Wednesday, August 10, 2011

Facebook မှာ စာရေးတော့မလို့လား၊ သတိထား၊ မေမေ ကြည့်နေတယ်။


မျက်မှောက်ခေတ် မိဘ ထက်ဝက်ခန့်မှာ FACEBOOk ထောက်လှမ်းရေး အလုပ်ကို နေ့တိုင်းနီးပါး လုပ်နေရသည်။ သူတို့၏ ရင်နှစ်သည်းချာ သားသမီးများ အွန်လိုင်း “လူမှုစာမျက်နှာ” ပေါ်တွင် ဘာတွေ လုပ်နေသနည်း ဆိုတာကို သိဖို့ရာအတွက်ပင်။
 ဗြိတိန်ဖေဖေ၊ မေမေများ ၅၅ ရာခိုင်နှုန်းက သူတို့ သားသမီးများ၏ ဖေ့ဘွတ်တွင်ရှိသော ကိုယ်ရေး အချက်အလက်များကို ကြည့်ရှု စစ်ဆေးခြင်းမှာ သီလမကျိုးဟု ခံယူထားသည်။
ကွန်ပျူတာ ကုမ္ပဏီ Bullguard Internet Security ၏ လေ့လာချက်အရ မိဘများက ဤသို့ စုံစမ်း ထောက်လှမ်းရခြင်းမှာ သူတို့ သားသမီးများနှင့် စကားပြောဆိုရာတွင် “ကိုးလို့ကန့်လန့်၊ ခိုးလိုးခုလု” မဖြစ်စေရန် အတွက်ဟု ဆိုသည်။ မိဘ လေးပုံတပုံကမူ ကလေးများ၏ ဘ၀မှန် အခြေအနေကို သိရှိစေဖို့ရာ ဤနည်းလမ်းသာ ရှိနေတော့သည်ဟု ခံယူထားကြသည်။

ဖေ့ဘွတ်မှာ စာရေးတော့မလို့လား၊ သတိထား။ မေမေ ကြည့်နေတယ်
ဖေ့ဘွတ်မှာ စာရေးတော့မလို့လား၊ သတိထား။ မေမေ ကြည့်နေတယ်

ဒစ်ဂျစ်တယ် ခေတ်ကာလ သားသမီးများကို ပြုစု ပျိုးထောင်ရန်အတွက် ကလေးများအကြောင်း မသိလို့ မရပါ။ ဤသို့ သိရှိစေရန်မှာ ဒီပလိုမေစီ နည်းလမ်း မျိုးစုံကို မိဘများက အသုံးချ နေရပြီဖြစ်သည်။ ဒစ်ဂျစ်တယ် ဆက်ဆံရေးကို မျက်ကွယ်ပြု၍ မရ။ သားသမီး ပျိုးထောင်မှုမှာ ပို၍ အနုပညာ ဆန်လာသည်။ သူတို့လေးတွေက ဂျင်မပေါက်၊ စွန်မလွှတ်၊ အိုးပုတ်၊ ဂျိုးရုပ် မကစားတော့ဘဲ ကလစ်လုပ်ရင်း၊ စခရင်းကိုနမ်းရင်းသာ ကြီးပြင်း လာနေသည်မို့ တမုံ့။
မိဘ ၂၀ တွင် ၁ ဦးမှာ သူငယ်ချင်း အကောင့်ဖြင့် သူတို့ သားသမီး စာမျက်နှာတွေကို ၀င်ဖတ်ရှုကြပါသတဲ့။ ဘာတွေ ဖြစ်နေသလဲဆိုတာကို မသိလို့ကလည်း မရ။
သားသမီးနှင့်လည်း မျက်နှာ မပျက်ချင်။
ဖေ့ဘွတ်နှင့် မိုင်စပေ့ လူမှုကွန်ယက် စာမျက်နှာများသည်လည်းကောင်း၊ တွစ်တာကဲ့သို့သော မိုက်ခရို ဘလော့ဂင်းသည်လည်းကောင်း ရွှေရင်သိမ်းသစ် ၁၃ နှစ်များ အကြားတွင် အထူး ရေပန်းစားနေပါသတဲ့။
“ဟေ့ မိပေါက်… ဒီမှာကြည့်စမ်း ကိုယ့်မှာ အွန်လိုင်း သူငယ်ချင်း ခြောက်ထောင်ကျော်တော့မယ်။ ၀ိုင်းစုခိုင်သိန်းကို မှီတော့မယ်ကွ။ .. ကိုယ့်ကိုဘာမှတ်လဲ။ ဖိုတိုရှော့နဲ့ ကိုယ့်နှုတ်ခမ်းကို ၀တ်မှုန်ရွှေရည်လိုမျိုး ပြင်ထားတဲ့ပုံ တင်လိုက်ဦးမယ်။ ညည်းဟာရော…”
“ဟင့်အင်း။ မိတေ… ကိုယ်က ပုန်းနေရတာလေ။ သိတယ်မဟုတ်လား…။ လာချိတ်တာတွေက အများကြီးပဲ…။ အီစီကလီ လုပ်လို့ ၀သွားပြီကွ…  ခီ်ွးခွီး”
စစ်တမ်း လေ့လာမှုအရ မိဘ ၅၅ ရာခိုင်နှုန်းမှာ ကလေးများအပေါ် စုံစမ်းထောက်လှမ်းကြပြီး ၄၀ ရာခိုင်နှုန်းကမူ သူတို့ မစပ်စုဟု ဆိုကြသည်။
မိဘ ၅ ရာခိုင်နှုန်းက ကွန်ပျူတာကို သုံးတတ်ပါမူ ထောက်လှမ်းပါလိမ့်မည်ဟု ဆိုကြသည်။
ဖေဖေ၊ မေမေ ၄၁ ရာခိုင်နှုန်းက သားသမီးများ၏ ကိုယ်ရေး info updates ကို အစဉ်အမြဲ စောင့်ကြည့် နေကြပြီးလျှင် ၃၉ ရာခိုင်နှုန်သော မိဘများက ပင်မ စာမျက်နှာ Wall ပေါ်တွင် သူတို့ သူငယ်ချင်းများ ရေးသားထားသည်တို့ကို ဖတ်ရှုကြကြောင်း လေ့လာတွေ့ရှိကြသည်။
ဓါတ်ပုံများကိုလည်း ကြည့်ရှုကြပါသတဲ့။
မြန်မာ ဒစ်ဂျစ်တယ် မေမေကော မနေ့က သမီးအွန်လိုင်းမှာ ဘယ်သူနဲ့ စကားပြောခဲ့သလဲ သိပါရဲ့လား။
အဲ… မေမေကကော အွန်လိုင်းပေါ်မှာ…..။
မောက္ခ ဒစ်ဂျစ်တယ် မိသားစုရေးရာ

ရေကြီးသော်လည်း ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် မဖျက်

FROM ဧရာဝတီ
ပဲခူးမြို့နှင့် ခရိုင်မြို့နယ်များအတွင်း မိုးများပြီး ရေကြီးရေလျှံမှုများ ဖြစ်နေသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးမြို့ခရီးစဉ်ကို ဖျက်သိမ်းမည်မဟုတ်ဟု သိရသည်။

bago-flood-sep_02
ယမန်နှစ် စက်တင်ဘာလက ပဲခူးရေကြီးမှု မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)
ယခုအခါ ပဲခူးမြစ်၊ ရွှေကျင်မြစ်နှင့် စစ်တောင်းမြစ်တို့သည် စိုးရိမ်ရေမှတ်နှင့် စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနေပြီး မြစ်တလျှောက်ရှိ ဒေသများတွင် ရေကြီးလျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး နိုင်ငံရေး ခရီးစဉ်ဖြစ်သော သြဂုတ်လ ၁၄ ရက်နေ့ ပဲခူးမြို့ နေ့ချင်းပြန်ခရီးစဉ်တွင် ရွှေမော်ဓောစေတီတော်ကို ပထမဆုံး ဖူးမျှော်မည်ဟု သိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “ရွှေမော်ဓောဘုရားဖူးပြီးရင် သာသနမဏ္ဍိုင် ပါဠိတက္ကသိုလ် ဆရာတော်ကို သင်္ကန်းဝင် ကပ်မယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထို့နောက် သနပ်ပင်မြို့နယ်ရှိ NLD ပါတီဝင်များ ကြီးမှူးဖွင့်လှစ်သည့် စာဖတ်ခန်းနှင့် အင်္ဂလိပ်စာ ပညာဒါနကျောင်းကို သွားရောက်ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ သနပ်ပင်မြို့နယ်မှအပြန် ပဲခူးမြို့တွင်လည်း နောက်ထပ် စာဖတ်ခန်းနှင့် အင်္ဂလိပ်စာ ပညာဒါနကျောင်းကို ဖွင့်လှစ်ပေးရန်ရှိပြီး ပဲခူး ခရိုင်အတွင်းရှိ လူငယ်ကွန်ရက်အဖွဲ့ဝင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဆက်လက်ပြောသည်။

ရန်ကုန်မြို့မှ နံနက် ၆ နာရီခန့်တွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ညနေ ၄ နာရီခန့်တွင် ရန်ကုန်မြို့သို့ အရောက်ပြန်ရန် စီစဉ်ထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို ပါတီဝင်များသာမက အာဏာပိုင်များဘက်ကလည်း အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်ပေးကြောင်းလည်း သိရှိရသည်။

ပြီးခဲ့သည့် လအတွင်းက ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်သမား ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ၀န်ကြီး ဦးအောင်ကြည်တို့ အစိုးရ ဧည့်ဂေဟာတွင် တွေဆုံဆွေးနွေးပြီးနောက် ယခုကဲ့သို့ ပဲခူးမြို့သို့ သွားရောက်မည် ခရီးစဉ်ထွက်ပေါ်လာခြင်း ဖြစ်သည်။

မကြာသေးမီကလည်း သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေး အကြံပေး ဒေါက်တာ နေဇင်လတ်က နေပြည်တော်တွင် ပြုလုပ်မည့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အလုပ်ရုံဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်အား လေ့လာသူအဖြစ် ဖိတ်ကြားမည်ဟု သိရကြောင်း ပြောဆိုခဲ့သေးသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်မြောက်ပြီးနောက် သားဖြစ်သူ ကိုထိန်လင်းနှင့် ပုဂံ-ညောင်ဦးဒေသသို့ သွားရောက်ခဲ့ပြီး ယခုအကြိမ်သည် ဒုတိယမြောက် ရန်ကုန်မြို့ပြင်ပ ခရီးစဉ်ဖြစ်သည်။

တိုင်လို့ စစ်ဆေးနေပြီ



FROM ဧရာဝတီ
မှန်ကန်ရင်တော့ ကွဲမှာပဲ

လင်းသန့်

ရန်ကုန် မြောက်ဥက္ကလာ ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခန့်အပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်လို့ သမတဦးသိန်းစိန်ကို တိုင်ကြပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူးက ဗဟိုဦးစီးစနစ်သုံးပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး ခန့်တာကို အောက်ခြေက မသိရှိခဲ့ဘူး၊ ခန့်လိုက်တဲ့လူကလည်း ကိုယ်ကျင့် တရားအရ မှတ်တမ်း မကောင်းသူတဦးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို တိုင်တဲ့အမှုကို
အခုတော့ ခေါ်ယူ စစ်ဆေးနေပါပြီ တဲ့။
လက်မှတ်ရေးထိုး တိုင်ကြားသူများကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ခေါ်ယူ စစ်ဆေးနေတာလို့ ဆိုပါတယ်။ “အခြေခံဥပဒေ အပိုဒ် ၅ ပုဒ်မ ၂၈၉ အရ တိုင်ကြတာကို ခေါ် မေး စစ်ဆေးတာတွေ လုပ်တော့ ရပ်ကွက်က တော်တော် ကြောက်နေကြ တယ်” လို့  လက်မှတ်ထိုး တိုင်ကြားရေး ဦးဆောင် လှုပ်ရှားသူ တဦးဖြစ်တဲ့ ဦးစိုးဝဏ္ဏက ဧရာဝတီကို ပြောပါတယ်။

ရပ်ကွက် အုပ်ချုပ်ရေးမှူးတဦးသည် ရပ်ကွက်၏ လူအကြည်ညိုခံသူ ဖြစ်ရမည် ဆိုတာကို ၂၀၀၈ အခြေခံဥပဒေ မှာ ပြဋ္ဌာန်းထားတယ်ဆိုပြီး
လက်မှတ် ရေးထိုး တိုင်ကြားသူ စုစုပေါင်း ၅၀၄ ဦး ရှိပါတယ် တဲ့။
“အခု ရွေးကောက်ပွဲပြီးနောက်ပိုင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးခန့်တာ ပြည်သူလူထု မသိလိုက်ဘူး။ သိလို့ မကျေနပ်ကြလို့ လက်မှတ်ထိုးပြီး တင်တာပေါ့။ လက်မှတ်ထိုးခဲ့တာလည်း ကျမတို့ အမျိုးသမီးတွေ များတယ်။ အခု ကိုယ့်အိမ်တောင် ကိုယ် မအိပ်ရဲ ဖြစ်နေတယ်။ ဘယ်အချိန် လာဖမ်းမလဲ ဖြစ်နေတယ်” လို့ တိုင်ကြားသူ အမျိုးသမီး တဦး က ပြောပါတယ်။

အရပ်ဝတ် ရဲထောက်လှမ်းရေးလို့ ယူဆရသူများ ရောက်လာပြီး မြို့နယ်အုပ်ချုပ်ရေးမှူးကို ကန့်ကွက်တဲ့ ကိစ္စ မြို့နယ်ရုံးမှာ ခေါ်စစ်မယ်ခံရမယ် လို့ ပြောနေပါသတဲ့။ ဒါပေမယ့်
စစ်ဆေးတာထက်ပိုမှာကို လက်မှတ်ထိုးသူတွေက စိုးရိမ်နေကြပါတယ်။
စစ်ဆေးချက် များကို လွှတ်တော်ထိတင်ပြမယ် လို့ အော်ချက် ထုတ်ပေမယ့် စိုးရိမ်ကြဆဲလို့ ဆိုပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပုဒ် ၅ တွင်ဖော်ပြပါရှိသော ဂုဏ်သရေရှိလူကြီးလူကောင်း၊ သိက္ခာသမာဓိ ရှိသူမျိုးသာလျှင် ပြန်လည် စီစစ်ရွေးချယ်ပေးဖို့ မြန်မာနိုင်ငံတနိုင်ငံလုံးမှာ ပြည်သူတွေဘက်က ရပ်တည် ပြောဆို ပေးမယ့် ပြည်သူ့အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေကို ပြန်လည်စီစစ်ရွေးချယ်ပေးဖို့ ကျနော်တို့ တောင်းဆို ချင်ပါတယ်” လို့
ဦးစိုးဝဏ္ဏက ဆက်ပြောပါတယ်။

ဦးစိုးဝဏ္ဏဟာ
အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ (NDF)ရဲ့ မြောက်ဥက္ကလာ ၂ ရပ်ကွက် အတွင်းရေးမှူးပါ။

“အခုဟာ ကျနော့်ပါတီက ဘာမှ မညွှန်ကြားဘူး။ ဆိုင်လဲ မဆိုင်ဘူး။ ဖိအားလည်း မပေးဘူး။ ဒါက ရပ်ကွက်နေ ရပ်မိ ရပ်ဖ အနေနဲ့ လုပ်ခဲ့တာ” လို့  သူက ဆိုပါတယ်

လွှတ်တော်ကိုယ်စားလှယ်များ အလိမ်ခံရသလား


~FROM ဧရာဝတီ


သြဂုတ်လ ၉ ရက်နေ့ထုတ် အစိုးရ သတင်းစာတွေမှာ လွှတ်တော်ကိုယ် စားလှယ် ၂၃ ဦး ရေးတဲ့ ငြိမ်းချမ်းရေးအတွက် အိတ်ဖွင့်ပေးစာ ဆိုတာကို ဖော်ပြထားပါတယ်။

၂၃ ဦး အမည်တွေလည်း ပါပါတယ်။

အိတ်ဖွင့်ပေးစာမှာ ငြိမ်းချမ်းရေးကိစ္စကို အစိုးရအနေနဲ့ရော လက်နက်ကိုင်အဖွဲ့တွေကပါ အပြုသဘောနဲ့ ဆွေးနွေးအဖြေရှာဖို့၊ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းစေဖို့အတွက် ယုံကြည်တွေမှုတွေနဲ့ အလုပ်လုပ်ကြဖို့ ကိစ္စတွေကို ဖော်ပြထားလို့ လက်မှတ်ထိုးလိုက်တယ်လို့ ကိုယ်စားလှယ်တဦးက ပြောပါတယ်။

သို့ပေမယ့် နောက်တနေ့ သတင်းစာထဲ ပါလာတော့ သူတို့စာက အသွင်နည်းနည်းပြောင်းသွားပါတယ် တဲ့။

အစိုးရဘက်က ငြိမ်းချမ်းရေး လိုလားပေမယ့် ကျန်တဘက်က သံသယလွန်ကဲခြင်း၊ အစွန်းရောက်ခြင်း၊ ဘေးပယောဂ၀င်ရောက် နှောင့်ယှက်ခြင်း၊ ကတိပျက်ကွက်ခြင်း၊ အကြမ်းဖက်ခြင်းတို့ ကြောင့် ငြိမ်းချမ်းရေး ပျက်ပယ်ခဲ့ရတယ် လို့ သတင်းစာမှာ ဆိုထားပါတယ်။

အဲဒီလို တဖက်သားကို စွပ်စွဲသလိုရေးသားထားတဲ့ စာသားတွေဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထား မဟုတ်ကြောင်း၊ မူရင်း အိတ်ဖွင့်ပေးစာမှာ အဲဒီလိုအသုံးအနှုန်းတွေကို လုံးဝ ထည့်သွင်းရေးထားခြင်း မရှိကြောင်း၊
သတင်းစာထဲက စာသားတွေအတွက် စိတ်မကောင်းဖြစ်ရကြောင်း ၂၃ ဦးထဲမှာပါဝင်တဲ့ အမည်မဖော်လိုသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောပါတယ်။

ခင်ဦးသာ

လေယာဉ်တင်သင်္ဘော တရုတ်ပြည်တွင် လုပ်သည်


်FROM ဧရာဝတီ
မြန်မာ့ အိမ်နီးချင်း တရုတ်နိုင်ငံကတော့ ၎င်းတို့ရဲ့ ပထမဆုံးသော လေယာဉ်တင်သင်္ဘောကို ရေချ စမ်းသပ်မှုတွေ ပြုလုပ်နေပြီလို့ တရုတ်နိုင်ငံ ဆင်ဟွာသတင်းဌာနက စစ်တပ်သတင်းရပ်ကွက်ကို ကိုးကား ပြောဆိုလိုက်ပါတယ်။
အလျား မီတာ ၃၀၀ နဲ့ အနံ ၇၀.၅ မီတာ ရှိတဲ့ အဆိုပါ လေယာဉ်တင်သင်္ဘောဟာ ရေချစမ်းသပ်မှုတွေ အတွက် တရုတ် နိုင်ငံ Liaoning ပြည်နယ် Dalian ဆိပ်ကမ်းကနေ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ စတင်ထွက်ခွာတယ်လို့ ဘီဘီစီ သတင်းဌာန မှာ ဖော်ပြထားပါတယ်။

တရုတ်တို့ရဲ့ ပထမဆုံး လေယာဉ်တင်သင်္ဘောဖြစ်လာတဲ့ Varyag
ဒီစမ်းသပ်မှုဟာ တရုတ်ရဲ့ စစ်အင်အားတို့ချဲ့နေမှုကို စောင့်ကြည့်နေတဲ့ နိုင်ငံတွေကို စိုးရိမ်မှုတွေ ထပ်တိုးလာစေတယ် လို့လည်း ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။

သိပ်မကြာသေးခင်ကပဲ တောင်တရုတ်ပင်လယ်မှာ ဖြစ်ခဲ့တဲ့ ပိုင်နက် အငြင်းပွားမှု ပြဿနာမှ တရုတ်တို့ အဓိကပါဝင်ခဲ့ပါတယ်။


ဘေဂျင်းအစိုးရကတော့ ဒီ လေယာဉ်တင်သင်္ဘောဟာ ၎င်းတို့ရဲ့ လေ့ကျင့်ခန်းတွေနဲ့ သုတေသနပြုလုပ်ဖို့ အတွက် ရည်ရွယ်ပါတယ်လို့ ပြောဆိုထားပါတယ်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက ၎င်းတို့ရဲ့ ပထမဆုံး လေယာဉ်တင် သင်္ဘောကို စတင်တည်ဆောက်နေပြီလို့ ကြေငြာခဲ့ပါတယ်။


လေယာဉ်တင်သင်္ဘောများကို အမျိုးအစားအလိုက် နှိုင်းယှဉ်ပြထားမှု
Varyag လို့ အမည်ရတဲ့ လေယာဉ်တင်သင်္ဘောရဲ့ မူလနိုင်ငံဟာ ဆိုဗီယက်ပြည်ထောင်စုဖြစ်ပြီးတော့ ၁၉၈၀ နောက်ပိုင်း နှစ်တွေမှာ တည်ဆောက်ခဲ့တာပါ။ တည်ဆောက်ခြင်းကို အပြီးမသတ်နိုင်ဘဲ ၁၉၉၁ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲတဲ့ အချိန်မှာတော့ Varyag ရဲ့ ကိုယ်ထည်ကို ယူကရိန်းနိုင်ငံမှာ တည်ဆောက်ခဲ့ပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နဲ့ နီးစပ်တဲ့ စီးပွားရေးကုမ္ပဏီကနေတဆင့် Varyag ကို တရုတ်တို့ ၂၀၀၁ ခုနှစ်မှာ ယူကရိန်းနိုင်ငံကနေ ဝယ်ယူနိုင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဆိုပါ လေယာဉ်တင်သင်္ဘော တည်ဆောက်မှု မပြီးခင်တုန်းကာလတွေမှာတော့ တရုတ်နိုင်ငံဟာ ရေငုပ်သင်္ဘောတွေကိုပဲ တစိုက်မတ်မတ် ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဲလို ထုတ်လုပ်မှုတွေကြောင့် အမေရိကန် ရေတပ်က ဖျက်သင်္ဘောတွေ လေယာဉ်တင် သင်္ဘောတွေ တရုတ် ရေပိုင်နက်အနီး မှာ လှုပ်ရှားနေမှုအပေါ်ကို အဟန့် ဖြစ်စေတယ်လို့လည်း သိရပါတယ်။
ယခု Varyag အပြင် လွန်ခဲ့တဲ့ နှစ်တွေမှာလည်း တရုတ်တို့ဟာ HMAS Melbourne လို့ အမည်ရတဲ့ လေယာဉ်တင် သင်္ဘော တစီးကိုလည်း သြစတြေးလျ နိုင်ငံကနေ ဝယ်ယူခဲ့ပါသေးတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် HMAS Melbourne ကို အောင်မြင်စွာ ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိခဲ့ပါဘူး။
Varyag ကို Shenyang J-15 အမျိုးအစား တိုက်လေယာဉ်တွေအပြင် ရဟတ်ယာဉ်တွေပါ တင်ဆောင် အသုံးပြုသွားမယ်လို့ သိရပါတယ်။
နောက်ထပ် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ကမ္ဘာ့ အသေးဆုံးလေယာဉ်တင်သင်္ဘောလို့ သတ်မှတ်ထားခြင်း ခံရတဲ့ The Chakri Naruebet ကို ပိုင်ဆိုင်ထားပြီး အိန္ဒိယ ကတော့ INS Viraat၊ INS Vikramaditya နဲ့ INS Vikrant (R11) တို့ကို လေယာဉ်တင် သင်္ဘောတွေအဖြစ် အသီးသီး ပိုင်ဆိုင်ထားကြပါတယ်။

Ref: BBC

The Lady ရုပ်ရှင်ရိုက်ကူးသူ ဒါရိုက်တာ၏ ပြောစကားများ

FROM မောက္ခ ပညာရေးမဂ္ဂဇင်း
ဒေါ်အောင်ဆန်းစုကြည် အကြောင်း "The Lady" ရုပ်ရှင် ရိုက်ကူးသူ ဒါရိုက်တာ Luc Besson ကို စီအန်အန်မှ Becky Anderson ၏ အင်တာဗျူး - ကမ္ဘာကျော် ဒီမိုကရေစီ လှုပ်ရှားမှုကြီး ဖြစ်သည့် မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားမှုနှင့်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း The Lady ဇာတ်ကားကို ပြင်သစ် ဒါရိုက်တာ Luc Besson ကရိုက်ကူးပါသည်။ ဒေါ်စု အနေဖြင့် နာမည်ကျော် မလေးရှားမင်းသမီး မစ်ရှဲဖြင့် ရိုက်ကူးထားသည်။
“ကျနော်က အစပိုင်းတုန်းကတော့ သူမအကြောင်းကို သေသေချာချာ မသိခဲ့ပါဘူး။ သူမရေးသားတဲ့ စာတစ်ပုဒ်၊ နှစ်ပုဒ်လောက်သာ ဖတ်ခဲ့ဖူးတာပါ။ တဖြည်းဖြည်းနဲ့ ပိုပို သိလာတဲ့အခါမှာ အင်မတန်မှ အံ့အားသင့်မိပါတယ်။ အရမ်းလည်းပဲ ခံစားခဲ့ရပါတယ်။ နှလုံးသားကို တည့်တည့်ထိခဲ့တာပါ။ ဒီ အမျိုးသမီး အကြောင်းကို လူတွေ ပိုသိရှိသင့်တယ်လို့ ခံစားရတယ်။ သူမဟာ “အမျိုးသမီး ဂန္ဒီ” တစ်ယောက်ပါပဲ။ ဒါရိုက်တာက ပြောပြခဲ့သည်။
မင်းသမီး မစ်ရှဲမှာ ပြီးခဲ့သည့် ဇူလိုင်လက မြန်မာပြည်သို့ လည်ပတ်ရန်ကြိုးစားခဲ့သော်လည်း ရန်ကုန်လေဆိပ်မှ လှည့်ပြန်ခဲ့ရသည်။

Google+ မှာ အမည်ဝှက်ကို အသုံးပြု ဆန္ဒပြမည့်သူများ


    FROM မောက္ခ ပညာရေးမဂ္ဂဇင်း
Google+ ကို အသုံးပြုသူတွေဟာ " နာမည်ရင်းကိုသာ သုံးပါ မူဝါဒ"(real-names-only-policy) ကို လိုက်နာကြရပါတယ်။ အဲဒီမူဝါဒဟာ ကမ္ဘာတလွှားမှ ဆန္ဒပြလှုပ်ရှားနေသူတွေအကြား လူမှုကွန်ယက်ရဲ့ ရေပန်းစားမှုနဲ့ အားကိုးအားထားပြုနိုင်မှုကို အတိုင်းအတာ တစ်ခုအထိ စိတ်အားလျော့မှု ဖြစ်စေပါတယ်။
လူမှုကွန်ယက်တွေဟာ တော်လှန်ရေး မငြိမ်သက်မှုတွေနဲ့အတူ ရေပန်းစားလာပါတယ်။ ဖေ့ဘွတ်ဟာ အီဂျစ်အစိုးရကို ဖြုတ်ချရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်အသုံးတော်ခံခဲ့ပါတယ် ။ အီဂျစ်မှာ ဆန္ဒပြတဲ့သူတွေဟာ ဖေ့ဘွတ်ကို အသုံးပြုပြီးတော့ အတွင်းအပြင် အချိတ်အဆက်ရှိရှိ ဆက်သွယ်စုရုံး ခဲ့ပါတယ်။
ဆီရီးယားမှ တော်လှန်သူတွေကလည်း ယူကျု့ (Youtube) ကို အသုံးပြုပြီး အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်တွေကို ကမ္ဘာအနှံ့ ဖွင့်ချပြနိုင်ခဲ့ပါတယ် ။ အခု လန်ဒန်မှာလည်း ဆန္ဒပြသူတွေဟာ ဘရက်ဘယ်ရီ မက်ဆေ့ခ်ျ တွေကို အသုံးပြုပြီး စုရုံးကြပါတယ်။
ဒါဖြင့် ဘာကြောင့် Google+ ကို မသုံးကြတာလဲ။ ဖြစ်နိုင်တဲ့အကြောင်းတွေကတော့ အများကြီးပါ။
ဒီအထဲကတစ်ခုကတော့ Google+ အသုံးပြုသူတွေဟာ သူတို့ရဲ့ နာမည်အရင်းတွေကိုသာ အသုံးပြုရခြင်းကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် Google+ က မိမိနာမည် အပြည့်အစုံကို ထည့်ရေးဖို့လည်း တိုက်တွန်းထားပါတယ်။
နာမည်ကို ရေးသွင်းရာမှာလည်း ဘာသာစကားတစ်မျိုးတည်းကိုသာ အသုံးပြုရမယ့်အပြင် ဒေါက်တာ၊ ပရော်ဖက်ဆာ စတဲ့ ဘာသာရေး၊ ပညာရေး၊ လူမှုရေး၊ အသက်မွေးမှုနဲ့ဆိုင်တဲ့ ခေါင်းစဉ်တွေလည်း ပါဝင်ရေးသားလို့ မရပါဘူး။ ပုံမှန်မဟုတ်တဲ့ အက္ခရာ စာလုံးတွေကိုလည်း ထည့်သွင်းလို့ မရပါဘူး။
Google+ က နာမည်ပြောင်တွေကို ရေးခွင့်မပြုတဲ့အပြင်၊ အမည်ဝှက်တွေကို အသုံးပြုခဲ့မယ်ဆိုရင် သူတို့ရဲ့အကောင့်တွေဟာ ပယ်ချက်ခံရပါလိမ့်မယ်။ မိမိတို့ရဲ့နာမည်ကို ပြောင်းချင်တယ်ဆိုရင်လည်း အသစ်လျှောက်ထားပြီး အနည်းဆုံး တစ်လကြာမှ ပြောင်းလို့ ရပါလိမ့်မယ်။ အဖွဲ့အစည်းတွေရဲ့ နာမည်တွေကိုလည်း ဖန်တီးလို့ရတဲ့ ဖွဲ့စည်းပုံ မပါပါဘူး။
ဒါတွေဟာ Google+ အသုံးပြုသူတွေကို အတင်းအကျပ် ပြုလုပ်ရာရောက်သလို ဆန္ဒပြလှုပ်ရှားသူတွေ၊ နှိပ်စက်ညှဉ်းပန်းခံရမှုမှ လွတ်မြောက်လာသူတွေအတွက် ဒုက္ခရောက်စေပါတယ်။ ဖိနှိပ်ချုပ်ချယ်တဲ့ အစိုးရတွေရဲ့ လက်အောက်မှ တက်ကြွလှုပ်ရှားသူတွေဟာ ဒီ Google+ မူဝါဒကြောင့် အဆင့်အလျှော့ခံရသလိုဖြစ်ကာ ဆန္ဒမပြဘဲ ဘေးထွက်ထိုင်နေရဖို့ များပါတယ်။
ဒါပေမဲ့ အာ:လုံး အဆိုးကြီးတော့ မဟုတ်ပါဘူး ။ Google+ မှာ တက်ကြွလှုပ်ရှားသူတွေအတွက် အရမ်းကို အသုံးဝင်တဲ့ သွင်ပြင်လက္ခဏာတွေ ရှိပါသေးတယ်။ ဘာတွေလဲဆိုတော့ ဒီဆိုဒ်ကို အသုံးပြုသူတွေဟာ မိမိတို့ရဲ့ သတင်းအချက်အလက်တွေကို အကန့်အသန့်နဲ့ အစုလိုက် အဖွဲ့လိုက် အကန့်လိုက် စက်ဝိုင်းသေးသေးလေးတွေလို အများကြီး ဆက်သွယ်ဝေငှလို့ ရခြင်းပဲ ဖြစ်ပါတယ်။

ဒီဂူးဂဲလ်စက်ဝိုင်းဟာ အသိပညာတွေဗဟုသုတတွေကို စုစည်းဖို့ အတွက် ကောင်းမွန်သလို ပုံမှန်ဘ၀အတွင်း ကိုယ့်ရဲ့ ထိတွေ့ဆက်ဆံသူတွေကို အုပ်စုလိုက် ခွဲပြီးထားလို့ ရတဲ့အတွက် သုံးစွဲသူတွေအတွက် အဆင်ပြေပါလိမ့်မယ်။
မိမိရဲ့ လက်တွဲဖော်၊ မိသားစု နဲ့ ထိတွေ့ဆက်ဆံတဲ့ အသေးဆုံးစက်ဝိုင်းလေးကစပြီး ရင်းနှီးတဲ့သူငယ်ချင်း၊ စိတ်တူကိုယ်တူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ပြည်သူလူထု စတဲ့ အလွန်ကြီးမားတဲ့ စက်ဝိုင်းအစုတွေအထိ ဖွဲ့စည်းလို့ရပါတယ်။ ဒီအချက်ကတော့ ဖေ့စ်ဘွတ်ထက် အားသာတယ်လို့ ပြောလို့ရတဲ့ အချက်တစ်ခုပါ။
နောက်အချက်တစ်ခုကတော့ သတင်းအချက်လွတ်လပ်ခွင့်နဲ့ ဒီသတင်းအချက်အလက်တွေကို ဒီလူမှုရေးကွန်ယက်ကို အသုံးပြုပြီး လွယ်ကူစွာဝေမျှနိုင်ခြင်းဟာ Google+ ကို သုံးစွဲသူတွေအတွက် နှစ်သက်စွဲလန်းစေတဲ့ အကြောင်းအရာဖြစ်သလို တက်ကြွလှုပ်ရှားသူတွေကိုလည်း သုံးစွဲချင်စိတ် ဖြစ်လာအောင် တိုက်တွန်းနေပါတယ်။
လူမှုရေးကွန်ယက်တိုင်းမှာတော့ ဘေးထွက်ဆိုးကျိုးတွေ ရှိတာပါပဲ ။ ဖေ့ဘွတ်မှာလည်း မိမိရဲ့ ကိုယ်ရေးကိုယ်တာတွေကို အပြည့်အ၀ လုံခြုံမှုအတွက် အာမခံချက်မပေးနိုင်ပါဘူး။ ဒါပေမယ့် ဒါတွေဟာ ခေတ်ရေစီးကြောင်းအရ အသုံးပြုနေကြရပါတယ်။
တစ်ချို့ကဆို ဖေ့ဘွတ်ကို မရှိမဖြစ်နတ်ဆိုး ဆိုပြီးခေါ်ကြပါတယ်။ ဒါဟာ အွန်လိုင်းယဉ်ကျေးမှုတစ်ခု ဖြစ်နေပါပြီ။ နာမည်ဝှက်နဲ့ Google+ ကို သုံးချင်သူတွေ၊ လူမှုကွန်ယက်အသစ်နဲ့ ဆန္ဒပြဖို့ လူစုချင်သူတွေ အတွက်လည်း မျှော်လင့်ချက်ကတော့ ရှိပါသေးတယ်။ ဘာလို့လဲဆိုတော့ ဂူးဂဲလ်က သူတို့ရဲ့ မူဝါဒကို ပြောင်းလဲဖို့ အလားအလာတွေ ရှိနေလို့ပါပဲ။
သုခသခင်
Ref : http://www.fastcompany.com/1772183/google-plus-pseudonyms-activists
https://www.google.com/support/+/bin/answer.py?answer=1228271

ပဲခူးရေကြီး၊ ရန်ကုန်-မန္တလေးကားလမ်း ပျက်


မိုးကြီး၍ ပဲခူးမြစ်ရေ ပိုမိုမြင့်တက်လာကာ ပဲခူးမြို့အတွင်းမှ ဖြတ်သန်းသွားသည့် ရန်ကုန်-မန္တလေးကားလမ်းပေါ်သို့ ရေကျော် လာသည့်အတွက် ယာဉ်သွားလာမှု ရပ်ဆိုင်းထားကြောင်း သိရသည်။
bagowather
ရေကြီးနေသည့် ပဲခူးမြို့တနေရာ (ဓာတ်ပုံ - Facebook)


ပဲခူးမြို့ခံတဦးက “ရန်ကုန်ဘက်ထွက်တဲ့ ကားလမ်းမှာ မနေ့ညကစပြီး ရေက ပေါင်လည်လောက်တက်လာလို့ အဝေးပြေးကားတွေ မသွားတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

မော်လမြိုင်၊ သထုံ၊ ဘားအံ-ရန်ကုန် အမြန်ကားများမှာလည်း ယခုအခါ ပဲခူးမြို့အတွင်းသို့ ၀င်ရောက်နိုင်ခြင်း မရှိတော့ကြောင်း၊
ကုန်ကားကြီးများ၊ လယ်ထွန်စက်များဖြင့် ပဲခူးမြို့မဈေးကြီး အရှေ့မှနေ၍ ရေလွတ်သည့်နေရာအထိ ခရီးသည်များနှင့် ကုန်ပစ္စည်းများကို သယ်ယူပေးနေကြောင်းလည်း ဆက်လက်ပြောသည်။

ပဲခူးမြစ်ရေသည် ယခုအခါ ပဲခူးမြို့အဝင် မြစ်ကူးတံတား သံပေါင်အောက်ခြေသို့ ထိလုထိခင် ရောက်ရှိနေကြောင်း၊ ပဲခူးမြို့မ ဈေးကြီးအတွင်း ရေများ ၀င်ရောက်နေပြီး၊ ဇိုင်းဂနိုင်း (တောင်/မြောက်)၊ ကျွန်းသာယာ၊ မဇင်း၊ ကျောက်တွင်းကုန်း၊ ရေကြီးကွင်း၊ ကျောက်ကြီးစု စသည့် ရပ်ကွက်ကြီးများတွင်လည်း ရေများ ၀င်ရောက်နေကြောင်းသိရသည်။

ထို့အပြင် ပဲခူးချောင်းဖျားရှိ ဘောနက်ကြီး၊ ၀င်းကရင်၊ ၀င်းလိုက်ကြီး စသည့်ဒေသများတွင် စာသင်ကျောင်းများ ပိတ်ထားရသည်ဟု  ပဲခူးမြို့ခံက ဆိုသည်။

ပဲခူးအနီးပတ်ဝန်းကျင် ဒေသများဖြစ်သည့် ဘုရားကြီး၊ ကတုတ်၊ ဝေါ၊ မြစ်ကျိုး စသည့် ပဲခူး-စစ်တောင်း တူးမြောင်း တလျှောက်ရှိ ဒေသများတွင်လည်း ရေလျှံနေကြောင်း ဝေါမြိုခံတဦးက ပြောသည်။

“ရေတွေက ပင်လယ်လို ဖြစ်နေပြီ။ ခင်တန်းလောက်ပဲ မမြုပ်တာ။ ဒီတချီတော့ လယ်သမားတွေ ဆုံးရှုံးတာပိုများတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ရေမြုပ် ဧရိယာများသည် ပဲခူးကွင်းဟု နာမည်ကြီးသည့် ဆန်စပါး အဓိကစိုက်ပျိုးရာ ကျေးရွာများဖြစ်သည်။

အလားတူ တောင်ငူမြို့တွင်လည်း ပြီးခဲ့သည့် ရက်ပိုင်းက မိုးသည်းထန်းစွာ ဆက်တိုက်ရွာသွန်းသည့် အတွက် စစ်တောင်းမြစ်ရေ မြင့်တက်လာကာ တောင်ငူအရှေ့ခြမ်းရှိ မိုကောင်း၊ ကာချောင်း၊ မြောက်ဘက်ခြမ်း ထီးလှိုင်နယ်မြေ၊ ရပ်ကွက် ၁၉၊ ၂၀၊ ရှမ်းစုကြီး စသည့် ဒေသများတွင် ရေကြီးနေကြောင်း၊ ထိုအတွက် မူလတန်းကျောင်း ၂၀ ကိုလည်း ပိတ်ထားရကြောင်း၊ တောင်ငူမြို့ခံတဦးက ဆိုသည်။

ယခုအခါ အိမ်ထောင်စုပေါင်း ၂၃၀၊ လူဦးရေ ၁၀၇၄ ဦး ရေဘေးသင့်ကြောင်း၊ အဆိုပါ အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးစခန်းများကို စာသင်ကျောင်းများ၊ ဘုရား၊ တန်ဆောင်း၊ ဓမ္မာရုံများတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဖွင့်လှစ်ထားကြောင်း သိရသည်။

ရေဘေးသင့် ပြည်သူများကို အစိုးရအာဏာပိုင်များက ကူညီမှုများ မရှိသေးကြောင်း၊ ယနေ့တွင် ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့် တာဝန်ရှိသူများ လာရောက် ကြည့်ရှုမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက  မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးခြင်း၊ လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ပြီးခဲ့ သောကြာနေ့က ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ၀န်ကြီးများ အဆိုပါ ဒေသသို့ သွားရောက်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လကလည်း ပဲခူး၊ ညောင်လေးပင်၊ ရွှေကျင်၊ သနပ်ပင်မြို့နယ်၊ ဒိုက်ဦးမြိုနယ်၊ က၀မြို့နယ်နှင့် ဆက်စပ်နေသည့် သုံးခွ၊ ခရမ်း မြို့နယ်များတွင် စစ်တောင်းမြစ် ရေကြီးသည့်အတွက် စိုက်ပျိုးပြီး စပါးဧက ၃သောင်းခန့် ဆုံးရှုံးခဲသေးသည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF မြန်မာအစိုးရကို ကူညီမည်

FROM RFA NEWS

မြန်မာနိုင်ငံ နိုင်ငံခြားငွေလဲနှုန်း စနစ် တမျိုးတည်း သတ်မှတ်နိုင်ရေး ကူညီဖို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ကိုယ်စားလှယ် တွေဟာ မြန်မာနိုင်ငံကို အောက်တိုဘာလ ဒုတိယပတ် အတွင်း ရောက်ရှိမယ် လို့ IMF ရဲ့ ပြောရေး ဆိုခွင့် ရှိသူ မစ္စက် Gita Bhatt က မနေ့က ပြောလိုက် ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေ လဲနှုန်းစနစ်ကို ခေတ်နဲ့အညီ ပြုပြင် ပြောင်းလဲနိုင်ဖို့ မြန်မာအစိုးရက မိမိတို့ထံ အကူအညီ တောင်းခဲ့ပါတယ်။ လက်ရှိမြန်မာနိုင်ငံအပေါ် ဘဏ်လုပ်ငန်း ဆိုင်ရာ တားမြစ်ချက်တွေကိုလည်း ဖယ်ရှားသွားဖို့ ရှိတယ်လို့ IMF ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံခြားငွေလဲနှုန်းက အမျိုးမျိုးဖြစ်နေပြီး သက်ဆိုင်ရာ လုပ်ငန်းအလိုက် လဲလှယ်ကြရတဲ့ ငွေကြေးနှုန်းထားတွေ မတူဘူးလို့ ဖေါ်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ အစိုးရသစ်ဟာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးတဲ့ စနစ်ဖြစ်လာဖို့ ကတိပေးထားတယ်လို့ သိရပါတယ်။ IMF ရဲ့ ၂၀၀၈ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ မတူကွဲပြားတဲ့ ငွေလဲနှုန်းတွေကို တမျိုးတည်း သတ်မှတ်လိုက်ခြင်း အားဖြင့် တိုင်းပြည် အတွက် စီးပွားရေး ကောင်းလာဖို့ အထောက်အကူ ဖြစ်လိမ့်မယ်လို့ အကြံပြု ထားပါတယ်။

ခွန်ယင်လပ်ကို ၀န်ကြီးချုပ်အဖြစ် ဘုရင်ကြီး အတည်ပြုလက်မှတ်ရေးထိုးလိုက်ပြီ

တမြန်နေ့က တိုင်းပြည်ရဲ့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ် ခွန်ယင်လပ်ကို ဘုရင်ကြီးက အတည်ပြုလက်မှတ်ရေး ထိုးခဲ့ပါတယ်။ ၀န်ကြီးချုပ်ဖြစ်ကြောင်း နန်းတော်ကနေ တရားဝင်အသိအမှတ်ပြုတာကို လက်ခံရရှိအပြီး တိုင်းပြည်ကို ပြောကြားတဲ့ ပထမဆုံးမိန့်ခွန်းမှာ ခွန်ယင်လပ်က ဘုရင်စနစ်အပေါ် သစ္စာရှိကြောင်း သံဓိဋ္ဌာန်ပြုကြောင်းနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အကောင်အထည်ဖော်ဖို့ ကတိပေးလိုက်ပါတယ်။ ဒီကနေ့မှာပဲ အစိုးရအဖွဲ့ဝင်စာရင်းကို နန်း တော်ရဲ့အတည်ပြုချက်ရယူဖို့ တင်သွင်းမှာ ဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။

မနေ့က ညနေ ၆နာရီ၄၀မီးနစ်မှာ အောက်လွှတ်တောအတွင်းရေးမှူးချုပ် ဖိထွန်းဖူးမ်ဟီးရန်က နန်းတော်က အတည်ပြု ချက်ကို ဘန်ကောက်မှာရှိတဲ့ ဖွေ့ထိုင်းပါတီ ဌာနချုပ်ကို ယူလာပါတယ်။ ခွန်ယင်လပ်ကို တိုင်းပြည်ရဲ့ပထမဦးဆုံး အမျိုး သမီးဝန်ကြီးချုပ်အဖြစ် ခန့်အပ်တဲ့ နန်းတော်ရဲ့အတည်ပြုချက်ကို မစ္စတာ ဖိထွန်းက ဖတ်ပြပါတယ်။

နန်းတော်ရဲ့အတည်ပြုချက်ကို အောက်လွှတ်တော် ဥက္ကဋ္ဌ ဆုမ်ဆတ်ခီယာ့တ်ဆူရာနွန့်က ထပ်ဆင့်လက်မှတ် ရေးထိုး ပါတယ်။ ရားထူးကအဖယ်ခံရတဲ့ ၀န်ကြီးချုပ်ဟောင်း ထပ်စင်ရဲ့ညီမအငယ်အဆုံးဖြစ်တဲ့ ခွန်ယင်လပ်ဟာ ဘုရင့်ပုံ တော် ရှေ့မှာ ဒူးတုပ်ပြီး နန်းတော်ရဲ့ အတည်ပြုလွှာကို လက်ခံရယူပါတယ်။ ဒီအခမ်းအနားမှာ ဖွေ့ထိုင်းပါတီက အဓိက အဖွဲ့ဝင် တွေ၊ ဆုမ်ချိုင်းဝေါင်ဆ၀ပ်နဲ့မစ္စယင်လပ်ရဲ့အမကြီးယောက်ဝါပါဝေါင်ဆ၀ပ်၊ ဖယာ့ပ်ရှီနာဝပ်ထ်တို့လို ရှီနာဝပ်ထ် မိသားစု ၀င်တွေနဲ့ညွန့်ပေါင်းပါတီကအဓိကလူတွေ တက်ရောက်ကြပါတယ်။

ခွန်ယင်လပ်ရဲ့ခင်ပွန်းအနုဆောန် အမောန်ချတ်နဲ့ သူ့သား ဆပ်ပါဆက်တို့လည်း အခမ်းအနားကို တက်ရောက်ကြပါ တယ်။ တနိုင်ငံလုံးရုပ်မြင်သံကြားကနေ လွှင့်ထုတ်ခဲ့တဲ့ သူ့မိန်းခွန်းမှာ နန်းတော်က သူ့ကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ် လိုက်တာဟာ သူနဲ့သူ့မိသားစုအပေါ် အပ်နှင်းချီးမြှင့်လိုက်တဲ့ အမြင့်ဆုံး ဂုဏ်ပြုမှုဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဘုရင်စနစ်ကို သစ္စာရှိဖို့ ကတိပေးလိုက်ပြီး တိုင်းပြည်နဲ့ပြည်သူလူထုအကျိုးအတွက် လုပ်ကိုင်သွားမယ့်အကြောင်း အ ပြည့်အ၀ ကတိပေးလိုက်ပါတယ်။ “ကျမ ၀န်ကြီးချုပ်ဖြစ်ဖို့ ဒီမိုကရေစီစိတ်ကူးတွေနဲ့ထောက်ခံခဲ့ကြတဲ့ ပြည်သူတွေ၊ ပါတီ ၀င်တွေ၊ ပါတီအမတ်တွေအားလုံးနဲ့ညီအကိုမောင်နှမတွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်။ တိုင်းပြည်ရင်ဆိုင် နေရတဲ့ ပြဿနာတွေကို ကျော်နင်းနိုင်ဖို့နဲ့ နိုင်ငံခြားတိုင်းပြည်တွေရဲ့ အသိအမှတ်ပြုမှုကို ရဖို့အတွက် လူ့အဖွဲ့အစည်းရဲ့ ကဏ္ဍ အားလုံးမှာပါဝင်နေတဲ့ ပြည်သူတွေရဲ့ခွန်အားနဲ့ထောက်ခံမှုတွေကိုရယူဖို့ဆိုတာဟာ ဒီကြီးမားတဲ့တာဝန်တွေရဲ့ အစိတ် တပိုင်းတခုအနေနဲ့ ကျမ ယူဆပါတယ်” လို့ ခွန်ယင်လပ်က ပြောဆိုပါတယ်။

သူ့မိန့်ခွန်းထဲကအချက်တချက်မှာ ၁၉၈၉ ခုနှစ် ဇန်န၀ါရီလ ၂၄ ရက်နေ့က ဘုရင်ကြီးမိန့်မှာခဲ့တဲ့ မိန့်ခွန်းရဲ့တစိတ် တ ပိုင်းကို ကိုးကားပြောဆိုခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဘုရင်ကြီးဟာ ချင်းမိုင်တက္ကသိုလ်မှာကျင်းပတဲ့ ဘွဲ့ဒီဂရီအပ်နှင်း ရေးအခမ်းအနားမှာ သဘာပတိလုပ်ခဲ့တဲ့အချိန်ဖြစ်ပါတယ်။ အဲဒီတုန်းက ခွန်ယင်လပ်ဟာ ဘွဲ့ယူကျောင်းသား တ ယောက်အနေနဲ့ အခမ်းအနားမှာ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

မိမိကိုယ်ကို ပြောင်းလဲစေဖို့နဲ့ လူတိုင်း လူတိုင်း ရဲ့အလုပ်စွမ်းရည်တိုးတက်စေဖို့မှာ ဥာဏ်ပညာ အသုံးပြုမှုရဲ့အရေး ကြီးပုံကို ဘုရင့်မိန့်ခွန်းမှာ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ လိုချင်တဲ့ရလဒ်တွေရဖို့ တခြားသူတွေ နဲ့ညှိနှိုင်းလုပ်လိုစိတ်ရှိကြဖို့ကိုလည်း ဘုရင်ကြီးက ဘွဲ့ရကျောင်းသားတွေကို တောင်းဆိုထားပါတယ်။ အစိုးရအဖွဲ့လုပ် ငန်းတွေ လုပ်ဆောင်ရာမှာ ဘုရင့်မိန့်ခွန်းကို လမ်းညွှန်ချက်တခုအနေနဲ့ အသုံးပြုမှာ ဖြစ်ကြောင်း ခွန်ယင်လပ်က ပြော ဆိုပါတယ်။ ပြည်သူတွေပျော်ရွှင်ဖို့နဲ့အမျိုးသားတွေ ညီညွတ်သဟဇာတ ဖြစ်ရေးကို ပြန်လည်တည်ဆောက်ဖို့ သူ့ အနေ နဲ့ အကောင်းဆုံး လုပ်ဆောင်ပါမယ်လို့ သူမက ကတိပြုပါတယ်။

အစိုးရအဖွဲ့ဝင်သစ်တွေဟာ ပြည်သူတွေရဲ့နှလုံးသားကို ဆွဲကြုံးယူနိုင်ဖို့ အကောင်းဆုံးအလုပ်ရမှာဖြစ်တယ်။ လို့ သူက ပြောပါတယ်။


အစိုးရအဖွဲ့ဝင် မှန်းခြေစာရင်း

ဝန်ကြီးချုပ်….. ယင်လပ် ရှီနာဝပ်ထ်

ဒုဝန်ကြီးချုပ်….. ချလမ်ယုဘမ်ရုန်း၊ ယောင်ယုသ်ဝီချိုင်ဒစ်၊ အိုလားန် ချိုင်ဖရာဗတ်

ဝန်ကြီးချုပ်ရုံး ၀န်ကြီး….. နီဝပ်ထမ်ရုန်း ဘွန်ဆွန်ဖိုင်ဆားလ်

စိုက်ပျိုးရေးနှင့်သမ၀ါယမ၀န်ကြီး….. သီးရာဝေါင်ဆမွတ်

ကူးသန်းရောင်းဝယ်ရေးဝန်ကြီး….. ဆန်တိ ဖရွမ်ဖတ် (သို့မဟုတ်)၀ီရွန်တက်ခါဖိုင်ဘွန်း

ယဉ်ကျေးမှုဝန်ကြီး….. ဆူခူမိုလ် ခွန်ဖလူးမ်

ကာကွယ်ရေးဝန်ကြီး….. ရေတပ်ဗိုလ်ချုပ်ကြီး ဆသီရာဖန်း ကီးယန်နွန့််

ပညာရေးဝန်ကြီး ….. ၀ိုရာဝပ် ဥအာအဖီညာခူးလ်

စွမ်းအင်ဝန်ကြီး….. ဖိချိုင်း နာရစ်သာဖန်း

ဘဏ္ဍာရေးဝန်ကြီး….. သီရာချိုင်း ဖူဝမ်နတ်နာရာနူဘာလ

နိုင်ငံခြားရေးဝန်ကြီး….. ကစ်တီရတ် န ရန်နုန် (သို့မဟုတ်) ၀ီခရွမ်ခွမ်းဖီရိုချာနာ

စက်မှုဝန်ကြီး….. ၀မ်နာရတ်ချန်းနူခူးလ်

ပြန်ကြားရေးနှင့်ဆက်သွယ်ရေးနည်းပညာဝန်ကြီး….. ဘွန်းဆုန် တယ်ရီယာဖီရွမ်

ပြည်ထဲရေးဝန်ကြီး….. ယောင်ယုသ် ၀ီချိုင်ဒစ်

တရားရေးဝန်ကြီး….. ချိုင်ခါဆင် နီတီဆီရီ

အလုပ်သမားဝန်ကြီး….. ဖဒမ်းချိုင် ဆဆွမ်ဆာ့ပ် (သို့မဟုတ်) ကျာရုဖုန် ရွမ်ဆုဝမ် သဘာဝရင်းမြစ်နှင့်ပတ်ဝန်းကျင် ၀န်ကြီး ….. ဖရီးချာ ရင်ဆွမ်ဘွန်းဆုတ်

ပြည်သူ့ကျန်းမာရေးဝန်ကြီး….. ၀ိသာယာ ဘူရန်နာဆီရိ

သိပ္ပံနှင့်နည်းပညာဝန်ကြီး ….. ကစ်တီဆတ် ဟတ်သာဆုန်ခရိုး

လူမှုဖွံ့ဖြိုးရေးနှင့်လူမှုဝန်ထမ်းဝန်ကြီး….. ဗိုလ်ကြီး အနုဒစ်သ် နခေါန်ထာ့ပ်

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့်အားကစားဝန်ကြီး …..ချူးမ်ဖိုးလ်ဆီလ်ပါအာချာ

သယ်ယူပို့ဆောင်ရေးဝန်ကြီး….. အေစီအမ် ဆူခမ်ဖိုးလ် ဆုဝမ်နာထပ်

သြဂုတ် ၉၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)

ဒေါ်အောင်ဆန်းစုကြည်က ဦးအောင်ဆန်းဦးနဲ့ မော်နီတာဂျာနယ်ကို တရားစွဲ

FROM RFA NEWS

ဒေါ်အောင်ဆန်းစုကြည်က အကိုဖြစ်သူ ဦးအောင်ဆန်းဦးနဲ့ အခြားသူ ၂ ဦးကို တရားရုံးက မဆုံးဖြတ်ရသေးတဲ့ ကိစ္စကို ဆုံးဖြတ်ပြီးသကဲ့သို့ ပြောဆိုမှု တရားရုံးကို မထေမဲ့မြင်ပြုတဲ့ အမှုတွေနဲ့ ရန်ကုန်တိုင်း ဒေသကြီး တရားရုံးမှာ တနင်္လာနေ့က တရားစွဲဆို လိုက်ပါတယ်။

AFP

ရန်ကုန်မြို့ အမှတ် ၅၁၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ဖြစ်ပါသည်။

ဦးအောင်ဆန်းဦးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်ဆိုင်နေရတဲ့ အိမ်မြေ တရားမမှုနဲ့ ပတ်သက်ပြီး တရားရုံးက ဆုံးဖြတ်ချက် မချခင် ပြီးခဲ့တဲ့ ဇူလိုင်လထုတ် မော်နီတာ ဂျာနယ်မှာ အမှုအကြောင်းကို တရားရုံးက ဆုံးဖြတ်ချက် ချပြီးသကဲ့သို့ ပြောဆိုခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းက အခုလို ပြောပါတယ်။ "အဲဒီမှာ ဦးအောင်ဆန်းဦးက ဘယ်လို ပြောလိုက်သလဲ ဆိုတော့ အဓိက ငြင်းချက်တွေပေါ့။ သူအားလုံး နိုင်ပြီးပြီတဲ့။ ဒေါ်အောင်ဆန်းစုကြည် ဘက်ကသာ ဒီပစ္စည်းကို မရမက လက်ဝယ်ထားရှိ လိုချင်နေတယ်ပေါ့။ အဲဒီလို ပြောတယ်။ အဲဒါကို မော်နီတာ ဂျာနယ်က ထဲ့တယ်။ ဒီလို ပြောကြားချက်ဟာ တရားရုံးကို မထေမဲ့မြင် လုပ်တာဘဲ။ တရားရုံးက မဆုံးဖြတ်ရသေးတဲ့ ကိစ္စကို ဆုံးဖြတ်ပြီးသကဲ့သို့ သူအနိုင်ရမယ်ဆိုတဲ့ သဘောမျိုး ပြောတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ ဥပဒေအရ တရားရုံးကို မထေမဲ့မြင်ပြုမှုနဲ့ ညှိစွန်းပါတယ်။" ဒေါ်အောင်ဆန်းစုကြည်က တရားဆွဲရာမှာ ဦးအောင်ဆန်းဦးနဲ့ အတူ မော်နီတာဂျာနယ် ထုတ်ဝေသူ ၀ဏ္ဏကျော်ထင် ဦးလှမြင့်ဆွေနဲ့ အယ်ဒီတာချုပ် ဦးမြတ်ခိုင်တို့ကိုပါ တရားစွဲဆိုတာ ဖြစ်ပါတယ်။ RFA က ဦးမြတ်ခိုင်ထံ ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ်လုပ်လို့ မရပါဘူး။ ဒီအမှုကို ရန်ကုန်တိုင်း ဒေသကြီး တရားရုံးမှာ သြဂုတ်လ ၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေများ ဖြစ်တဲ့ ဦးကြည်ဝင်းနဲ့ ဦးဥာဏ်ဝင်းတို့က ဒေါ်အောင်ဆန်းစုကြည်ထံက ကိုယ်စားလှယ် လွှဲစာရယူပြီး တင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ဦးဥာဏ်ဝင်းကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

ငြိမ်းချမ်းရေး အိတ်ဖွင့်ပေးစာ တဘက်သတ် ရေးသားထားဟု မွန်ပါတီ ဝေဖန်


လွတ်လပ်သော မွန်သတင်းအေဂျင်စီ-လွှတ်တော် သုံးရပ်မှ ကိုယ်စားလှယ် ၂၃ ဦး၏ အိတ်ဖွင့်ပေးစာတွင် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် မအောင်မြင်မှု အပေါ် လက်နက်ကိုင် အဖွဲ့အစည်းများအား တဘက်သတ် အပြစ်တင်ခြင်းသည် တရားမျှတမှု မရှိဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ က ပြောကြားလိုက်သည်။

လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦး၏ အိတ်ဖွင့်ပေးစာ

လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦး၏ အိတ်ဖွင့်ပေးစာ

ယနေ့ထုတ် မြန်မာအစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည့် အဆိုပါ အိတ်ဖွင့်ပေးစာတွင် ပြည်တွင်းငြိမ်းချမ်းရေး မအောင်မမြင်ပဲ ပျက်ပြားရခြင်း အကြောင်းအား လက်နက်ကိုင်အဖွဲ့အစည်းများဘက်မှ အားနည်းချက်များကြောင့် ဖြစ်သည်ဟု ရေးသားထားသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက “ဒါက တဘက်စွန်းပြောတာ ဖြစ်နေတယ်၊ မွန်ပါတီအနေနဲ့ ပြောရရင် ကျနော်တို့ ညီနောင် ၅ ပါတီက ထုတ်ပြန်ထားတဲ့အတိုင်းပဲ၊ ပြည်တွင်းစစ် ရပ်စဲသွားအောင် ပြည်တွင်း ငြိမ်းချမ်းသွားအောင် အစိုးရသစ် အနေနဲ့ အစဉ်တစိုက် လုပ်ဆောင်သင့်တယ်” ဟု ပြောသည်။

စာမျက်နှာ တစ်မျက်နှာခွဲရှိသည့် အဆိုပါ အိတ်ဖွင့်ပေးစာတွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစိုးရနှင့် ပြည်သူက ကြိုးပမ်းခဲ့သော်လည်း ကျန်တစ်ဖက်က သံသယလွန်ကဲခြင်း၊ အစွန်းရောက်ခြင်း၊ ဘေးပယောဂ ဝင်ရောက်နှောင့်ယှက်ခြင်း၊ ကတိပျက်ကွက်ခြင်း၊ အကြမ်းဖက်မှုများ ပါဝင်ခဲ့ခြင်းများကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပျက်ခဲ့ရသည်ဟု ပါရှိသည်။

အိတ်ဖွင့်ပေးစာ၌ လက်မှတ်ရေးထိုးထားသော ၂၃ ဦးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၀ ဦးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၃ ဦးပါဝင်သည်။

အဆိုပါကိုယ်စားလှယ်များက ပြည်သူ့ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များဟု အမည်ခံလျက် “ငြိမ်းချမ်းရေးလိုလားသူများအတွက်” ဟု ခေါင်းစဉ် တပ်ထားသည်ကို တွေ့ရှိရသည်။

မွန်သတင်းအေဂျင်စီမှ ရရှိခဲ့သည့် သြဂုတ်လ ၈ ရက်နေ့ နေ့စွဲဖြင့် လက်မှတ်ရေးထိုးသည့် မူလ အိတ်ဖွင့်ပေးစာ ခေါင်းစဉ်အောက်၌ “ဒေါ်အောင်ဆန်းစုကြည်၏ ၂၈.၇.၂၀၁၁ နေ့စွဲပါ အိတ်ဖွင့်ပေးစာအား ရည်ညွှန်းလျက်” ဟုဖေါ်ပြပါရှိသော်လည်း အစိုးရပိုင် သတင်းစာများက ဖေါ်ပြရာတွင် အဆိုပါ ရည်ညွှန်းချက်ကို ချန်လှပ်ထားခဲ့သည်။

ကိုယ်စားလှယ် ၂၃ ဦးသည် နိုင်ငံရေး ပါတီ အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်များဖြစ်သော်လည်း ယခု အိတ်ဖွင့်ပေးစာမှာ ပါတီအနေဖြင့် သဘောထား မဟုတ်ပဲ တဦးချင်းသာ ပါဝင်လက်မှတ်ရေးထိုးခဲ့ ကြောင်းကိုလည်း ပါတီခေါင်းဆောင် တချို့က ပြောသည်။

“ကျနော်တို့ ပါတီအနေနဲ့က မိမြင့်သန်းပါတယ်၊ ပါတီအနေနဲ့တော့ မဟုတ်ဘူး သူက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ပဲ လက်မှတ် ရေးထိုးထားတာ ပါတီနဲ့ မဆိုင်ဘူး” ဟု နိုင်ငွေသိန်းက ပြောသည်။

လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအမျိုးမျိုးကို နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား မောင်နှမများ ခါးစည်းခံခဲ့ကြရပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရသည့်အကြောင်းများတွင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားမှုများ သက်ဆိုးရှည်ခဲ့ခြင်းသည်လည်း အဓိက အကြောင်းအရာတစ်ခုပင် ဖြစ်သည်ဟုလည်း ပေးစာတွင် ဖေါ်ပြထားသည်။

လက်မှတ်ရေးထိုး ခဲ့သည့် ၂၃ ဦးမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဆောင်စီ၊ ဦးစောနေကော်ကြီး၊ ဦးခွန်မောင်သောင်း၊ ဦးငွန်မောင်း၊ ဦးစောသိန်းအောင်၊ ဦးမန်းမောင်မောင်ဉာဏ်၊ ဒေါက်တာသန်းဝင်း၊ ဦးစိုင်းသီဟကျော်၊ ဒေါ်မိယဉ်ချမ်း၊ ဒေါ်နန်းဝါနု၊ ဒေါ်ဒွဲဘူ၊ ဒေါ်နန်းနွံ၊ ဒေါ်ခင်စောဝေ၊ ဒေါ်မိမြင့်သန်း၊ ဦးသူရိန်ဇော်၊ ဦးဝင်းစိန်၊ ဦးတီခွန်မြတ်၊ ဦးမောင်တိုး၊ ဦးလှမြင့်ဦး၊ ဦးသန်းမြင့်နှင့် အမျိုးသားလွှတ်တော်ကိုယ်စား ဦးစခုန်တိန့်ယိန်း၊ ဦးနေဝင်ထွန်း၊ ဦးမန်းအောင်တင်မြင့်တို့ဖြစ်သည်။

အမတ် ၂၃ ဦး အိတ်ဖွင့်ပေးစာ NLD တုံ့ပြန်


FROM RFA NEWS

ငြိမ်းချမ်းရေး လိုလားသူများ အတွက် ဆိုပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ၊ စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ် ၂၃ဦး ရေးသားတဲ့ အိတ်ဖွင့် ပေးစာ အပေါ် NLD ပါတီက ငြိမ်းချမ်းရေး အတွက် တွေ့ဆုံ စကားပြောခြင်းဟာ အရေးကြီးဆုံး ဖြစ်ပါတယ်လို့ ပြောဆို လိုက်ပါတယ်။

NLD

၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့က အဖွဲ့ချုပ်တွင် ကျင်းပသော ပြည်ထောင်စုနေ့ အခမ်းအနားတွင် NLD ဒုတိယ ဥက္ကဌ ဦးတင်ဦးက ပင်လုံညီလာခံနှင့် ပင်လုံစာချုပ်အကြောင်း ဟောပြောနေစဉ်။

အဲသလို တပြိုင်နက်ထဲမှာ KIO အဖွဲ့ကလည်း လက်ရှိ အစိုးရဟာ ငြိမ်းချမ်းရေး အတွက် ပြတ်သားတဲ့ မူဝါဒမရှိဘူးလို့ ဝေဖန် လိုက်ပါတယ်။ လွှတ်တော် အမတ်တွေရဲ့ သြဂုတ်လ ၈ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အိတ်ဖွင့်ပေးစာကို အစိုးရပိုင် သတင်းစာတွေမှာ ဒီကနေ့ ဖေါ်ပြခဲ့ပြီး အိတ်ဖွင့် ပေးစာဟာ အစိုးရရဲ့ ဆောင်ရွက်ချက်များကို အသားပေး ဖေါ်ပြထားတာ ဖြစ်ပါတယ်။ အိတ်ဖွင့် ပေးစာမှာ အစိုးရနဲ့ ဆန့်ကျင်ဘက် အဖွဲ့တွေဟာ တဘက်စွန်း ရောက်ခြင်း သံသယတွေ ရှိခြင်း ပြင်ပ ဘေးပယောဂတွေ ၀င်ရောက် နှောင့်ယှက် နေတယ်လို့ ရေးထား ပါတယ်။ ဒီစာနဲ့ ပတ်သက်ပြီး NLD ဒုတိယ ဥက္ကဌ ဦးတင်ဦးက မိမိတို့ အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ အတွက် အကူအညီ ပေးဖို့သာ ဆန္ဒရှိတယ်လို့ ခုလို ပြောပါတယ်။ “ပြောရအောင် ဆိုရအောင်ဆိုတဲ့ ကိစ္စမှာ မပြောကြ မဆိုနိုင် ကြဘူးလားဗျာ။ သူတို့ လွှတ်တော်လည်း ပြောစရာ ရှိတယ် အဲဒီလို ရအောင်လုပ်ပြီး ပြောကြပေါ့။ ကျနော်တို့ဘက်က ပြောသင့် ပြောထိုက်တာ ကူညီစရာရှိရင် အကူအညီ ပေးမယ်။ အေးချမ်းမှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထု အကျိုးပြု လုပ်ငန်းကို လုပ်ပါ့မယ်လို့ ပြောထားတာ ဒါကို အထောက်အပံ့ ဖြစ်မယ်ဆို လုပ်မှာပဲ။ တယောက်ထဲ လုပ်ခွင့်ရလည်း တယောက်ထဲ လုပ်မှာပဲ။ အဖွဲ့နဲ့ လုပ်ခွင့်ရလည်း အဖွင့်နဲ့ လုပ်မှာပဲ” အလားတူ KIO အဖွဲ့ကလည်း အခုထုတ်ပြန်တဲ့ စာနဲ့ ပတ်သက်ပြီး ဆိုလိုရင်းကို အတိအကျ မသိရဘူးလို့ ပြောဆိုပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေး ဆက်လက် ဆောင်ရွက်ဖို့ အစိုးရမှာ ပြတ်သားတဲ့ လမ်းစဉ် ရှိပုံမရဘူးလို့ ဆိုပါတယ်။ KIO ပြောခွင့်ရ ဦးလာနန်းက ခုလိုပြောပါတယ်။ “ဒီအပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ထားပြီးတော့ ဘာတွေ လုပ်ကြမလဲ။ နိုင်ငံရေး ဆွေးနွေးမှု လမ်းစဉ်ဆိုတာ ဘယ်လို လမ်းစဉ် ဖြစ်ရမလဲ ဆိုတာကို မေးမြန်းထားတာ ရှိတယ်။ အဲဒီအပေါ်မှာ သူတို့က ဘာမှ ပြောတာ မရှိဘူး။ ရှင်းရှင်း လင်းလင်း ဖြေတာ မရှိဘူး။ လက်မှတ် ထိုးပြီးမှ ဆွေးနွေးကြတာမျိုး ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေက ပြောတာရှိတယ်။ ဝေေ၀၀ါးဝါး ပြတ်ပြတ် သားသား မရှိတဲ့ အဖြေမျိုးနဲ့တော့ အပစ်အခတ် ရပ်ဆိုင်းရေး မလုပ်နိုင်ဘူး” KIO အဖွဲ့အနေနဲ့ အပစ်အခတ် ရပ်စဲရေးအတွက် လာရောက် ညှိနှိုင်းတဲ့ အဖွဲ့ကို KIO အဖွဲ့ အပေါ်ထားရှိတဲ့ သဘောထား အပါအ၀င် မေးခွန်း ၈ ခု ပြန်လည် မေးမြန်းထားပေမယ့် အခုချိန်အထိ ပြန်ကြားခြင်း မရှိဘုးလို့ KIO က ပြောဆို ပါတယ်။