ရန်ကုန် (မဇ္ဈိမ) ။ ။ အလုပ်သမား ၁,ဝဝဝ ခန့် ဆန္ဒပြခဲ့သော ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် စက်မှုဇုန် ၁ တွင် ရှိသည့် FGI အထည်ချုပ် စက်ရုံနှင့် အလုပ်သမားတို့ ပြေလည်မှု ရရှိသွားပြီ ဖြစ်သည်။
တနင်္လာနေ့ နံနက် ၈ နာရီခွဲခန့်က အလုပ်သမားများ၏ ကိုယ်စားလှယ်များ၊ စက်ရုံတာဝန်ရှိသူတို့ကို အလုပ်သမား
ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ရာ ပြေလည်မှုရရှိခဲ့ပြီး ယခုအချိန်တွင် အလုပ်သမားများ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် လုပ်ကိုင်နေကြပြီဖြစ်သည်။
ယခုလ ၆ ရက်နေ့ နံနက် ၅ နာရီခန့်က ယင်းစက်ရုံရှေ့တွင် စီတန်းကာ လုပ်အားခတိုးမြှင့်ပေးရေး အပါအဝင်
အချက် ၅ ချက်ကို တောင်းဆိုခဲ့ပြီး အလုပ်ရှင်ဘက်မှ လိုက်လျောပေးခဲ့ခြင်းကြောင့် ပြေလည်မှု ရရှိခဲ့ခြင်း ဖြစ်သည်
ဟု အလုပ်သမားညွှန်ကြားရေးမှူးရုံးမှ အမည်မဖေါ်လိုသူ ဝန်ထမ်းက ဆိုသည်။
"ပြေလည်သွားပါပြီ ဘယ်လိုပြေလည်လဲဆိုတော့ အလုပ်သမားတွေ တောင်းဆိုတာတွေကို လိုက်လျော
လိုက်တာပါပဲ" ဟု ပြောသည်။
အလုပ်သမားများဘက်မှ လုပ်ခလစာ တိုးပေးရေး၊ အလုပ်ချိန် လျှော့ပေးရေး၊ နားရက်ပေးရေး၊ အချိန်ပိုကြေး
ပေးရေး၊ ရက်မှန်ကြေးပေးရာတွင် လစာများ ဖြတ်တောက်ခံရခြင်း စသည်တို့ကို တောင်းဆိုကြခြင်း ဖြစ်သည်။
အလုပ်သမားများ အနေဖြင့် အလုပ်ရှင် အလုပ်သမား မကျေလည်မှုများ ရှိပါက အလုပ်သမား ညွှန်ကြားရေးမှူးရုံး
သို့ တိုင်ကြားနိုင်ပြီး ဆန္ဒပြမှုများ မလုပ်ကြရန်လည်း အထက်ပါ အလုပ်သမားညွှန်ကြားရေးမှူးရုံးက တာဝန်ရှိသူက
ပြောသည်။
"ကျနော်တို့အနေနဲ့ အတတ်နိုင်ဆုံး အလုပ်သမားတွေကို တခုခုဆန္ဒ ဖေါ်ထုတ်လိုတယ်ဆိုရင် စက်ရုံရှေ့မှာ ရပ်နေတာမျိုးတွေ မလုပ်ဖို့ ပြောခဲ့ပါတယ်။ တကယ်လို့ အလုပ်ရှင်အပေါ် မကျေနပ်တာရှိရင် ကျနော်တို့ကို တိုက်ရိုက်လာတိုင်ပါ" ဟု သူက ဆိုသည်။
No comments:
Post a Comment