ကျော်သူ
သြဂုတ် ၁၇၊ ၂၀၁၁
ဇာမဏီငှက် တောင်ပံတဖက်နှင့် ဆရာနန္ဒာသိန်းဇံ
နှစ်ပေါင်းများစွာ
လောင်ကျွမ်းခြင်းခံခဲ့ရသော ဇာမဏီငှက်သည် ကြွင်းကျန်ခဲ့သော ပြာပုံမှ
တဖန်ပြန်လည် ပေါက်ဖွားလာပြီး ထပြန်သွားသော ဒဏ္ဍာရီငှက် (သို့) သူရဲကောင်းငှက်
(သို့) ဇာမဏီငှက်။
နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ
ဂျပန်နိုင်ငံတွင် အသုံးပြုလျှက်ရှိသော နာရေးပို့ဆောင်ရေး ယာဉ်၏
ခေါင်မိုးပေါ်တွင် ထိုဇာမဏီငှက်ကို ရွှေချကာ အမြတ်တနိုး အထွဋ်အထိပ်တွင်
ထားရှိလျှက်ရှိသည်။
၁၄.၈.၂၀၁၁
တနင်္ဂနွေနေ့ ည ၇း၄၀ နာရီအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ မြန်မာပြည်၏
ဘာသာသာသနာအတွက် စာပေသူရဲကောင်းတဦးဖြစ်သူ၊ ဒဿနပညာရှင်၊ အငြိမ်းစား ဒဿနိကဗေဒ
ပါမောက္ခ နန္ဒာသိန်းဇံ (မဟာသဒ္ဓမဇောတိကဓဇ) အသက် (၆၅)နှစ်သည်
ကွယ်လွန်အနိစ္စရောက်ရှိ သွားပါ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၁၅.၈.၂၀၁၁
တနင်္လာနေ့ နံနက် ၁၀း၃၀ နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ
ဂျပန်နိုင်ငံလုပ် နာရေးပို့ ဆောင်ရေးယာဉ်ဖြင့် သွားရောက်၍ စာရေးဆရာ
နန္ဒာသိန်းဇံ၏ ကျန်ရစ်ခဲ့သော ရုပ်ကလပ်အား ရန်ကုန်ပြည်သူ့ဆေးရုံကြီး
အအေးခန်းသို့ သွားရောက်၍ သယ်ဆောင်ပြီး ရေဝေးသုဿန်အအေး ခန်းသို့
ပို့ဆောင်ခြင်းကို ပြုလုပ်ခဲ့သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အအေးခန်းမှ ဥက္ကဋ္ဌ ဦးကျော်သူ မောင်းနှင်လာသော
နာရေး ပို့ဆောင်ရေးယာဉ် ထွက်ခွာလာချိန်တွင် လေပြင်း မိုးပြင်းများ
ရွာချထားခြင်းကြောင့် ကိုင်းညွှန့်နေသော အအေးခန်းဂိတ်ပေါက်ရှိ
ပိတောက်သစ်ကိုင်းနှင့် မီးကြိုးတို့၏ ချိတ်ဆွဲခြင်းကိုခံရကာ နာရေး
ပို့ဆောင်ရေးယာဉ်ခေါင်မိုးပေါ်ရှိ ရွှေချကာ အမြတ်တနိုး အထွဋ်အထိပ်ထားရှိသော
ဇာမဏီငှက်၏ အတောင်ပံတဖက်ကို ရိုက်ချိုးခြင်းခံလိုက်ရသည်။ ထို့ကြောင့်
ရိုက်ချိုးခံရသော ဇာမဏီငှက်အရုပ်အား နောက်မှလိုက်လံ ကူညီဖေးမပေးသော
စာရေးဆရာမ ဒေါ်သန်းမြင့်အောင် စီးနှင်းလိုက်ပါလာသော မော်တော်ယာဉ်ပေါ်သို့
တင်ဆောင်ကာ ရေဝေးသုဿန်အအေးခန်းသို့ ဆရာ နန္ဒာသိန်းဇံ၏ ရုပ်ကလပ်အား
ပို့ဆောင်ပေးခဲ့တော့သည်။
လမ်းခရီးတွင် အတွေးနယ်ချဲ့ခဲ့သည်။ ဇာမဏီငှက်ဟုဆိုရာ၌ ဒဏ္ဍာရီငှက် (သို့)
သူရဲကောင်း ငှက် (သို့) အာဇာနည်ငှက် ဟု တင်စားခေါ်ဆိုကြသည်။ ဆရာ
နန္ဒာသိန်းဇံသည်လည်း မြန်မာပြည်၏ စာပေသူရဲကောင်း (သို့) စာပေအာဇာနည်တဦးပင်
ဖြစ်သည်။ ယခု ဆရာ နန္ဒာသိန်းဇံ၏ ၁၈.၈.၂၀၁၁ ကြာသပတေးနေ့ နံနက် ၁၀း၀၀
နာရီအချိန်တွင် ရေဝေးသုဿန်၌ ဂူသွင်းသင်္ဂြိုဟ်မည့် နောက်ဆုံး ခရီးဖြစ်သော
နှုတ်ဆက်ပွဲအတွက် ဆရာ၏ ကျန်ရစ်သောရုပ်ခန္ဓာကိုယ်အား ပြင်ဆင်ပြုပြင်
ထိန်းသိမ်းထားရန်အတွက် အအေးခန်းသို့ ပို့ဆောင်ရာတွင် ဇာမဏီငှက်
တောင်ပံတဖက်ကျိုး ကျန်ရစ်ခဲ့သည့် အတိတ်နိမိတ်သည် မြန်မာပြည်တွင်း
ပြည်သူပြည်သား အားလုံးတို့အတွက် ဆက်လက်ပေးဆပ်ရန် ဆရာ့ကိုယ်စား
တစုံတယောက်အား အမွေထားရစ်ခဲ့လေသလားဟု . . . . ။
ဆရာထားရစ်ခဲ့သော ဒဏ္ဍာရီ၊ အာဇာနည်၊ သူရဲကောင်းတည်းဟူသော ပညာအမွေကို မည်သူ ဆက်လက်၍ ထိမ်းသိမ်းပါတော့မည်နည်း။
ကြွေ
သန်လျင်မြို့၊
ကုလားတန်းရွာနေ မမိုးမိုးခိုင် အသက် (၃၈) နှစ်သည် ၁၅.၈.၂၀၁၁ တနင်္လာနေ့
နံနက်ပိုင်းတွင် ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ကွယ်လွန်အနိစ္စ
ရောက်ရှိသွားခဲ့သည်။
မမိုးမိုးခိုင်သည်
သားသမီး ၃ ဦးရှိခဲ့ပြီး ယခု ထပ်မံ၍ စတုတ္ထမြောက် သမီးရတနာလေးအား
မွေးဖွားရန်ရက် နီးကပ်လာချိန်တွင် အသက်ရှုကျပ်ဝေဒနာကို ခံစားရသောကြောင့်
သန်လျင် ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ခဲ့ရာတွင် လူနာ၏အခြေအနေမှာ
စိုးရိမ်ရသဖြင့် ရန်ကုန်ဗဟို အမျိုးသမီးဆေးရုံသို့ အရေးပေါ်ထပ်မံပို့ဆောင်ကာ
ကလေးငယ်အား မွေးဖွားသန့်စင်မှုကို ဆရာဝန်ကြီးများမှ ကြိုးစားပမ်းစား
အရေးပေါ်မွေးဖွားမှုကို ပြုလုပ်ပေးခဲ့သော်လည်း မမိုးမိုးခိုင် တယောက်သည်
နဂိုကမရှိခဲ့သော နှလုံးရောဂါ ဖောက်ပြန်မှုကြောင့် ရင်သွေးငယ်အား ကြိုးစား၍
မွေးဖွားပေးခဲ့သော်လည်း အသက်ဆုံးပါးသွားခဲ့သည်။
မိခင်ဖြစ်သူ
မမိုးမိုးခိုင် ဆုံးပါးသွားသည်နှင့် တချိန်တည်း မမိုးမိုးခိုင်၏
မိခင်ဝမ်းဗိုက်အတွင်း ကျန်ရှိနေသော ရင်သွေးငယ်အား အရေးပေါ် ထပ်မံခွဲစိတ်
မွေးဖွားပေးခဲ့သော်လည်း ကလေးငယ်မှာလည်း မိခင်ဖြစ်သူ
မမိုးမိုးခိုင်နောက်သို့ တချိန်တည်း တပြိုင်တည်း လွင့်ကြွေသွားရှာခဲ့သည်ကို
ရင်နင့်စွာဖြင့် မြင်တွေ့ခဲ့ရတော့သည်။
ကြွေ
ဖူးကြွေ . . . ပွင့်ကြွေ
အကင်းကြွေနှင့် . . . .
နုကြွေ . . . ရင့်ကြွေ
အမှည့်ကြွေတို့ . . . .
လေကြွေ . . . မိုးကြွေ
ပိုးကိုက်ကြွေ၍ . . . .
ခူးကြွေ . . . ပုတ်ကြွေ
ထိုထိုကြွေသည် . . . . နေ့ကြွေ . . . ညကြွေ . . . နံနက်ကြွေတဲ့။
ထို့ကြောင့်
မိခင်ဖြစ်သူ မမိုးမိုးခိုင်နှင့် ရင်သွေးဖြစ်သူ ကလေးငယ်လေးသည် မည်သည့်
ကြွေပုံ ကြွေနည်းဖြင့် ကမ္ဘာလောကကြီးမှ ကြွေခဲ့ကြပါသနည်း . . . . ။
No comments:
Post a Comment