နယူးဒေလီ (မဇ္ဈိမ) ။ ။ ရက်သတ္တတပတ်ကြာ နိုင်ငံရေးသိပ္ပံသင်တန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ဗဟိုရုံးချုပ်၌ သောကြာနေ့တွင် စတင်လိုက်သည်။
လူသား ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံရေး Human Development and Human Security ဘာသာရပ်အား ကိုရီးယားနိုင်ငံ Ewha အမျိုးသမီးတက္ကသိုလ်မှ ပါမောက္ခ မစ္စတာ Brendam Howe ၏ ပို့ချမှုဖြင့် ယနေ့မနက်တွင် စတင်လိုက်သည်။ သင်တန်းဆရာစာရင်းအား NLD က ထုတ်ဖော်ကြေညာခြင်း မရှိပေ။
“ဆရာ ၂ ယောက် ရောက်ပါပြီ။ သင်တန်းကို ထိခိုက်မှာစိုးလို့ သင်တန်းဆရာတွေနဲ့ ပတ်သက်ပြီး အကုန်သတင်း မထုတ်သေးဘူးလို့ ထင်ပါတယ်။ အတွေ့အကြုံက ၂ ခါ ရှိသွားပါပြီ။ ဆရာကျော်ရင်လှိုင်တို့တုန်းကလည်း တခါ၊ ဆရာဦးမြင့်တုန်းကလည်း ပျက်ဖူးတယ်ဆိုတော့ အတော်လေးကို ဂရုစိုက်ပြီး လုပ်ရပါတယ်” ဟု သင်တန်းသားတဦး
ဖြစ်သူ ဗေဒါအင်စတီကျုမှ ကိုမျိုးရန်နောင်သိန်းက မဇ္ဈိမကို ပြောသည်။
မနက် ၉ နာရီတွင် သင်တန်းဖွင့်ပွဲကို ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးက သဘာပတိလုပ်ကာ ဖွင့်လှစ်ပေးခဲ့သည်။ သင်တန်းကို ဇူလိုင် ၂၈ ရက်အထိ နားရက်မရှိ ပို့ချသွားရန် စီစဉ်ထားသည်။
ပြည်နယ်နှင့်တိုင်း အသီးသီးမှ NLD ပါတီဝင်များအပြင် ဗေဒါအင်စတီကျုမှ ကျောင်းသား ၃၃ ဦးလည်း တက်ရောက်နေသည်။
“တရားဝင် စာရင်းပေးတက်တာ ၇ဝ ကျော်။ နာမည်စာရင်းမပေးဘဲ နားထောင်နေတဲ့ ပရိသတ်လည်း ရှိတယ်ဗျ။ အားလုံးပေါင်း ၁ဝဝ ကျော် ရှိတယ်။ ကျနော်ဆိုရင် နာမည်မပေးဘဲ တက်တဲ့သူထဲ ပါတာပေါ့” ဟု ကိုမျိုးရန်နောင်သိန်းက ဆိုသည်။
No comments:
Post a Comment