အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ တနင်္ဂနွေနေ့ ပဲခူးတိုင်း
နိုင်ငံရေး ခရီးစဉ်အတွင်း အောင်ဆန်းဂျာမွန်း စာကြည့်တိုက် နှစ်ခုကို ဖွင့်လှစ်ခဲ့သည်။
ပဲခူးမြို့ပေါ်ရှိ ပန်းလှိုင် ၂၃ လမ်းနှင့် သနပ်ပင်မြို့ နဝရတ်ကိုးသွယ်လမ်းတို့တွင် တည်ရှိသည့် ထိုအောင်ဆန်းဂျာမွန်း စာကြည့်တိုက်များတွင် စာအုပ်ပေါင်း ၇,ဝဝဝ ကျော် ရှိသည်ဟုသိရသည်။ ထိုစာကြည့်တိုက်နှစ်ခုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပဲခူးတိုင်းနှင့် ဒေသခံ ပြည်သူများ ဦးဆောင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ စာကြည့်တိုက် တခုစီအတွက် ကုန်ကျစရိတ်မှာ ကျပ်ငွေ ၁၅ သိန်းခန့် ဖြစ်သည်။
စာကြည်တိုက်ရှိ စာအုပ်များတွင် NLD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်ရေးသည့် “ဘာလဲဟဲ့
လူ့ငရဲ”၊ ဒေါ်အောင်ဆန်းစုကြည်၏ “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး” ကဲ့သို့သော စာအုပ်များ အပါအဝင် နိုင်ငံရေး၊ ဘာသာရေးနှင့် ဝတ္ထုစာအုပ်များလည်း စာကြည့်တိုက်တွင် ထားရှိသည်။

ဤစာကြည်တိုက်နာမည်ဖြစ်သည့် အောင်ဆန်းဂျာမွန်း အစပြုလာပုံမှာ
၁၉၈၉ ခုနှစ်၊ ဧပြီလ ၂၇-ရက် နေ့။ နေရာက မြစ်ကြီးနားမြို့။
ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် ခရီးစဉ်အတွင်းဖြစ်သည်။ ရန်ကုန်အပြင်ဘက် တခြားတိုင်းနှင့် ပြည်နယ်များ
ပထမဆုံး နိုင်ငံရေးခရီးစဉ် ကာလ ဖြစ်သည်။
ထိုကချင်ပြည်နယ် စည်းရုံးရေးခရီးစဉ်အတွင်း ကချင်လူထုကြီးက ဒေါ်အောင်ဆန်းစုကြည်အား ‘အောင်ဆန်းဂျာမွန်း’ ဟူ၍ အမည်ပေး ကမ္ဗည်းထိုးကြ၏။ ‘ဂျာမွန်း’ ဟူသည်က ကချင်ဘာသာနှင့် ‘ရွှေဝတ်မှုန်’ ဟူ၍ ဖြစ်သည်။
‘အောင်ဆန်းဂျာမွန်း’ က …. ‘အောင်ဆန်း ရွှေဝတ်မှုန်’။
ထို ၁၉၈၉ ကချင်ပြည်နယ်ခရီးစဉ်က၊ ပြည်သူတွေနှင့် ထိတွေ့သည့်အခါ ဒေါ်အောင်ဆန်းစုကြည်က အဓိက ၂ ခုပြောခဲ့သည်။ ပြည်သူတွေ စိတ်ဓါတ်လုံခြုံရန်နှင့် လူငယ်များသည် အနာဂတ်ပြည်ထောင်စုအတွက် အရေးကြီး
သည် ဆိုသည်များ။
“ကျမတို့အားလုံးဟာ စိတ်ဓာတ် လုံခြုံမှု ရနိုင်မယ့် စနစ်တခုကို ဦးတည်ဖို့ လိုပါတယ်။ စိတ်ဓာတ် လုံခြုံမှုရမှပဲ
စီးပွားရေး လုံခြုံမှုကို ကျမတို့ ရနိုင်မှာပါ။ ဝိုင်းပြီးတော့ နိုင်ငံရေးအရ ကြိုးစားကြပါ၊ ပံ့ပိုးကြပါ၊ ထောက်ခံကြပါ။ ကျမတို့ ပြည်ထောင်စုသစ်ကြီး ထူထောင်ဖို့ဆိုတာဟာ ပြည်ထောင်စု တိုင်းရင်းသားအားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်အောင် ထမ်းဆောင်ကြပါ” ဟု ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီကွန်ကရက်
KNDC ရုံးတွင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် ပြောခဲ့သည်။

၁၉၈၉ ခရီးစဉ်အတွင်း မြစ်ကြီးနားမြို့တွင် ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ပင်လုံပြည်ထောင်စုသစ် လမ်းပြမြေပုံ ရေးဆွဲခဲ့သည့် ဒူးဝါးဇော်ရစ်နှင့် တွေ့ဆုံခဲ့ကာ ပင်လုံလမ်းပြမြေပုံနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။
ဒီနေ့ ၂ဝ၁၁ သြဂုတ် ၁၄ ရက် ပဲခူးခရီးစဉ်တွင် ပြည်သူတွေ စိတ်ဓါတ် ခိုင်မာရန်နှင့် လူငယ်များ စာဖတ်ကြဖို့
ပြောသွားသည်။ ပဲခူးခရီးစဉ်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ အကျယ်ချုပ်မှ လွတ်လာပြီးနောက်
ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်ပြင်ပ ပထမဆုံး နိုင်ငံရေးခရီးစဉ်ဖြစ်သည်။ ၂၂ နှစ်အတွင်း ဒုတိယအကြိမ် ပဲခူးရောက်ခြင်းလည်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ပဲခူးခရီးစဉ်သည်၊ မြန်မာစစ်တပ်နှင့် ကေအိုင်အိုတို့ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်နေ
သည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ဇွန်လ ကတည်းက စဖြစ်ခဲ့သည့် ထိုတိုက်ပွဲများသည်၊ တိုင်းရင်းသား ချစ်ကြည်ရေးနှင့် ပြည်ထောင်စု စိတ်ဓါတ်ကို ထိခိုက်နေပြီး၊ တိုင်းရင်းသား လူနည်းစု နေရာအနှံ့တိုက်ပွဲများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတော့မည် ဆိုသည်ကို စိုးရိမ်နေကြသည်။
ဇူလိုင်လ ၂၈ ရက်နေ့စွဲဖြင့် အိပ်ဖွင့်ပေးစာထဲတွင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ တိုက်ပွဲများကို အမြန်ဆုံးရပ်ဆိုင်းရန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အတွက် သူပံ့ပိုးပေးဖို့ အဆင့်သင့်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
No comments:
Post a Comment