
ရန်ကုန်မြို့ တရုတ်တန်းရှိ ရွှေဆိုင် တဆိုင် (ဓာတ်ပုံ - အေအက်ဖ်ပီ)
“ဒီနေ့ အကယ်ဒမီအခေါက်ရွှေတကျပ်သားကို ၆၉၀၅၀၀ ကျပ်နဲ့ ဈေး စဖွင့်တယ်။ အဓိကကတော့ ကမ္ဘာ့ရွှေဈေး အရမ်း တက်သွားလို့ ပြည်တွင်းဈေး လိုက်တက်တာ။ ကမ္ဘာ့ဈေးက ရွှေတစ်အောင်စကို ၁၇၅၁ ဒေါ်လာ ဖြစ်သွားတာကြောင့်ပဲ” ဟု ရွှေကုန်သည်တဦးက ပြောသည်။
အမေရိကန် ဒေါ်လာတန်ဖိုး ဆက်လက်နိမ့်ကျနေသည့်ကြားမှ ပြည်တွင်းရွှေဈေး ထိုးတက်သွားခြင်းဖြစ်ပြီး ရွှေဈေးအလွန် တက်လာသည့် အခြေအနေကြောင့် ဈေးကွက်တွင် ကြိုရောင်းကြိုဝယ် (လေပတ်ကား) မပြုလုပ်ရန်နှင့် ဈေးကစားခြင်း မပြုလုပ်ကြရန် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းက သြဂုတ်လဆန်းပိုင်းတွင် သတင်း ထုတ်ပြန်ထားသည်။
အမေရိကန် တဒေါ်လာသည် ယနေ့ ၇၅၅ ကျပ်ဈေးသာရှိနေပြီး တန်ဖိုး ဆက်လက် နိမ့်ကျနေကြောင်း သိရသည်။
ရွှေဈေးတက်သော်လည်း ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့ရွှေဈေးထက် နိမ့်ကျနေသေးသောကြောင့် တရုတ်နယ်စပ်မှ အ၀ယ်လိုက်နေသည်ဟု ရွှေကုန်သည်များက ဆိုသည်။
ကမ္ဘာ့ရွှေဈေးကို ပြန်လည်တွက်ချက်ပါက အခေါက်ရွှေ တကျပ်သားတန်ဖိုးမှာ ၇၀၅၀၇၁ .၈၁ ကျပ် ရှိနေသော်လည်း မြန်မာ့ရွှေ ဈေးကွက်တွင် တကျပ်သား ၆၉၀၅၀၀ ကျပ်သာ ရှိသောကြောင့် မြန်မာ့ရွှေဈေးသည် တကျပ်သားလျှင် ကျပ် ၂၀၀၀ နီးပါး ဈေးနိမ့်ကျ နေကြောင်း ရွှေကုန်သည်တဦးက ရှင်းပြသည်။
မန္တလေးဈေးကွက်မှ တရုတ်နယ်စပ်သို့ ရွှေတင်ပို့မှု ပမာဏ များပြားနေသောကြောင့် မန္တလေးရွှေ ဈေးကွက်သည် ရန်ကုန် ရွှေဈေးထက် အနည်းငယ် ဈေးမြင့်နေသည်။
“မန္တလေးဈေးကွက်မှာ အခေါက်ရွှေတကျပ်သား ၆၉၁၀၀၀ ကျပ်လောက်ရှိတယ်။ ရန်ကုန်ထက် ကျပ် ၅၀၀၊ ၁၀၀၀ လောက် ပိုများနေတယ်” ဟု မန္တလေးရှိ အောင်သမာဓိ ရွှေဆိုင် ၀န်ထမ်းတဦးက ပြောသည်။
ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရန်ကုန်၌ အခေါက်ရွှေ တကျပ်သား ၆၈၈၅၀၀ ကျပ် အထိ ဈေးအနည်းငယ် ပြန်လည် ကျဆင်း သွားသည်။
No comments:
Post a Comment