Saturday, July 30, 2011

Facebook နှင့် Twitter တို့ကြောင့် ပင်ကိုယ်သရုပ် ပျောက်နေသည့် မျိုးဆက်

မောက္ခသတင်း

ဖေ့စ်ဘွတ်နှင့် တွစ်တာစသည့် လူမှုကွန်ယက်များကို အသုံးပြုနေသည့် မျိုးဆက်များမှာ စိတ္တဇ ဆန်ဆန် ပြုမူ တတ်ကြခြင်း၊ အာရုံ စူးစိုက်ချိန် လျော့နည်းလာခြင်းနှင့် ရှင်သန်မှုတွင် ကလေးငယ်များကဲ့သို့ အထောက်အကူ

လိုအပ်ခြင်း တို့ကို ရင်ဆိုင် နေရပြီဖြစ်ကြောင်း ထိပ်တန်း သိပ္ပံပညာရှင် တစ်ဦးက ထုတ်ဖော် ပြောကြားလိုက်သည်။

အောက်စဖို့ဒ်တက္ကသိုလ်၊ ဆေးဝါးဗေဒဌာနမှ ပါမောက္ခ Baroness Greenfield က အင်တာနက်ပေါ်တွင် “သူငယ်ချင်းများ” တိုးပွားလာနေပုံ၊ ကွန်ပျူတာဂိမ်းများကို အလွန်အမင်း ကစားလာကြပုံတို့မှာ ဦးနှောက် အလုပ်လုပ်ပုံကို ပြောင်းပြန် ပြန်လည်တည်ဆောက်နေပြီဟု ယုံကြည်ထားသည်။

ရလဒ်အနေဖြင့် စိတ်အာရုံ စူးစိုက်မှု လျော့နည်းလာခြင်း၊ မိမိကိုယ်ကို စိတ်ကျေနပ်မှု အစဉ် လိုအပ်နေခြင်း၊ ပြောဆို ဆွေးနွေးခြင်း - နှုတ်ပြောစွမ်းရည်- ကျဆင်းလာခြင်းနှင့် မျက်လုံးချင်းဆိုင်ပြီး စကားပြောဆိုတတ်မှု အားနည်းလာခြင်းတို့ ဖြစ်ကြောင်းဆိုသည်။

“ကျမ စိုးရိမ်နေတာကတော့ တွစ်တာပေါ်မှာ တင်နေကြတဲ့ ပေါက်ပန်းလေးဆယ်၊ ဘာမဟုတ်၊ ညာမဟုတ်၊ အခြေအမြစ်မရှိတဲ့ အကြောင်းအရာတွေပါပဲ။” တော်ဝင် သုတေသနအသင်းကြီး ဒါရိုက်တာဟောင်း၊ ပညာရှင်က Daily Mail ကို ရှင်းပြခဲ့သည်။

“တစ်ယောက်ယောက် ဒီမနက် ဘာစားခဲ့သလဲ ဆိုတာကို အခြားတစ်ယောက်က ဘာလို့ စိတ်ဝင်စားရမှာတုန်း၊ ကလေး ငယ်ငယ်လေးတွေက ပြောတာလိုမျိုးပါပဲ -မေမေရေ… တားတား လုပ်ထားတာ ကြည့်ပါဦး” “ဟိုဟာလည်းပဲ တားတား လုပ်ထားတယ်။”

“အမှတ်အသား သရုပ်နဲ့ ပတ်သက်ပြီး အတော်ကလေး ပြဿနာ တတ်နေကြပုံပါပဲ။ အချိန်ဆိုတဲ့ ကာလယန္တရားဟာ ပုံစံပျက်ပြီး ဦးနှောက်ထဲမှာ ပျောက်ဆုံးလာနေပုံမျိုး။” Greenfield က ထပ်ပြောပြခဲ့သည်။

အချို့သော ဖေ့စ်ဘွတ်သုံးစွဲသူများမှာ “နာမည်ကျော်” လူတန်းစားဝင်၊ “ဆဲလစ်ဘရစ်တီ” အသေးစားလေးများသဖွယ် မိမိကိုယ်ကို ခံယူလာကြပြီးလျှင် ပိုမို၍ လူကြိုက်များလာ စေချင်ကြပြန်သည်။ အခြားသူများက မိမိတို့ကို နေ့စဉ်ပင် စောင့်ကြည့်နေကြပြီးလျှင် ချီးမွမ်း ထောပနာလည်း ပြုနေကြခြင်းကို လိုလား တောင့်တလျက်။

“ဖေ့စ်ဘွတ် စာမျက်နှာပေါ်တွင် မျက်နှာသာရရန်” အတွက်လည်း ပြုမူ လုပ်ဆောင် နေတတ်ပြန်သည်။ အဘယ်ကြောင့်ဆိုသော် “အခြားသူများက မိမိတို့ကို သိရှိနားလည်နေသည့်ပုံစံ” မျိုးဖြင့်သာ မိမိကိုယ်ကို အဓိပ္ပါယ်ဖွင့်ဆို၊ ရှုမြင်လို့ရခြင်း ရောဂါ စွဲကပ် လာသောကြောင့်ပင်ဖြစ်သည်။

“အစစ်အမှန် မဟုတ်တဲ့ သီးခြား ကမ္ဘာ တစ်ခုမှာ သူတို့ဟာ နေထိုင်နေကြသလိုဖြစ်နေပြီ။ အဲဒီကမ္ဘာမှာ သူတို့က ကိုယ့်ကို ကလစ်လုပ်ပြီး ပုံဖေါ်ထားကြတဲ့ ကမ္ဘာ။” ပညာရှင်သုတေသီက ရှင်းပြခဲ့သည်။


No comments:

Post a Comment