့် လူ ၂၀ ခန့် ဒဏ်ရာ ရသွားကြောင်း The Voice ဂျာနယ် အင်တာနက်စာမျက်နှာရှိ သတင်းတပုဒ်တွင် ဖော်ပြထားသည်။ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများက တားမြစ်သော်လည်း ထိုပရိသတ်တို့က ဆက်လက် ပစ်ပေါက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထိုသို့သော ဆူပူမှုများကြောင့် ကမ္ဘာဘောလုံးအဖွဲ့ချုပ်နှင့် အာရှဘောလုံးအဖွဲ့ချုပ်၏ အရေးယူခြင်းကို မြန်မာဘောလုံး အသင်းခံရဖွယ်ရှိသည်၊ မြန်မာဘောလုံးအသင်း အိမ်ကွင်း ကစားခွင့် ပိတ်ပင်ခံရဖွယ် ရှိသည့် အပြင် ဒဏ်ငွေပါ ပေးဆောင်ရနိုင်သည်ဟု ဦးဇော်ဇော်က The Voice ဂျာနယ်ကို ပြောသည်။

အိုမန်မြေပေါ်တွင် ပထမအကျော့ ကစားစဉ်က မြန်မာအသင်း၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ်ခဲ့ရသည့်အတွက် ယခု အိမ်ကွင်းတွင် ပရိသတ်၏ အားဖြင့် အနိုင်ကစားရန် မျှော်လင့်ထားပြီး ပရိသတ်များလည်း တခဲနက် အားပေးရန် နေ့လယ် ၁၂နာရီ ၀န်းကျင်ကပင် ကွင်းအတွင်း ၀င်ရောက် နေယူထားခဲ့ကြသည်။

ပရိသတ် ကွင်းလုံးပြည့်သွားသည်အပြင် ပွဲမစခင်ကတည်းကပင် လက်မှတ်အတုများ ပျံ့နေသည်အတွက် ကွင်းလျှံထွက်သွားသည်။ မီးရှုးစင်ပေါ်အထိ တက်ရောက်ကြည့်ရှု ပေးရသူများပင် ရှိခဲ့သည်။

မြန်မာအသင်း ကွင်းထဲသို့ ၀င်လာစဉ် ပရိသတ်က "မြန်မာ၊ မြန်မာ" ဟူသော ကြွေးကြော်သံများကို ကွင်းလုံးညံအောင် ဟစ်အော်ကာ နိုင်ငံတော်သီချင်းကို သီဆို အားပေးသံများဖြင့် ဆူညံနေသည်ကို မြန်မာ့ရုပ်မြင်သံကြား၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် တွေ့ရသည်။ ရုတ်ရုတ်သဲသဲဖြစ်ချိန်တွင် ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်မှုများကို ရပ်လိုက်သည်။

ယခုအခါ အာရှဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများက အိုမန်အသင်း အား အနိုင်ပေးလိုက်သဖြင့် အိုမန် အသင်းသည် နှစ်ပွဲပေါင်း ၄ဂိုးပြတ်ဖြင့် အနိုင်ရသွားပြီ ဖြစ်သည်။

ကလေးများ စစ်တပ်ထဲရောင်းစားသူ တရားစွဲခံရ

ရန်ပိုင် Thursday, 28 July 2011 18:42 from ဧရာဝတီ

အသက် မပြည့်သေးသည့် ကလေး ၂ ယောက်ကို လိမ်လည် ခေါ်ဆောင်ပြီး စစ်တပ်သို့ ရောင်းစားသည့် အမျိုးသမီးတဦးကို ကလေးမိဘများက ပြည်မြို့နယ် တရားရုံးတွင် လူကုန်ကူးမှုဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်။

child_soldier_irr

မြန်မာ့တပ်မတော်မှ ကလေးစစ်သားတဦး (ဓာတ်ပုံ - Yuzo / The Irrawaddy)

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ နေ့က ခေတ္တရာမြို့သစ် ရွှေတံခါးရပ်ကွက်ရှိ ကုလသမဂ္ဂ ကလေးသူငယ်ဖွံဖြိုးရေး အစီအစဉ် (Unicef) မှ ဖွင့်လှစ်သည့် ကျောင်းရှိ မောင်ချစ်သဲကို (အသက် ၁၅နှစ်) နှင့် သူငယ်ချင်းဖြစ်သူ မမိုးမိုးခိုင် (အသက် ၁၄ နှစ်) တို့အား အိမ်နီးချင်းဖြစ်သည့် ဒေါ်မြင့်မြင်ချိုက နေပြည်တော်၌ အလုပ်ရမည်ဆိုကာ ခေါ်ဆောင်၍ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ အမှတ် (၆၀၅) အမြောက်တပ်ရင်းသို့ ပို့ဆောင် ရောင်းစားခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်သန်းသန်းချိုက ပြောသည်။

“သားက အလုပ်ရမယ်ဆိုလို လိုက်သွားတာ။ စစ်တပ်ထဲဆိုတော့ မနေနိုင်ဘူးဆိုပြီး မိဘကို အတင်းပြန်ခေါ်ခိုင်းလို့ သွားခေါ်တော့မှ ဒီအမျိုးသမီးက လိမ်ခေါ်ပြီး ရောင်းစားတာကို သိရတာ” ဟု ၎င်းက ပြောသည်။

အမှတ် (၆၀၅) တပ်ရင်းက ဒေါ်မြင့်မြင်ချိုအား တပ်သားသစ် ပို့ဆောင်သည့်အတွက် ငွေကျပ် ၁ သိန်း ပေးသည်ဟု သိရကြောင်း၊ သို့သော် တပ်ရင်း တာဝန်ရှိသူများက ကလေးကို မိဘများလက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်သန်းသန်းချိုက ပြောသည်။

အလားတူ ပြည်မြို့ ရွာဘဲနယ်မြေ မင်္ဂလာဦး ရပ်ကွက်အတွင်း နေထိုင်သည့် မောင်ကောင်းထက်မောင်ကိုလည်း အဆိုပါတပ်သို့ပင် ဒေါ်မြင့်မြင့်ချိုက သွားရောက် ပို့ဆောင်ခဲ့သေးကြောင်း သိရသည်။

အဆိုပါ အဖြစ်အပျက်နှင့် ပတ်သက်၍ လှည်းကူးမြို့နယ်ရှိ အမြောက်တပ်ရင်း (၆၀၅) သို့ ဧရာဝတီက ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပေ။

အသက် ၁၄ နှစ် အရွယ်ရှိ မမိုးမိုးခိုင်ကိုမူ ဒေါ်မြင့်မြင့်ချိုက တပ်ကြပ်ကြီးတဦး၏ ဇနီးဖြစ်သူ မစိုးစိုးဦး မှတဆင့် ရန်ကုန်မြို့ မြောက်ဥက္ကလာပရှိ ၀ါဝါ၀င်းစားသောက်ဆိုင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးနှစ်ဦးမှာ Unicef နှင့် မြန်မာနိုင်ငံ ခရစ်ယာန်များကောင်စီတို့ ပူးပေါင်းကာ ကျောင်းမနေနိုင်သည့် ကလေးသူငယ်များအား အသက်မွေးဝမ်းကျောင်းပညာကိုပါ တွဲဖက်သင်ကြားပေးနေသည့် ကျောင်းဖြစ်သည်။

အဆိုပါ အမှုကို Unicef ၏ အကူအညီဖြင့်ပင် ပြည်မြို့တွင် ဖွင့်လှစ်ထားသည့် ပြစ်မှုကျူးလွန် အစော်ကားခံရသည့် ကလေးသူငယ်များအား တရားဥပဒေအရ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ဖြစ်သည့် Legal Aid ဆိုသည့်အဖွဲ့က လိုက်ပါ ဆောင်ရွက်ပေးနေသည်ဟု သိရသည်။

စစ်သားအဖြစ် ရောင်းစားခံရသည့် မောင်ချစ်သဲကို၏ မိခင် ဒေါ်သန်းသန်းချိုက နောင်တွင် ကလေးများ လူကုန်ကူးခြင်း မခံရစေရန် တရားဥပဒေအရ အရေးယူပေးစေရေး ယခုကဲ့သို့ အမှုဖွင့်ရခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ အမှုတွင် လိုက်ပါဆောင်ရွက်ပေးနေသည့် လူအခွင့်အရေးလှုပ်ရှားသူ တဦးကလည်း ယခုအခါ ပြည်မြို့တွင် စီးပွားရေး အခြေအနေအရ ကျောင်းမနေနိုင်သည့် လက်လုပ်လက်စား ကလေးသူငယ်များကို စစ်တပ်အတွင်းသို့ ရောင်းစားမှုများ ပိုမို များပြားလာကြောင်း၊ ယခုအမှုများနှင့် ပတ်သက်၍ နေပြည်တော်ရှိ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့သို့လည်း တိုင်ကြားထားကြောင်း သိရသည်။

လာဘ်စားမှုဖြင့် သင်္ကာမကင်းခံရသူ ထိပ်တန်းစစ်ဗိုလ်ချုပ် ၅ ဦးကို စစ်ဆေး

ဧရာဝတီ Thursday, 28 July 2011 12:00

လာဘ်ပေးလာဘ်ယူနှင့် အာဏာအလွဲသုံးစားမှုများ ပြုလုပ်ခဲ့သည် ဆိုသော ထိပ်တန်းစစ်ဗိုလ်ချုပ် ၅ ဦးကို ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က စုံစမ်းခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

General-Min-Aung-Hlaing-Mar-30-11

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ဓာတ်ပုံ - Getty Images)

အဆိုပါ ၅ ဦးမှာ လက်ရှိ စစ်တပ်တွင် တပ်မတော်စစ်ရေး အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်ကျော်ဖြိုး (DSA – ၂၂)၊ မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက် ဥက္ကဋ္ဌနှင့် စစ်ရေးချုပ် ဗိုလ်ချုပ်ခင်ဇော်ဦး (OTS-၅၆)၊ ကစထမှူး ဗိုလ်ချုပ်မြင့်စိုး (OTS-၆၀)၊ တြိဂံဒေသ တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး (DSA-၂၄)၊ ကမ်းရိုးတန်း တိုင်းမှူး ဗိုလ်မှူးချုပ် ခင်မောင်ဌေး (OTS-၆၃) တို့ ပါဝင်ကြောင်း စစ်ဘက်အသိုင်းအ၀န်းမှ သတင်းရရှိသည်။

“ဗိုလ်ချုပ်ကျော်ဖြိုးဆိုရင် အရင်တြိဂံဒေသ တိုင်းမှူးလုပ်ခဲ့တယ်။ လက်ရှိတိုင်းမှူးရော၊ အရင်တိုင်းမှူးရော ခေါ်အစစ်ခံရတာ။ ဗိုလ်ချုပ်မြင့်စိုး ဆိုရင်လည်း အရင်တုန်းက စစ်ကိုင်းတိုင်း တိုင်းမှူးလုပ်တုန်းက မုံရွာဘက်က မြေကွက်တွေ ရောင်းစားခဲ့ တာတွေ ရှိတယ်။ အဲဒါတွေ အခု စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေး (ဒုတိယဗိုလ်ချုပ်ကြီးဟောင်း) က သမ္မတ ဦးသိန်းစိန်ဆီ တိုင်တယ်။ ကမ်းရိုးတန်းတိုင်းမှူး လုပ်ခဲ့တဲ့ ဗိုလ်ချုပ်ခင်ဇော်ဦးနဲ့ လက်ရှိတိုင်းမှူးရော အဲဒီလို အတိုင်ခံရတာလို့ ကြားတယ်” ဟု နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။

လက်ရှိခေါ်ယူ စစ်ဆေးခံနေရသူများအား ပြစ်မှုကျူးလွန်မှု ရှိ၊ မရှိစစ်ဆေးခြင်းသာဖြစ်ပြီး လက်ရှိရာထူး တာဝန်များကို ဆက်လက် ထမ်းဆောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။

“အတိုင်ခံရတာဆိုပေမယ့် လက်ဆုပ်လက်ကိုင် သက်သေနဲ့တကွ အပြစ်ကျူးလွန်ခဲ့တာ မပြနိုင်ရင်တော့ ရာထူးက အနားပေး ခံရတာတို့၊ နုတ်ထွက်ခိုင်းတာတို့ ဖြစ်မှာမဟုတ်ဘူး။ သက်သေမပြနိုင်ရင်တော့ သတိပေးတဲ့အဆင့်နဲ့ပဲ ပြီးသွားမယ်” ဟု အဆိုပါနီးစပ်သူက ဆိုသည်။

ယခုလအတွင်း ရာထူးမှ အနားပေးခြင်း ခံလိုက်ရသော ဗိုလ်ချုပ်တင်ငွေသည် မန္တလေးမြို့ရှိ သိန်းထောင်သောင်းချီ တန်သော မြေကွက် အရောင်းအ၀ယ်များ ပြုလုပ်ခဲ့ပြီး လက်ရှိမန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့် (ဒုတိယဗိုလ်ချုပ်ကြီးဟောင်း) က သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်ထံ တိုက်ရိုက်တိုင်ကြားခဲ့ကြောင်း၊ ယင်းနောက် သက်သေ သာဓကနှင့်တကွ အာဏာ အလွဲသုံးစားပြု မြေကွက်ရောင်းစားခဲ့သည်ကို စစ်ဆေးတွေ့ရှိရသည့်အတွက် ရာထူးမှ အနားပေးခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း တိုင်းမှူးဗိုလ်မှူးချုပ် ထွန်းသန်းသည်လည်း ဇွန်လတွင် ရာထူးမှ အနားပေးခံလိုက်ရပြီး အစိုးရသစ်တက်ပြီး ပထမဦးဆုံး ရာထူးမှ အနားပေးခြင်းခံလိုက်ရသော ထိပ်တန်း စစ်တပ် အဆင့်မြင့်အရာရှိ တဦးဖြစ်ခဲ့သည်။

နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူတချို့က ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် လက်ရှိ တပ်မတော်တွင် အရေးကြီးသော ထိပ်တန်းတာဝန်များ ထမ်းဆောင်နေသည့် စစ်အရာရှိများကို ဖြုတ်ပယ်ပြီးနောက် သူနှင့်နီးစပ်သူ စစ်အရာရှိများကို အရေးကြီးသော ရာထူးတာဝန်များ ခန့်အပ် အစားထိုးမှု ပြုလုပ်လာနိုင်သည်ဟု သုံးသပ်ကြ သည်။

“ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာပြီ ဆိုတာနဲ့ ဦးစီးချုပ်က သူယုံကြည်တဲ့၊ စိတ်ချရတဲ့ သူတွေကို ဆွဲတင်ချင်တော့ ရှေ့မှာ ရှိနေတဲ့သူတွေကို လာဘ်ပေးလာဘ်ယူ အကြောင်းပြပြီး ဖြုတ်ထုတ်တာတွေ လုပ်တယ်။ သူ့အာဏာ တည်ဆောက်တာပေါ့။ ဒါက တပ်မတော်မှာ အစဉ်အလာလို ဖြစ်နေပြီ”ဟု နေပြည်တော် စစ်တပ်အသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ဆိုသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် တပ်တွင်း အခြေအနေများ၊ ရာထူးအပြောင်းအလဲ လုပ်မှုများနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုက်ရိုက်တင်ပြ၍ ညွှန်ကြားမှုခံယူသည်ဟု စစ်ဘက်သတင်းရပ်ကွက်များ၏ အဆိုအရ သိရသည်။

အသေခံ ဗုံးခွဲမှုကြောင့် ကန်ဒါဟာ မြို့တော်ဝန် သေဆုံး

from VOA NEWS

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာ မြို့တော်ဝန်ဟာ အသေခံ ဗုံးခွဲတိုက်ခိုက်မှု တခုကြောင့် သေဆုံးခဲ့ရပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ နိုင်ငံတကာ တပ်ဖွဲ့တွေက လုံခြုံရေး တာဝန်တွေကို အာဖဂန်အစိုးရ တပ်ဖွဲ့တွေဆီ စပြီး လွှဲပြောင်းပေးနေတဲ့ အချိန်မှာပဲ ထင်ရှားတဲ့ အဆင့်မြင့် ပုဂ္ဂိုလ်တွေကို လုပ်ကြံမှုတွေ ဆက်တိုက်ဆိုသလို အာဖဂန်နစ္စတန်မှာ ဖြစ်နေတာပါ။

ကန်ဒါဟာ မြို့တော်ဝန် ဂူလမ် ဟိုင်ဒါ ဟာမစ်ဒီ (Ghulam Haider Hamidi) ဗုံးခွဲတိုက်ခိုက်ခံရလို့ ဒီကနေ့ သေဆုံးသွားရတဲ့ ကိစ္စဟာ သူတို့ရဲ့လက်ချက် ဖြစ်တယ်လို့ တာလီဘန်တွေက ပြောပါတယ်။ မြို့တော်ဝန် အနီးနားမှာ ရှိနေသူတွေထဲက လူတဦးထက် မနည်းလည်း ဒဏ်ရာရခဲ့ပါတယ်။

အိမ်တွေကို တရားမ၀င် ဆောက်ထားတယ်ဆိုပြီး အာဏာပိုင်တွေက ကန်ဒါဟာမြို့တွင်းက အိမ်တွေကို မကြာခင်က ဖျက်ဆီးခဲ့တဲ့အခါမှာ အမျိုးသမီးတဦးနဲ့ ကလေးငယ် ၂ ဦး သေဆုံးခဲ့ရတာကို တုံ့ပြန်တဲ့ အနေနဲ့ အခုလို တိုက်ခိုက်ရတာပဲလို့ တာလီဘန်အဖွဲ့ ပြောခွင့်ရသူတဦးက ဆိုပါတယ်။

ကန်ဒါဟာ မြို့တော်ဝန်ဟာ သူ့နယ်မြေက မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံနေတုန်း ခေါင်းပေါင်း ပေါင်းထားတဲ့ ဗုံးခွဲသမားက ပုန်းအောင်းနေရာက ထွက်လာပြီး တိုက်ခိုက်ခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ကန်ဒါဟာ မြို့တော်ဝန်ဟာ အရင်တုန်းကလည်း လုပ်ကြံတိုက်ခိုက်တာကို ခံခဲ့ရပေမဲ့ လွတ်မြောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း သူ့ရဲ့ လက်ထောက်မြို့တော်ဝန် ၂ ဦး အတိုက်အခိုက်ခံရလို့ သေဆုံးခဲ့ပါတယ်။

အခုလဆန်းပိုင်းတုန်းကလည်း ကန်ဒါဟာပြည်နယ်ထဲမှာပဲ အာဖဂန်သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) ရဲ့ ညီဝမ်းကွဲ တော်စပ်သူ လုပ်ကြံသတ်ဖြတ် ခံခဲ့ရပါသေးတယ်။ ဒီတိုက်ခိုက်မှုကိုလည်း တာလီဘန်က သူတို့ရဲ့ လက်ချက်လို့ ပြောပါတယ်။

နော်ဝေးလူသတ်ပွဲ စုံစမ်းရေး ကော်မရှင် ဖွဲ့မည်

နော်ဝေးနိုင်ငံမှာ လူပေါင်း ၇၆ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ ပစ်ခတ်မှုနဲ့ ဗုံးခွဲတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးဖို့ လွတ်လပ်တဲ့ ကော်မရှင်တရပ် ဖွဲ့စည်းသွားမယ်လို့ ၀န်ကြီးချုပ် ယွန်း စတိုလ်တန်ဘာ့ဂ် (Jens Stoltenbeg) က ပြောပါတယ်။

နော်ဝေးနိုင်ငံသား အစွန်းရောက် အမျိုးသားရေးဝါဒီ တယောက်ရဲ့ သောကြာနေ့ တိုက်ခိုက်မှုကနေ သင်ခန်းစာ ယူနိုင်အောင် ထောင့်ပေါင်းစုံက စုံစမ်းစစ်ဆေးဖို့ အရေးကြီးတယ်လို့လည်း ၀န်ကြီးချုပ်က ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့တာပါ။

တိုက်ခိုက်မှုအတွင်း ဓားစာခံ ဖြစ်ကြရသူတွေအတွက် ၀မ်းနည်း ကြေကွဲရတဲ့အချိန် ကျော်လွန်တဲ့အခါ နော်ဝေးလုံခြုံရေး လုပ်ငန်းတွေရဲ့ ဆောင်ရွက်မှုတွေအပေါ် ပြန်လည် သုံးသပ်သွားမယ်လို့လည်း သတင်းစာ ရှင်းလင်းပွဲအတွင်း ကတိပေးခဲ့ပါတယ်။

အာဏာရ လေဘာပါတီရဲ့ အစည်းအဝေးအတွက် လူငယ်တက်ကြွလှုပ်ရှားသူ ရာပေါင်းများစွာ တက်ရောက်နေတဲ့ နိုင်ငံတောင်ပိုင်းက အိုတိုယာကျွန်းပေါ်က ပစ်ခတ်မှုမှာ ရဲတွေရဲ့ တုံ့ပြန်မှုဟာ နှေးကွေးတယ်လို့ နော်ဝေးနိုင်ငံတွင်းမှာ ဝေဖန်ခံနေရတာပါ။

ကျွန်းပေါ်ကို ပထမဆုံး ရောက်သွားတဲ့ ရဲတပ်ဖွဲ့ဝင် တယောက်ကတော့ အသက် ၃၂ နှစ်အရွယ်ရှိ သေနတ်သမားဟာ လက်နက်ကိုင်ရဲတွေ သူ့ကို ၀ိုင်းထားပြီ ဖြစ်တဲ့အကြောင်း အော်ဟစ်တဲ့အခါ ခေါင်းပေါ် လက်မြှောက်ပြီး အဖမ်းခံခဲ့တယ်လို့ ပြောပါတယ်။

ဒီအတောအတွင်း နော်ဝေးနိုင်ငံမှာ ဒီလိုသတ်ဖြတ်မှု မဖြစ်ခင်မှာပဲ တိုက်ခိုက်သူထံကနေ အီးမေးလ် လက်ခံရရှိခဲ့ကြောင်း ဘယ်လ်ဂျီယံနိုင်ငံက ဥပဒေပြု အမတ်တယောက်က ပြောဆိုလိုက်ပါတယ်။

တိုက်ခိုက်မှု ကျူးလွန်ကြောင်း ၀န်ခံထားတဲ့ အန်ဒါးစ် ဘာရင် ဘရက်ဗစ်ခ် (Anders Behring Breivik) ဟာ သူနဲ့အတူ နောက်ထပ် လူ ၁,၀၀၀ လောက်ထံ သူ့ရဲ့ကြေညာချက်ကို အီးမေးလ် ပေးပို့ခဲ့တယ်လို့ ဘယ်လ်ဂျီယံနိုင်ငံက အခြေချ နေထိုင်ခွင့်ပြုရေး မူဝါဒတွေကို ဆန့်ကျင်တဲ့ Vlaams Belang ပါတီက အမတ်တဦးဖြစ်တဲ့ တန်ဂိုင် ဗေးစ် (Tanguy Veys) က ဗုဒ္ဓဟူးနေ့ကပဲ ပြောဆိုခဲ့တာပါ။

အင်တာနက် တိုက်ခိုက်သူထဲ မြန်မာထိပ်ဆုံး

from VOA MYANMAR


ကမ္ဘာတ၀န်း အင်တာနက် ဆက်သွယ်မှုအပေါ် တိုက်ခိုက်မှုတွေ မြစ်ဖျားခံလာတဲ့ တိုင်းပြည်တွေထဲမှာ မြန်မာနိုင်ငံဟာ ထိပ်ဆုံးအဆင့်မှာ ရှိနေတဲ့အကြောင်း နိုင်ငံတကာ အင်တာနက် လုပ်ငန်းကြီးတခုရဲ့ အစီရင်ခံစာတစောင်က ဖော်ပြလိုက်ပါတယ်။

၂၀၁၁ ခုနှစ် ဇန်န၀ါရီလကနေ မတ်လကုန်အထိ ပထမ သုံးလပတ်အတွက် ဆန်းစစ်ချက်အရ မြန်မာနိုင်ငံကလာတဲ့ တိုက်ခိုက်မှုဟာ ၁၃% အထိ ရှိနေပြီး အများဆုံး ဖြစ်ခဲ့တဲ့အကြောင်း အမေရိကန် အခြေစိုက် Akami အင်တာနက် ဆက်သွယ်မှုလုပ်ငန်းက တွေ့ရှိခဲ့တာပါ။

Akami ရဲ့ ၀န်ဆောင်မှု လုပ်ငန်းတွေအပေါ် အခြေခံပြီး ကမ္ဘာတ၀န်း နိုင်ငံပေါင်း ၁၉၉ နိုင်ငံက အင်တာနက် ဆက်သွယ်မှုတွေကို စောင့်ကြည့်ရာမှာ အစီရင်ခံစာ သမိုင်းတလျှောက် ထူးထူးခြားခြား မြန်မာနိုင်ငံ ထိပ်ဆုံးရောက်လာတာကို တွေ့ရတဲ့ အကြောင်းလည်း အစီရင်ခံစာက ဖော်ပြပါတယ်။

မြန်မာနိုင်ငံကလာတဲ့ တိုက်ခိုက်မှုတွေဟာ အင်တာနက် ကွန်ရက်ထဲက ဆက်သွယ်ရေး Port ၂၅ ခုလောက်ကိုသာ ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ထူးထူးခြားခြား ဆိုသလို ဆက်သွယ်ရေး Port နံပါတ် ၈၀ တခုတည်းကိုပဲ တိုက်ခိုက်မှုဟာ ၄၅% အထိ ရှိခဲ့ကြောင်းလည်း အစီရင်ခံစာက တွေ့ရှိခဲ့တာပါ။

အမေရိကန် ပြည်ထောင်စုနဲ့ ထိုင်ဝမ်တို့ဟာ ပုံမှန်အားဖြင့် စာရင်းထဲမှာ ထိပ်ဆုံးနေရာ ယူတတ်လေ့ ရှိပေမဲ့ အခုအခါမှာတော့ ၁၀% နဲ့ ၉% ကျော်သာ တိုက်ခိုက်မှုတွေ ရှိခဲ့တာကို တွေ့ရတယ်လို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။

ပဲခူးရေကျပေမယ့်လှေနဲ့သွားနေရဆဲ

from BBC NEW

၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ အတည်မပြုခင် ရက်ပိုင်းအလိုမှာ မြန်မာပြည် အောက်ပိုင်းကို ဖြတ်သန်းတိုက်ခိုက်ခဲ့တဲ့ လူပေါင်းသိန်းချီ သေဆုံးခဲ့တဲ့ နာဂစ်မှာတောင် နိုင်ငံ့ခေါင်းဆောင်က ချက်ချင်း လာမကြည့်ဘဲ ပဲခူး ရေဘေးမှာတော့ သမ္မတ ချက်ချင်း ရောက်လာတဲ့အတွက် ရေဘေးဒဏ်သင့် ပြည်သူတွေ ဝမ်းမြောက် နေကြတယ်လို့ သိရပါတယ်။
Bago Flood


ဒုက္ခရောက်နေတဲ့ ပဲခူးဒေခံပြည်သူတွေက သမ္မတရောက်လာပြီး တွေ့တာကို ဝမ်းသာ

သမ္မတက ဆင်းရဲသား ပြည်သူတွေကို သေချာ လာတွေ့ပြီး အားပေး စကား ပြောတယ်၊ ရေကျ သွားလည်း စားဖို့ သောက်ဖို့ အဆင် ပြေအောင် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် ဝယ်ပေးဖို့ ပဲခူး ဝန်ကြီးချုပ်ကို မှာကြား သွားတယ်လို့ ပဲခူး ဒေသခံ တဦးက ဘီဘီစီကို ပြောပါတယ်။

လက်ရှိ ပဲခူး ရေဘေး အခြေအနေကတော့ ကတ္တရာ လမ်းတွေမှာ ရေကျသွားခဲ့ပေမယ့် ရပ်ကွက်တွင်းမှာတော့ ရေတွေ ရှိနေဆဲ ဖြစ်တာမို့ လှေတွေနဲ့ သွားလာ နေရတယ်လို့ ပဲခူး ဒေသခံတွေက ဘီဘီစီကို ပြောပြပါတယ်။

ပဲခူးမြို့က ဘုန်းကြီးကျောင်း သုံးကျောင်းမှာ ဆိုလည်း ရေဘေးဒဏ်သင့် ပြည်သူတွေက ခိုလှုံနေဆဲ ဖြစ်ပြီး သူတို့တွေရဲ့ နေအိမ်တွေဆီ မပြန်နိုင်ကြသေးဘူးလို့ သိရပါတယ်။

ထိုင်းမှာ မြန်မာလူကုန်ကူးသူတွေ ဖမ်းဆီးမိ

ဇူလိုင်လ ၂၆ ရက်နေ့က ထိုင်းနိုင်ငံ ဇင်းမယ်မြို့မှာ ရောင်းစားခံရတဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ် ၆ ယောက်ကို ထိုင်းရဲတွေက ကယ်ဆယ်ခဲ့ရပါတယ်။ လူကုန်ကူးသူတွေကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ ဇင်းမယ်မြို့နဲ့ လမ်းပမ်းမြို့သွားတဲ့ အိမ်ခန်းတခုမှာ အသက် ၃ နှစ်အရွယ်ကနေ အသက် ၁၄ နှစ်အရွယ်ကြားမှာ ရှိတဲ့ ကလေးငယ်တွေကို လူပွဲစားလို့ ရဲက စွပ်စွဲခံထားရသူတွေ လက်ထဲမှာ တွေ့ရှိခဲ့တာပါ။ သင်္ကာမကင်းတဲ့ အိမ်ခန်းတခုကို ၀င်ရောက်ဖမ်းဆီးရာမှာ မြန်မာနိုင်ငံသား ၃ ဦးနဲ့အတူ ကလေးငယ် ၆ ဦးကို ဖမ်းမိပြီးတဲ့နောက် ဒီကလေးတွေဟာ လူကုန်ကူးခံရတဲ့ ကလေးတွေဖြစ်ကြောင်း ထိုင်းရဲက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ချင်းမိုင်ခရိုင် အမှတ် ၅ ရဲစခန်း ရုံးချုပ်က ရဲအရာရှိ အဖိချာ့ဒ် ပြောပြတာကတော့…

“ဖမ်းဆီးခံရတဲ့အချိန်မှာ မြန်မာနိုင်ငံသား ၃ ဦးဖြစ်တဲ့ ဦးတင်ဝင်း၊ ဒေါ်ရွှေကြည်နဲ့ မချို ဆိုတဲ့ အမျိုးသမီး ၂ ဦး၊ အမျိုးသားတဦးကို တွေ့ခဲ့ရပြီး အသက် ၃ နှစ်ကနေ ၁၄ နှစ်ကြားမှာရှိတဲ့ ကလေးတွေဟာ သူတို့ကလေးတွေလို့ ပြောပေမဲ့ စစ်ဆေးလိုက်တဲ့ အခါမှာတော့ သူတို့ကလေးတွေ မဟုတ်ဘူးဆိုတာ သိရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သေချာအောင် စုံစမ်း စစ်ဆေးသွားဦးမယ်လို့ ဆိုပါတယ်။”

အခုဖမ်းမိတဲ့ ဦးတင်ဝင်း ဦးဆောင်တဲ့ အဖွဲ့ဟာ ကလေးတွေကို ထိုင်းနိုင်ငံထဲမှာ တောင်းရမ်း စားသောက်ဖို့အတွက် ဇင်းမယ်မြို့ကို ခိုးသွင်းနေတဲ့ အဖွဲ့လို့ သိထားရပြီး ကလေးတွေကို စစ်ဆေးတဲ့ အခါမှာလည်း ကလေးတွေဟာ မိုးလင်းကနေ မိုးချုပ်အထိ တောင်းရမ်းစားသောက်တဲ့ အလုပ်တွေ လုပ်ပေးရပြီး ငွေရှာပေးနေရသူတွေလို့ သိရပါတယ်။

အရွယ်မရောက်သေးတဲ့ ကလေးတချို့ဟာ အခုလို လူကုန်ကူးခံရရုံသာမက လိင်ပိုင်းဆိုင်ရာ ချိုးဖောက်မှုတွေပါ ခံရတာကြောင့် လူပွဲစားတွေကို လူကုန်ကူးမှုအပြင် တခြားအမှုတွေနဲ့ပါ အရေးယူ ဆောင်ရွက်ဖို့ရှိကြောင်း ရဲအဖွဲ့က ဆိုပါတယ်။

ထိုင်းနိုင်ငံ ဇင်းမယ်မြို့ဟာ ကမ္ဘာလှည့်ခရီးသွား အများအပြား လာရောက်လည်ပတ်တဲ့မြို့ ဖြစ်တဲ့အတွက် ကလေးတွေကို တောင်းရမ်းစားသောက်ဖို့၊ လိင်လုပ်ငန်းခွင်တွေမှာ ရောင်းစားဖို့အတွက် လူကုန်ကူးသူတွေက မြန်မာနိုင်ငံဘက်က ခိုးသွင်းလာခဲ့ကြတာပါ။ တချို့ဆိုရင် အရွယ်မရောက်သေးတဲ့ အမျိုးသား ကလေးငယ်တွေဟာလည်း လိင်လုပ်ငန်းခွင်တွေမှာ ရောင်းစားခံရမှုတွေ ရှိနေပါတယ်။

အခု လူပွဲစားတွေ လက်ထဲက ကယ်ထုတ်လာခဲ့တဲ့ ကလေးတွေကိုတော့ ထိုင်းနိုင်ငံ ဇင်းမယ်မြို့က စောင့်ရှောက်ရေးဂေဟာတခုမှာ ထားပြီး သူတို့ရဲ့ အနိုင်ကျင့်ခံရမှုတွေနဲ့ ပတ်သက်ပြီး ရဲအဖွဲ့က စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ လူပွဲစားတွေကိုတော့ ဥပဒေအရ အရေးယူ ဆောင်ရွက်ဖို့အတွက် စီစဉ် ဆောင်ရွက်နေကြောင်း ရဲအဖွဲ့က ပြောပါတယ်။