မရပ်မနား ရွာသွန်းသည့် မိုးကြောင့်
ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင် ရေလွမ်းမိုးမှု ဖြစ်၍ မြို့နေဒေသခံများ
သွားလာရေး အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရဟု ဆိုသည်။
ယခုအပတ် တနင်္လာနေ့မှ စ၍ မရပ်မနား
ရွာသွန်းခဲ့သည့် မိုးသည် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်၊ လောဓမ
ရပ်ကွက်နှင့် ပန်ကန်း ရပ်ကွက်တို့တွင်ရေလွမ်းမိုးခဲ့ပြီး သိရိမင်္ဂလာဈေး (တောင်ဈေး)နှင့် မိုင်းလုံးဈေးတို့ ပိတ်ပစ်လိုက်ရသည်။
“တောင်ဈေးက ဆန်ဆိုင်လမ်းတလျှောက်မှာ
ဆိုင်တွေတောင် ပိတ်ထားရတယ်။ မိုင်းလုံးမှာလည်း ရေတွေကို လျှံလို့
ဆိုင်ကယ်တောင် မနည်းသွားရတယ်။ မိုးအရမ်းရွာတော့ ရေးကြီးသလို ဖြစ်သွားတယ်”
ဟု လွိုင်ကော်မြို့ခံ တဦးက ပြောသည်။
တဖန် ယမန်နေ့က စပြီး လွိုင်ကော် ပန်ကန်းမှ ဒီမောဆိုမြို့သို့ သွားသော လမ်းမဘေး တလျောက်ရှိ လယ်ယာများ ရေမြုပ်၍ ပျက်စီးဆုံးရှုံးမှု အချို့ရှိသည်ဟု ဒေသခံများက ပြောသည်။
“မနေ့က (သြဂုတ်လ ၁၇ ရက်) ပန်ကန်းကနေ ဒီးမော့ဆိုထိ ရေကြီးတော့ လယ်တွေ မြုပ်ကုန်တယ်။ လယ်စပါးတွေ အကုန်ပျက်ကုန်တယ်။ ဧက ၂၀ လောက်တော့ မြုပ်မယ် ထင်တယ်။ ခုတော့ မကြီးတော့ပါဘူး။ ရေတော့ ကျပြီ မရှိတော့ဘူး။ မြုပ်သွားတဲ့ စပါးခင်းတွေကတော့ ဘာမှ လုပ်လို့ မရဘူး” ဟု ဒေသခံ တဦးက ပြောသည်။
ရေမြုပ်သော နေရာများ၌ ပျက်စီးဆုံးရှုံးမှု မည်မျှ ရှိသည်ကို အတိအကျ မသိရှိရသေးပေ။ လွိုင်ကော်နှင့် ဒီးမော့ဆိုတို့တွင် ယခုလောက် ရေလွမ်းမိုးမှု ယခင်က မရှိခဲဖူးဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။
မြန်မာတနိုင်ငံလုံးတွင် လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးသက်လေပြင်းများ တိုက်ခတ်မည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ပြီးခဲ့သည့် မတ်လကတည်းက သတင်းထုတ်ပြန်ကြေညာထားသည်။

လွိုင်ကော်မြို့ တောင်ဈေးတွင် ရေလွမ်းနေပုံ (ဓါတ်ပုံ-ကယားလီဖု)

No comments:
Post a Comment