
ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်ဒီ နိုင်ငံရေးခြေလှမ်းသစ်များ
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ သြဂုတ် ၁၇၊ ၂၀၁၁
ယမန်နေ့က
မြန်မာပြည်ရဲ့ အတိုက်အခံပါတီ အင်န်အယ်ဒီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့
ဦးဝင်းတင်နဲ့ တွေ့ဆုံစကားပြောခွင့်ရခဲ့ပါတယ်။ အဲသည်မှာ အများက
စိတ်ဝင်စားနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကြံ့ဖွံ့အစိုးရသစ်တွေ့ဆုံပွဲကိစ္စ၊
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပဲခူးခရီးစဉ် စတာတွေကို မေးမြန်းဖြစ်ပါတယ်။
ယခင်အပတ်က ပဲခူးကိုသွားခဲ့တဲ့ခရီးစဉ်က အရင်ပုဂံခရီးစဉ်လိုမျိုး ပုဂ္ဂိုလ်ရေးခရီးစဉ်မျိုးပဲလား ခင်ဗျ။
ကျနော့်အမြင်ကတော့
ဒေါ်အောင်ဆန်းစုကြည် ၂၀၀၃ ခုနှစ်မေလကုန်က စတင်ပြီးတော့
ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးချိန်ကစလို့ ယခု၂၀၁၀ နိုဝင်ဘာလ
လွတ်မြောက်လာပြီးတဲ့နောက်ပိုင်း ပထမဦးဆုံးအကြိမ် နိုင်ငံရေးခရီးစဉ်လို့
ပြောချင်တယ်။ ဒါက အင်န်အယ်ဒီပါတီရဲ့ အထွေထွေအတွင်းရေးမှူးရဲ့
နိုင်ငံရေးခရီးလို့ ကျနော်တို့ဖက်က သုံးနှုံးပါတယ်။ အဖွဲ့ချူပ်ရဲ့
ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးတင်ဦးကိုယ်တိုင် လိုက်ပါတဲ့ ခရီးဖြစ်တယ်
ဆိုတာကို တွေ့ရတယ်။
ဆိုတော့ လက်ရှိအာဏာရအစိုးရက ခရီးစဉ်ကို ဘယ်လိုမျိုး တုန့်ပြန်တာမျိုး၊ ဆောင်ရွက်ပေးတာမျိုး ရှိတယ်လို့ ပြောနိုင်လဲ။
လက်ရှိအာဏာပိုင်တွေက
ပြေပြေလည်လည်နဲ့ လိုက်လိုက်လျောလျောလုပ်ပေးပါ့မယ်လို့ ကမ်းလှမ်းတယ်။
ကျနော်တို့ဖက်ကလည်း လက်ခံတယ်။ အောက်ခြေပိုင်းက လုံခြုံရေးတာဝန်ယူသူတွေကလည်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကို နွေးထွေး တက်ကြွစွာနဲ့
ကာကွယ်စောင့်ရှောက်မှုတွေ ပြုလုပ်ကြတာကို တွေ့ရပါတယ်။
ဦးတင်ဦးကိုယ်တိုင်ကလည်း မိန့်ခွန်းပြောဆိုတာတွေလည်း ရှိပါတယ်။ ဒါတွေက
ကြည့်လိုက်လို့ရှိရင် အင်န်အယ်ဒီခေါင်းဆောင်တွေရဲ့ နိုင်ငံရေးခရီးစဉ်ဆိုတာ
လွန်ခဲ့တဲ့ ၇ နှစ် ဒီပဲယင်းအရေးအခင်းမတိုင်ခင်က အခြေအနေမျိုးလိုမျိုး
ပြန်မြင်တွေ့ရတယ်လို့ ပြောလို့ရပါတယ်။
ဟုတ်ကဲ့။
နောက်တချက်ကတော့ လက်ရှိပြည်ထောင်စုဝန်ကြီးတဦးဖြစ်တဲ့ ဦးအောင်ကြည်နဲ့
ဒေါ်အောင်ဆန်းစုကြည်တို့ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးတဲ့ အပေါ်မှာကော
တိုးတက်မှုတွေ၊ ကောင်းမွန်မှုတွေဆိုတာက ၂ ဖက်စလုံးမှာ ဖြစ်ပေါ်နေတယ်လို့
မြင်ပါသလား။
အဲသည်မှာ
တခု အရင်ပြောချင်တာက ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းရဲ့
သတင်းစာရှင်းလင်းပွဲမှာ ပြောတဲ့ အချက်တခုပေါ့လေ။ အခုလိုမျိုး
ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိပြည်ထောင်စုဝန်ကြီးက လက်ခံတွေ့ဆုံတယ်ဆိုတာက
ဒေါ်အောင်ဆန်းစုကြည်က အင်န်အယ်ဒီပါတီရဲ့ ပြည်ထဲရေးဝန်ကြီးဆီကို
ပန်ကြားချက်အရ ဦးအောင်ကြည်နဲ့ တွေ့ခွင့်ရတာဖြစ်တာလိုမျိုး ပြောတယ်။
နောက်ပြီးတော့လည်း အင်န်အယ်ဒီပါတီရဲ့ လှုပ်ရှားမှုတွေကို လက်ရှိအခြေအနေမှာ
သူတို့ဖက်က စိတ်ကောင်း စေတနာကောင်းနဲ့ ကြည့်ထားမယ်။ ဒီအတိုင်း
မျှောထားမယ်လိုမျိုးလည်း ပြောတယ်။ ဒါပေမယ့် နောက်ဆုံးကျရင်တော့
အင်န်အယ်ဒီပါတီဟာ မှတ်ပုံတင်ရမယ်လို့ ပြောတာမျိုးတွေ ရှိတယ်။
သို့သော်
တဖက်ကလည်း လက်ရှိအစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဦးအောင်ကြည်နဲ့
တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေတယ်။ အရင်ပထမတွေ့ဆုံပွဲအပေါ်မှာ ကျနော်က
ဦးအောင်ကြည်ဟာ လက်ရှိအစိုးရရဲ့ ဆက်သားပဲလို့တောင် သုံးနှုံးဖူးတယ်။
ဒါပေမယ့် အခုတကြိမ်မှာကျတော့ သူတို့ဖက်က သုံးနှုံးတဲ့ စကားလုံးကိုယ်တိုင်မှာ
နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုလို့ သုံးစွဲလာတယ်။ ဒါက ဘာပြသလဲဆိုတော့
သူတို့အစိုးရဖက်မှာကို ကွဲပြားတဲ့ သဘောထား ၂ရပ် ဖြစ်နေတာကို တွေ့ရတယ်လို့
ပြောချင်တယ်။
ဆိုတော့
အခုတွေ့ဆုံဆွေးနွေးပွဲတွေဆိုတာဟာ တသီးပုဂ္ဂလတွေ့ဆုံပွဲတွေ မဟုတ်ဘူးဆိုရင်
အင်န်အယ်ဒီပါတီရဲ့ စီအီးစီတွေ၊ ခေါင်းဆောင်တွေနဲ့ တင်ပြတာတွေ၊
တိုင်ပင်ဆွေးနွေးတာတွေကိုကော ဒေါ်အောင်ဆန်းစုကြည်က လုပ်ပါသလား။
လုပ်ပါတယ်။
အရင်တုန်းက ပထမအကြိမ်တွေ့ဆုံပွဲဖြစ်ခဲ့စဉ်က အချိန်အကန့်အသတ်အရ အခြေအနေအရ
ပါတီဦးဆောင်သူတွေထဲက ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ကို အသိပေးခဲ့တယ်၊
ပြောဆိုခဲ့တယ်။ အခု ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့
အင်န်အယ်ဒီပါတီက စီအီးစီတွေအားလုံးကို အသိပေးတိုင်ပင်တာ၊ တင်ပြတာတွေ
လုပ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လဲ ပါတီအနေနဲ့ ပြည်သူတွေကို
ထုတ်ပြန်အသိပေးပါတယ်။
ဆရာတို့ပါတီထုတ်ပြန်ချက်ကလည်း
ဒေါ်စုနဲ့ ဦးအောင်ကြည် ပူးတွဲထုတ်ပြန်ချက်ကို လက်ခံတယ်ဆိုတာလောက်ပဲ
ဖြစ်နေတယ်လေ။ မြန်မာပြည်သူတွေကိုယ်တိုင်က သည်ထက်ပိုပြီးတော့ သိချင်တာတွေ
ရှိနေတယ်။ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်။ လက်ရှိမှာ ပြည်သူတွေ
ရင်ဆိုင်နေရတဲ့၊ ခံစားနေရတဲ့ နိုင်ငံရေးအကြပ်အတည်းတွေ၊ လိုလားချက်တွေကို
ဒေါ်အောင်ဆန်းစုကြည်က တင်ပြတောင်းဆိုတာတွေ၊ ဆွေးနွေးတာတွေ မရှိဘူးလား။
နဲနဲတော့ သိချင်ကြတာပေါ့ ဆရာရယ်။ ကျနော်တို့ အပါအ၀င်ပေါ့။
အခုအချိန်မှာ
ကျော်ဆန်းတို့ အစိုးရတဖက်က သဘောထားတွေ ထုတ်ပြန်နေချိန်၊ တဖက်ကလည်း
ဦးအောင်ကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေချိန်မှာ
ကွဲပြားမှုတွေကြားထဲမှာ ဆွေးနွေးနေတာဖြစ်တယ်။ အဲသည်လိုအခြေအနေတွေထဲမှာ
ကျနော်ပြောလို့ရသလောက် ပြောရမယ်ဆိုရင် - ကျနော်တို့ အဓိကအချက်ကတော့
အင်န်အယ်ဒီပါတီ မသေဖို့ ဖြစ်တယ်။ အင်န်အယ်ဒီကို ကွယ်ပျောက်သွားခြင်း
မရှိစေရဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ဖြစ်တယ် ထို့အတူ
အင်န်အယ်ဒီပါတီခေါင်းဆောင်လည်း ဖြစ်တယ်။ ဒါကြောင့် အင်န်အယ်ဒီပါတီဟာ
မသေစေရဘူး။ ၂၀၀၈ အခြေခံဥပဒေအောက်မှာ ပြောင်းလဲရပ်တည်ခြင်းမျိုး
မဖြစ်စေရဘူးလို့ ကျနော်တို့က သဘောထားကို ကိုင်စွဲထားတယ်။
နောက်အချက်တွေအနေနဲ့
ဆရာတို့ပါတီအပါအ၀င်ပေါ့လေ မြန်မာပြည်သူလူထုတရပ်လုံးရဲ့ သဘောထားဖြစ်တဲ့
နိုင်ငံရေးအကျဉ်းသားတွေ လုံးဝလွတ်မြောက်ရေး၊ ကူညီစောင့်ရှောက်ရေး၊
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ်ပွဲတွေ ပပျောက်ရေး၊
ပြည်ထောင်စုအရေး၊ လူ့အခွင့်အရေးတွေအားလုံး အာမခံချက် ရရှိရေး၊
ကာကွယ်စောင့်ရှောက်နိုင်ရေး စတဲ့အချက်တွေပေါ့လေ။ ဒါတွေကို
ဆရာတို့ခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက်တွေ၊ ဒီမိုကရေစီကွန်ယက်တွေ၊
လူမှုကွန်ယက်တွေ၊ ကျောင်းသားလူငယ်တွေနဲ့ ပြည်သူလူထုက တစိုက်မတ်မတ်
တောင်းဆိုနေတယ်။ လှုပ်ရှားနေတယ်။ လှုံဆော်နေတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း
ဆွေးနွေးမှု၊ တင်ပြမှု၊ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိလာတယ်လို့
ပြောနိုင်မလား။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီးတော့ ယခင်က
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဆရာတို့ကိုယ်တိုင်လည်း ပြောခဲ့တယ်။ အဲသည် ၉၀
ရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြုကြရမယ် ဆိုတာမျိုးတွေ ပေါ့လေ။
ကျနော့်အနေနဲ့
ပြောနိုင်သလောက် ပြောရရင်တော့ ကျနော်တို့တွေ အထက်က ခင်ဗျားပြောတဲ့
ကိစ္စတွေကို ဆွေးနွေးပါတယ်။ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ အခုအချိန်မှာ
ကျနော်တို့က အသေးစိတ် ထုတ်ဖော်ပြောဆိုတာတွေ မလုပ်နိုင်သေးပါဘူး။ သို့သော်
အထက်ကပြောခဲ့သလို အင်န်အယ်ဒီရပ်တည်ချက် ပျောက်ပျက်မသွားဘူး။ အင်န်အယ်ဒီ
သေမသွားဘူးဆိုတဲ့ အနေအထားနဲ့ ရပ်တည်ချက်နဲ့ ကျနော်တို့တတွေ ဆက်လက်ပြီး
ဆွေးနွေးမှုတွေ လုပ်နေတယ်လို့တော့ ပြောနိုင်ပါတယ်။
ဒါဆိုရင်
ဟိုးအရင်တုန်းက ၂၀၀၇ သံဃာ့အရေးအခင်းအပြီးမှာ နိုင်ငံတကာနဲ့
မြန်မာပြည်သူလူထုရဲ့ ဖိအားတွေကြောင့် ဗိုလ်သန်းရွှေလက်ထက်မှာ
တွေ့ဆုံဆွေးနွေးဖို့ သူ့ဖက်ကတောင်းဆိုခဲ့သလိုမျိုး အတိုက်အခံဖက်က ဒီအချက်
ဒီအချက်တွေကို စွန့်လွှတ်မှ၊ ဒါတွေကို လျှော့မှ တွေ့ဆုံဆွေးနွေးမယ်လို့
ကြိုတင်စည်းမျဉ်းတွေ သတ်မှတ်ခဲ့တာမျိုးတွေ ရှိခဲ့တယ်။ အခုဒီတခေါက်က
အဲသည်လိုမျိုး တဖက်သတ် ကြိုတင်သတ်မှတ်ချက်တွေကို လက်ခံပြီး တွေ့ဆုံတာမျိုး
မဟုတ်ပါဘူးလို့ ပြောနိုင်မလား ဆရာ။ ဥပမာ ၂၀၁၀ ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေက
၉၀ရွေးကောက်ပွဲရလဒ်ကို စွန့်လွှတ်တယ်၊ ၂၀၀၈ အခြေခံဥပဒေကို လက်ခံတယ်လို့
ကြိုတင်သတ်မှတ်ချက်တွေကို ခံဝန်ကတိပေးပြီးမှ သူတို့တွေ ရွေးကောက်ပွဲ
ဝင်ခဲ့ကြတာမျိုးတွေ ရှိခဲ့တယ်။ အခုတွေ့ဆုံဆွေးနွေးပွဲဆိုတာ ၂ ဖက်စလုံးအတွက်
အဓိပ္ပါယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲလား ဆရာ။
အခုအချိန်မှာတော့
ကျနော့်အနေနဲ့က စစ်မှန်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတခု ဖြစ်တယ်လို့
ပြောနိုင်ပါတယ်။ ဆွေးနွေးတဲ့အထဲမှာလည်း အင်န်အယ်ဒီရဲ့ ပါတီရပ်တည်ချက်
ရှင်သန်နေရေး၊ ၉၀ ရွေးကောက်ပွဲ အသိအမှတ်ပြုနိုင်ရေး၊
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး စတာတွေကို ဆွေးနွေးနေပါတယ်လို့
ပြောလို့ရပါတယ်။
ဟုတ်ပါပြီ။
တွေ့ဆုံဆွေးနွေး အဖြေရှာနေပြီ ဆိုမှာတော့ လူထုလှုပ်ရှားမှုတွေ
လှုံ့ဆော်မှုတွေက ဆက်လက်ပြီး လိုအပ်နေဦးမှာလား ဆရာ။ အထက်မှာ ပြောခဲ့သလို
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့၊ သူတို့တွေကို မိသားစုတွေကို
ကူညီစောင့်ရှောက်အားပေးဖို့ လှုပ်ရှားမှုတွေ ရှိနေတယ်။ လူ့အခွင့်အရေး၊
အလုပ်သမားအရေး၊ တောင်သူလယ်သမားအရေး၊ ကိစ္စတွေ အာမခံချက်ရှိဖို့၊
ကာကွယ်စောင့်ရှောက်ဖို့၊ ချိုးဖောက်မှုတွေကို ထုတ်ဖော်တားဆီးဖို့တွေ
လုပ်ဆောင်နေကြတယ်။ ပြည်တွင်းစစ်တွေ ဖြစ်နေတယ်။ တိုင်းရင်းသားတွေ
အိုးမဲ့အိမ့်မဲ့ စွန့်ခွာနေရတယ်။ အထွေထွေ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊
ပညာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြပ်အတည်းတွေ ပြသနာတွေ ရှိနေတယ်။
ဒါတွေအတွက် ဆရာတို့ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဦးဆောင်ပြီး
လမ်းညွှန်မှုတွေ ပေးခဲ့တယ်။ လူထုလှုပ်ရှားမှုရဲ့ အခမ်းကဏ္ဍကို ဘယ်လို
သဘောထားမလဲဆရာ။
ကျနော့်အနေနဲ့
ပြောနိုင်တာကတော့ တွေ့ဆုံဆွေးနွေးပွဲဟာ အစိုးရကိုယ်စားလှယ်အနေနဲ့
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးပွဲဖြစ်ပါတယ်။
မြန်မာပြည်သူ လူထုနဲ့ တိုင်းရင်းသားအရေးကိစ္စတွေကိုပါ ဆွေးနွေးနေတာ
ဖြစ်ပါတယ်။ ဆွေးနွေးနေဆဲဖြစ်ပါတယ်။ အဲသည်အချိန်မှာ ပြည်သူလူထုတွေ
တိုင်းရင်းသားတွေရဲ့ ပကတိလှုပ်ရှားမှုတွေ၊ အသံတွေ၊ လှုံဆော်မှုတွေကို
ကျနော်တို့က ဘာမှ ကန့်ကွက်စရာ တားဆီးစရာ မလိုဘူးလို့ မြင်ပါတယ်။ ဒီလိုမျိုး
မြန်မာပြည်သူလူထုတွေရဲ့ လှုပ်ရှားမှုတွေ၊ လှုံဆော်မှုတွေ၊
စည်းရုံးနေကြတာတွေကလည်း တွေ့ဆုံဆွေးနွေးရေးကို ဆက်လက်ပြီး
အထောက်အကူဖြစ်တယ်။ နိုင်ငံရေးအရ လူထုရဲ့ လှုပ်ရှားမှုတွေ အသံတွေ
တောင်းဆိုမှုတွေကို ကျနော်တို့တတွေ အပါအ၀င်
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း နားထောင်နေပြီးတော့ နားစွင့်နေပြီးတော့
တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက်လုပ်ကိုင်ဖို့ လိုအပ်နေတယ်လို့ ကျနော်ကတော့
ပြောချင်ပါတယ်။
ဟုတ်ကဲ့ပါ
ဆရာ။ အခုအချိန်မျိုးမှာ စိတ်ရှည်ရှည်နဲ့ ဖြေပေးတာကို ကျေးဇူးတင်ပါတယ်။
ဆရာလည်း အမြန်ဆုံး နေကောင်းကျန်းမာပါစေလို့ အားလုံးကိုယ်စား
ဆုတောင်းပေးလိုက်ပါတယ်။
No comments:
Post a Comment