FROM VOA MYANMAR

ဓာတ်ပုံ ASSOCIATED PRESS
စီးပွားရေးနဲ့ဖွံ့ဖြိုးမှုဆိုင်ရာဆွေးနွေးပွဲကို
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့စဉ်။
(သြဂုတ်လ ၂၀၊ ၂၀၁၁)
နေပြည်တော်မှာကျင်းပနေတဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကိုတက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ထားပေမဲ့ ဒီခရီးစဉ်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးသိန်းစိန်နဲ့တွေ့ဖို့ အဓိက သွားခဲ့တာ ဖြစ်ပါတယ်။ သောကြာနေ့က နေပြည်တော်ရောက်အပြီး ညနေပိုင်းမှာ သူတို့မပါဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ နှစ်ယောက်တည်း သီးသန့် တွေ့ဆုံဆွေးနွေးမှု ရှိခဲ့တယ်လို့ ဒီခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လိုက်ပါသွားတဲ့ NLD ပါတီက ဦးခွန်သာမြင့်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
“ဟုတ်ပါတယ်။ မှန်ပါတယ်။ ကျနော်တို့ အဲဒီအတွက် သွားတာပါ။ နိုင်ငံရေးအကြောင်းတွေ ဘာတွေ ပြောကြတာမှာတော့ ကျနော်တို့ မပါပါဘူး။ မပါတော့ ကျနော်တို့ပါတယ်ဆိုတဲ့ဟာကတော့ သာမန် မိတ်ဆွေချင်းတွေ့ကြတယ်။ အဲဒီလိုဟာမျိုးတွေပဲ ပြောကြတာပါ။ အဲဒီတော့ တနင်္လာနေ့ ကျနော်တို့ စီအီးစီ အစည်းအဝေး ခေါ်ပါမယ်။ ပြီးတဲ့အခါကျတော့ NLD က ထုတ်ပြန်ပါမယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံးအကြိမ်အဖြစ် အစိုးရသစ်ရဲ့ သမ္မတနဲ့ တွေ့ဆုံမှုနဲ့ပတ်သက်လို့ NLD ဗဟိုအလုပ်အမှုဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးရင် ဒီနေပြည်တော်ခရီးစဉ်နဲ့ပတ်သက်ပြီး လူထုကို အသိပေးတဲ့စာတွေ NLD က ထုတ်ပြန်မယ်လို့ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မပြန်ခင် နေပြည်တော်မှာ သတင်းထောက်တွေနဲ့တွေ့စုံစဉ်တွင်းမှာလည်း သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ တွေ့ရတာ အင်မတန် ၀မ်းသာအားရပါတယ်လို့ ပြောသလို နောက်ထပ်တွေ့ဆုံဖို့ မျှော်လင့်ထားကြောင်းနဲ့ နိုင်ငံရေးတိုးတက်မှုတွေရဖို့ ပူးပေါင်းပြီး ဆောင်ရွက်နိုင်အောင် ကြိုးစားသွားမယ် ဆိုတဲ့အကြောင်းတွေကို မှတ်ချက်ပေးပြောသွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ သြဂုတ်လ ၂၀ ရက် စနေနေ့ မနက်ပိုင်းမှာ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ကျင်းပနေတဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မနက် ၉ နာရီကနေ ၁၀ နာရီကျော်လောက်ထိ တက်ရောက်ခဲ့ပြီး စီးပွားရေးစာတမ်း ၂ ခုဖတ်တာကို နားထောင်ခဲ့ပါတယ်။
ဒီဆွေးနွေးပွဲကိုတက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ စီးပွားရေးပညာရှင်တွေက ကြိုဆိုနှုတ်ဆက်ခဲ့ကြသလို အစည်းအဝေး ခတ္တရပ်နားစဉ် အချိန်အတွင်းမှာလည်း ပြည်ထောင်စုဝန်ကြီး တချို့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အချိန်အတော်ကြာ စကားပြောဆိုခဲ့တယ်လို့ ဒီဆွေးနွေးပွဲကို တက်ရောက်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။
“ပြန်ထွက်တဲ့အချိန်မှာ ကော်ဖီသောက်တဲ့အခန်းကို သွားတဲ့အချိန်မှာ တက်လာတဲ့ ဧည့်ပရိဿတ် ၆၀၀ လောက် ကျော်လောက်က ထွက်သွားပြီး နှုတ်ဆက်တာ တွေ့တယ်ခင်ဗျ။ နောက် ကော်ဖီသောက်တဲ့ အခန်းထဲမှာတော့ တာဝန်ရှိတဲ့သူတွေနဲ့ အတူတူ ၀ိုင်းဖွဲ့ပြီးတော့ ကော်ဖီသောက်ရင်းနဲ့ စကားပြောနေတာလည်း တွေ့တယ်ဗျ။ ပြန်ထွက်တဲ့အချိန်မှာတော့ လုပ်ငန်းရှင်တွေ ဘာတွေလည်း သွားနှုတ်ဆက်တာလည်း တွေ့ပါတယ်။ စာတမ်းတွေကတော့ မနေ့ကနဲ့ ဒီနေ့နဲ့ကတော့ နဂိုကတည်းက ကြိုတင်ပြီးတော့တောင်းထားတဲ့ စာတမ်းတွေပါပဲ။ ပုံမှန်ပါပဲ။ မနက်ကတော့ ကုန်သည်အသင်းက ဦးဝင်းအောင်ရယ်၊ တခြားတစ်ယောက်ရဲ့ စာတမ်းရယ် စာတမ်းနှစ်စောင် နားထောင်သွားတယ်ဗျ။”
စီးပွားရေးလုပ်ငန်းရှင် တဦးပြောပြခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်၊ စက်မှုဝန်ကြီး ဦးစိုးသိန်း နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ်သိန်းဌေးအပြင် ပို့ဆောင်ဆက်သွယ်ရေးက ရထားဝန်ကြီး ဦးအောင်မင်းတို့နဲ့အတူ အစည်းအဝေးရပ်နားစဉ်အတွင်း စကားပြောဆိုခဲ့သလို ဒီဆွေးနွေးပွဲကိုတက်နေတဲ့ စီးပွားရေးပညာရှင်တချို့နဲ့လည်း တွေ့ဆုံစကား ပြောခဲ့ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သွားခဲ့တဲ့ ခရီးစဉ်ဟာ မြန်မာ့နိုင်ငံရေးအတွက် တိုးတက်တဲ့လမ်းကြောင်းအစ ဖြစ်တယ်လို့ NLD ပါတီ ဒုတိယဥက္ကဌ ဦးတင်ဦးက သုံးသပ်ပါတယ်။
“တွေ့ရသလောက် အခုလက်ရှိအားဖြင့်တော့ ကျနော်တို့ အများကြီး အရင်ကထက်စာရင်တော့ တိုးတက်ကောင်းမွန်တာတော့ မှန်တယ်လေ။ တော်တော်ကိုပဲ ဒါ တဘက်နဲ့တဘက် ရင်းနှီးမှုရပြီးတော့ နားလည်မှုရအောင်လုပ်တဲ့ လုပ်ငန်းတွေရဲ့အစ ဖြစ်တဲ့အတွက် ဒါဟာ ကောင်းမွန်တဲ့လက္ခဏာ ဆောင်တယ်။ ဒီလိုကတော့ တွက်လို့ရပါတယ်။ ထဲထဲဝင်ဝင် မဟုတ်သည့်တိုင်အောင်တော့ ပြောရဆိုရမယ့်ကိစ္စ အ၀၀မှာတော့ ကျနော်တို့ တစိတ်မှတ်မှတ်တောင်းလာတာက ရှေ့ဆက်ပြီးလုပ်ရမယ့် လုပ်ငန်းရပ်တွေ အကောင်အထည်ဖော်တဲ့ကိစ္စမှာ တဘက်နဲ့တဘက် ရင်းရင်းနှီးနှီး ပြေပြေလည်လည်ပေါ့နော်၊ နားလည်မှုရှိရှိနဲ့ နိုင်ငံတော်သမ္မတဘက်က နောက်ဆုတ်သွားတာမျိုး ရွံ့သွားတာမျိုးတွေ မရှိဘဲနဲ့ ဒီဘက်ကလည်း ကျနော်တို့ ပြောစရာဆိုစရာရှိတာတွေ အားလုံးကိုလည်း ပြောဆိုတင်ပြပြီးတော့ ကျနော်တို့ တူညီရာလုပ်ငန်းတွေပေါ့နော် လုပ်နိုင်အောင် ဖြစ်နိုင်စရာအကြောင်းရှိတယ်လို့ ကျနော်ကတော့ ယုံကြည်တယ်ခင်ဗျ။”
ဒီလိုတွေ့ဆုံ ဆွေးနွေးမှုတွေကနေ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးရေးကိစ္စ၊ လတ်တလော အရေးတကြီးအဆင့်မှာ ရှိနေတဲ့ တိုင်းရင်းသားဒေသ ငြိမ်းချမ်းရေးဆိုင်ရာ အခြေအနေတွေကို အလျင်အမြန်တိုးတက်အောင် ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က ကြိုးပမ်းမှာဖြစ်တယ်လို့လည်း ဦးတင်ဦးကပြောပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ကို သြဂုတ် ၁၉ရက် သောကြာနေ့မနက်က သွားခဲ့တာဖြစ်ပြီး သမ္မတနဲ့ရော အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေနဲ့ပါ တွေ့ဆုံသလို အစိုးရသစ်က ဦးစီးကျင်းပတဲ့ အခမ်းအနားကို တက်ရောက်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက် ၁၁ နာရီကျော်မှာ နေပြည်တော်ကပြန်လာပြီး ရန်ကုန်ကို ညနေပိုင်းမှာ ပြန်ရောက်ပါတယ်။
နေပြည်တော်မှာကျင်းပနေတဲ့ စီးပွားရေးနဲ့ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကတော့ သြဂုတ်လ ၁၉ ရက်နေ့ကနေ မနက်ဖြန် သြဂုတ်လ ၂၁ ရက် တနင်္ဂနွေနေ့အထိ ၃ ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။
No comments:
Post a Comment